ကျွန်တော့်ရဲ့  အမိမြေ ဖြစ်တဲ့ မြန်မာပြည်ကို တခါတခေါက် အလည် ပြန်သွားချိန်ပေါ့ဗျာ..။ အလည် ဆိုပေမယ့်လည်း ကျွန်တော့် ဖေဖေ ကျန်းမာရေးကြောင့်လည်း ပါတာပေါ့ဗျာ..။ ဖေဖေက ခြေထောက် တဖက်ပြန်နာနေတယ် ပြီးတော့ ကျွန်တော်လည်း အမိမြေကို ပြန်မရောက်တာ အနည်းငယ် ကြာပြီ ဆိုတော့ ပြန်ဖြစ် သွားတယ် ဆိုပါတော့ဗျာ..။ ဒါနဲ့  အမိမြေကို ပြန်ရောက်တာနဲ့ အသင့် လာကြိုနေတဲ့ ကျွန်တော့် အစ်မ ဇနီးမောင်နှံ နဲ့  ကျွန်တော့် လေးလေး တို့ ကို အရင်ဆုံးတွေ့ ရပါတယ်...။ သူတို့ က ကျွန်တော်ကို တွေ့ တာနဲ့  အဖွားက အမှာစကား ပါးလိုက်တယ်တဲ့ ..။ ပြန်ရောက်တာနဲ့  ဘယ်ကိုမှ အရင်မသွားပဲ သူ့ အိမ်ကို အရင်ဆုံး လာခဲ့ပါလို့ မှာလိုက်တယ်တဲ့...။ ဒါနဲ့ ပဲ အဖွားအိမ်ကို အရင်ဆုံး ရောက်ဖြစ်ပါတယ်..။ အဖွားအိမ်ရောက်တော့ ကျွန်တော် ပြန်လာမယ်ဆိုတာ သိတဲ့ သူငယ်ချင်းတခို့  နဲ့ ဆွေမိုးအနည်းငယ် က အဖွားအိမ်မှာ စောင့်ကြိုနေပါတယ်..။ ကျွန်တော်လည်း အဖွားဘေးမှာထိုင်ရင်း အဖွားမေးသမျှ ဖြေရင်း အဖွားနဲ့  တော်ကီ ပစ်နေတယ်ဆိုပါတော့ဗျာ..။
အဲဒီအချိန်မှာ ကျွန်တော်နဲ့  ညီအစ်ကို ၀မ်းကွဲ တော်သူ အောင်ဝင်းစိုး ဆိုတာ ရောက်လာတယ်..။ ဘေးမှာလည်း ကလေးတယောက်ကို လက်ဆွဲလို့ ..။ ကလေးကိုကြည့်ပြီး စဉ်းစားမိတာနဲ့ ..။ ကိုကြီး အဲဒါ ကိုကြီးသားလားလို့  မေးလိုက်တော့..။ သူကလည်း ဟုတ်တယ်တဲ့.။ အော်...ကလေးတောင် တော်တော်ကြီးနေပြီနော်လို့ ပြောရင်း တွေးမိတယ်..။ အရင်တခေါက် ကျွန်တော် ပြည်ပကို ပြန်မထွက်ခင်က သူ့ အမေက ဗိုက်ကြီးနဲ့  အခုတော့ တော်တော်တောင်ကြီးလို့  စကားတောင် တတ်နေပြီလို့  တွေးမိတယ်...။ ပြီးတော့ မေးလိုက်တယ်..ကိုကြီး မမရောမပါဘူးလား..မတွေ့ ပါလားလို့ မေးကြည့်တော့..။ မင်း မမ ခလေးမီးဖွားပြီး ဆေးရုံက မနေ့ ကမှ ဆင်းရတယ်..။ အဲဒါကြောင့် မလာနိုင်ဘူး...။ မင်းကိုလည်း အိမ်ကို လာလည်ပါအုံးလို့  မှာလိုက်တယ်..။ ကျွန်တော်လည်း ခေါင်းညိတ်ပြီး မေးလိုက်တယ်..။ ဘာလေးမွေးတာလဲ..ယောင်္ကျားလေးလား..မိန်းခလေးလားလို့ မေးလိုက်တော့...။ ကျွန်တော့် အကိုက မဖြေခင် အကို့ သားက ဖြေတယ်ဗျာ..။ သူ့ ရဲ့  အဖြေကြောင့် အားလုံးဝိုင်းရယ်ကြပါတော့တယ်...။ ခလေးက မပီကလာ ပီကလာနဲ့ ဝင်ဖြေလိုက်ပုံကတော့..
