( ၁ )
ည....
ညရောက်ပြီဆိုရင် ကျတော် ဒီချောက်နက်ကြီးထဲကို ပြုတ်ကျနေကျ။ ကူပါကယ်ပါလို့
အကူအညီတောင်းရအောင်လည်း ဘယ်သူကယ်လို့မှ ကျတော် ဒီချောက်နက်ကြီးထဲက
လွတ်မြောက်မှာ မဟုတ်ပါဘူး။ ဒီချောက်နက်ကြီးထဲ ကျတော့ကို ပစ်ချသွားသူကသာ
ကျတော့ကို ကယ်တင်နိုင်စွမ်းမယ့်သူပါ။
"အို...."
ဒါဟာလည်း ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ လတစ်စင်းကို
ရူးသွပ်နေခြင်းသက်သက်ပါ။ တစ်ကယ်ဆို ကျတော် ဒီချောက်ကြီးထဲကို
ပြုတ်ကျရအောင် သူမ ကိုယ်တိုင်ပဲ သံယောဇဉ်ကို ကြိုးဖြတ်ပစ်ခဲ့တာပဲ
မဟုတ်လား။
"ငါ...သိပ်စွဲလန်းခဲ့ရတဲ့ ... တစ်ချိန်တစ်ခါဆီက မျက်နှာလေးရယ် ...
ငါ ... နင့်ကို မမုန်းပါဘူး ...
ခုထိမေ့မရလို့ ... ငါ့ကိုယ်ငါပဲ မုန်းနေတာပါ ... "
ဒီအတွေးနဲ့ ဒီသတိရမှုက ရင်ကိုလာရိုက်ခတ်တိုင်း ရော်ရွက်ဝါလေးတွေလို အချစ်က
တဖွဲဖွဲကြွေတယ်။ ဒီအချစ်ဆိုတဲ့အရာကလည်း ခက်တော့ခက်သား။ သူမခေတဲ့အကြောင်း
အရွက်ကျရာ အပင် ထပေါက်ပြချင်နေတာ။
"လှုပ်ခုန်မနေပါနဲ့ကွယ် ....
ဘယ်လိုပဲ ... ကြိုးစား ... ကြိုးစား...
အသံမြည်လာမယ့် ရင်ခုန်သံတွေမှ မဟုတ်တာ ..."
ဒီလို သတိတရားလေးနဲ့ ကိုယ့်နှလုံးသားလေးကိုယ်နှစ်သိမ့်ရင်း ခိုင်မြဲဖို့
ဖြစ်လာတိုင်း ဖြတ်တောက်ပစ်ခဲ့ရတဲ့ သံယောဇဉ် အပိုင်းပိုင်းအစစတွေ။
ဒီသံယောဇဉ်တွေသာ ကြိုးတစ်ချောင်းအဖြစ် ခိုင်မြဲလာခဲ့ရင် ကျတော်
ဒီချောက်နက်ကြီးထဲက လွတ်မြောက်ခွင့် ရချင်ရလာမှာ။
"အို...."
ဒါလည်း မဖြစ်နိုင်ပါဘူး။ အချစ်က အရွက်ကျရာ အပင်ပေါက်ဖို့ ကြံနေရုံရှိသေး။
ကိုယ်က နောက်ထပ် လတစ်စင်းကို ရူးသွပ်လျင်နေပြန်ပြီ။
"အဝေးက ငေးမျှော်နေခွင့်ရရုံသက်သက်နဲ့ပဲ
တိမ်ညစ်မည်းတွေ မဖုံးလွှမ်းရအောင်
ဆုတောင်းနေတတ်ခဲ့ပြီ လမင်းငယ်"
ငါ ....
ည...ည ...ပြုတ်ပြုတ်ကျနေရတဲ့ အထီးကျန်ဆန်မှုချောက်ကမ်းပါးကြီးတွေ
ဘယ်လောက်နက်နက်ပါ။ ငါ့ အတွက်က ရေခဲတုံးလေးတွေ ရှိနေခဲ့ပြီပဲ မဟုတ်လား။
( ၂ )
ကျတော် ရေခဲတုံးလေးတွေနဲ့ စတင်ရင်းနှီးခွင့်ရတဲ့နေ့က
နှစ်သက်ဖါယ်စကားလေးတစ်ခွန်းရဲ့ ဆွဲဆောင်မှုနောက်ကို လိုက်သွားခဲ့မိတယ်။
"တစ်ကယ်မရောက်ခင် နတ်ပြည်အစမ်းသွားကြည့်ရအောင်ကွာ"
သူငယ်ချင်းက ဆွယ်လာတဲ့စကားလေး။ ကျတော် သိပ်သဘောကျသွားခဲ့မိတယ်။ ည..ည..
ကျတော် ပြုတ်ပြုတ်ကျနေရတဲ့ ချောက်နက်ကြီးတွေဟာ ငရဲလိုပဲမဟုတ်လား။ ခု ..