" မီးကလေးလား..ယိကျားလေးလားတော့ တိဝူး...တားတားလိုပဲ ဂွေးတိလေးနဲ့တဲ့... ".....။
တော်တော်လေးကို စကားတတ်တဲ့ ခလေးပဲလို့  ရယ်မောရင်း ပြောလိုက်ပါတော့တယ်...။
*********************************'****************************************************
ပြီးတော့ ကြုံတုံးလေး သတိပေးဦးမယ်ဗို့ .....။
လူကြီးတွေရှေ့ သွားရင် အ၀တ်စားတွေ ၀တ်တာ သေချာဝတ်ပြီးရင် ကိုယ်ဝတ်တဲ့ အဆင်းအရောင်ကို လူကြီးတွေ မျက်စီထဲမှာ သင့်တော်အောင် ၀တ်ပြီးမှ သွားကြပါ...။ တော်ကြာ ကျွန်တော်လို အပြောခံနေရမှာ စိုးလို့ ပါ....။ ဖြစ်ပုံကဒီလိုဗျ........
ပြန်ရောက်ပြီး နောက်နေ့  ကျွန်တော် အဖွားအိမ်ကို သွားတော့ ကျွန်တော် ပါသွားတဲ့ ဂျင်းဘောင်းဘီ ၀တ်သွားတယ်ဗျာ...။ ဘောင်းဘီက ဒီဇိုင်းဘောင်းဘီ အရောင်ကတော့ နက်ပြာရောင်လေး ဒါပေမယ့် ဘောင်းဘီမှာ ချွတ်ဆေးထိထားသလို ၊ နေရောင်ကြောင့် ဆေးမှိန်နေသလိုမိုးတွေ ပါတယ်....။ အဲဒါဝတ်သွားတာ အဖွားကမြင်တော့ ဘာမပြော ညာမပြောနဲ့  ဘေးမှာထိုင်နေတဲ့ လေးလေးကို ပြောလိုက်တယ်..။ အမာစိန်ရေ...နင် ငါမြေးလေးကို ဈေးခေါ် သွားပြီး သူကြိုက်တဲ့ ဘောင်းဘီလေးတွေဝယ်ပေးလိုက်ပါတဲ့ ....သူ့ ခမျာ သနားပါတယ် လောလော လောလောနဲ့ ပြန်လာလို့ လာမသိဘူး ဘောင်းဘီတောင် ၀တ်စရာမရှိဘူးလားမသိဘူး...။ အခု သွားဝယ် ပေးလိုက်ပါဟယ်တဲ့...။ ကျွန်တော်လည်း ဘာပြောရမှန်း မသိဖြစ်သွားတယ်..။ အဲဒီမှာ လေးလေးက ၀င်ပြောတယ်...။ ဟာ...အမေကလည်း အဲဒါသူတို့ လူငယ်တွေ ဒီခေတ်မှာ ၀တ်နေကြတဲ့ ဒီဇိုင်းအမေရ..။ ကျွန်တော်လည်း လေးလေးပြောတာကို ၀င်ထောက်ခံရင်း ....ဟုတ်တယ် အဖွားရ...ဒါသားတို့  ခောတ်မှာ လူငယ်တွေအများဆုံးဝတ်နေတဲ့ ဒီဇိုင်း ဒီခေတ်စတိုင်(လ်) အဖွားရလို့ ပြောတော့...။ အဖွားက ဘာပြန်ပြောတယ်မှတ်လဲ....။
သိပါဘူးအေ...ဒီခေတ်စတိုင်(လ်)လား...ဘာခေတ် စတိုင်(လ်) လည်း ဆိုတာတော့ ...ငါ့မျက်စီထဲမှာတော့..တော်လှန်ရေး ခေတ်တုန်းက ဂျပန်တွေ နှိပ်စက်လို့  ရူးသွားတဲ့ အရူးသန်းမောင် ၀တ်ထားတဲ့ ဘောင်းဘီကျနေတာပဲ ဒင်းကိုမြင်တော့ အရူးသန်းမောင်ကိုတောင် သတိရလာပြီ သနားလိုက်တာ သန်းမောင်ရယ်လို့ ငြီးပြီး...နောက်ငါ့အိမ်လာရင် ဒါမိုးတွေ ၀တ်မလာနဲ့လည်း ပြောလိုက်သေးတယ်...။ သေရောဗျာ..ကိုယ်က စတိုင်(လ်)နဲ့ ဒီခေတ်စတိုင်(လ်) ၀တ်သွားတာ အဖွားနဲ့ တွေမှ တော်လှန်ရေးခောတ်က အရူးသန်းမောင်ကိုဖြစ်ရောဗျာ...။ ဒါကြောင့် အပြောမခံရအောင် အ၀တ်အစားလေးတွေ သေချာဝတ်ပြီးမှ သွားကြဗို့ ........။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်..... ဝေမင်း......)
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
2 comments:
တော်သေးတာပေါ့ ကလေးကတားတား လိုပဲလို့ ဆိုပေလို့ မဟုတ်ပဲ ဦးဦးလိုပဲလို့ ပြောလိုက်ရင်တော့လား ဟားဟား
တော်သေးတာပေါ့ ရှင်
ဟာသလည်းမြောက်တယ် ပြောချင်တဲ့ဟာကိုလည်း တစ်ပါတည်းရေးနိုင်တာ ဖတ်လို့ကောင်းတယ်.