သူပြောနေတာက နတ်ပြည်။ ပြီးတော့ သူ့မှာ ပါလာတဲ့ရေခဲတုံးလေးတွေ။ ကျတော်
ရေခဲတုံးလေးတွေအပေါ် စတင်စိတ်ဝင်စားသွားမိပြီ။ သူငယ်ချင်းဖြစ်သူကတော့
ရေခဲတုံးလေးတွေအတွက် သူတစ်ယောက်တည်း ရှုပ်ယှက်ခတ်နေအောင် အလုပ်များနေတာ ။
"သူ .... ဘာတွေ လုပ်နေတာပါလိမ့်...
သူ ....ရေခဲတုံးလေးတွေကို ဘယ်လိုများ အသုံးချမှာပါလိမ့် "
သူလုပ်နေသမျှကို တစေ့တစောင်းအကဲခတ်ကြည့်တော့ သိပ်ကို
အနုပညာဆန်တဲ့အလုပ်... သိပ်ကို စိတ်ရှည်လက်ရှည်ထားပြီးလုပ်ရတဲ့အလုပ်။
ပီကယ် (GUM) လေးတွေပေါ်မှာပတ်ထားတဲ့ ငွေစက္ကူပြားလေးတွေကို စက္ကူသပ်သပ်
ငွေပြားပါးပါးလေးသပ်သပ်ဖြစ်သွားအောင် ခွာနေတာလေ။ပြီးတော့ ဆေးထိုးအပ်အရွယ်
ပိုက်လေးသေးသေးလေး ဖြစ်သွားအောင်လိပ်လိုက်ပြီး Gas မီးခြစ်လေရဲ့ gas
ထွက်ရာ ပိုက်ခေါင်းလေးမှာ ထိုးစွပ်လိုက်တာ။
"ဟာ...."
ဒါဆို ရေခဲတုံးလေးတွေဆိုတာကလည်း ကျတော် တက္ကသိုလ်ကျောင်းသားဘ၀ဆီက
နှစ်သက်ခဲ့ဖူးတဲ့ လိမ္မော်သီးလေးတွေလိုပဲနေမှာပါ ။ မိဘပိုက်ဆံ
လက်ဖြန့်တောင်းသုံးနေရတဲ့ ကျတော်တို့ ကျောင်းသားဘ၀ကပေါ့ ။ သူငယ်ချင်းတွေ
နေသာတဲ့အခါ၊ ရေလာတဲ့အခါမျိုးမှာ လိမ္မော်သီးလေးတွေ ၀ယ်စားခဲ့ကြဖူးတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျတော်တို့သိပ်ကြိုက်တဲ့
လိမ္မော်သီးလေးတွေကို တစ်ယောက်တစ်လုံးတောင် ၀၀လင်လင်မစားနိုင်ခဲ့ကြပါဘူး။
ကျတော်တို့ သိပ်ကိုနှစ်သက်ခဲ့ကြတဲ့ လိမ္မော်သီးလေးတွေဆိုတာ ကျတော်တို့
သူငယ်ချင်းတွေကြားမှာသုံးတဲ့ အခေါ်အဝေါ် သက်သက်ပါ ။ တစ်ကယ်တော့ pepsi
ပိုက်လေးထဲမှာ ဟိုဘက်ဒီဘက် မီးပိတ်ပြီး ထုပ်ထားတဲ့ လိမ္မော်ရောင်
အတုံးအခဲလေးတွေသာပဲ။
ကျတော်တို့သူငယ်ချင်းတွေစုပြီး လိမ္မော်သီးသွားစားကြတဲ့နေရာလေးကတော့
မြောက်ဒဂုံထဲက သူငယ်ချင်းတိုက်ခန်းလေးထဲမှာပေါ့ ။
အဲဒီကတည်းက ကျတော့စိတ်ထဲမှာ တိုက်ခန်းနေလူ့အသိုင်းအ၀န်းလေးကို သိပ်သဘောကျခဲ့မိတာ။
"ဟုတ်တယ်...."
တိုက်ခန်းနေ လူ့အသိုင်းအ၀ိုင်းထဲမှာက ကိုယ့်တိုက်ခန်းရဲ့
တံခါးမတစ်ချပ်ပိတ်လိုက်ပြီဆိုတာနဲ့ ပါတ်ဝန်းကျင်ဆိုတာက ကိုယ်နဲ့လုံးဝ
ပါတ်သတ်တော့တာမဟုတ်ဘူး။ ပါတ်ဝန်းကျင်က ကိုယ်နဲ့ လုံးဝမသတ်ဆိုင်တော့တဲ့အခါ
လေကကြီးဆိုတာကိုလည်း ကျတော်တို့ ကြိုက်သလို ပုံဖေါ
်ပိုင်ဆိုင်ခွင့်ရှိကြပြီမဟုတ်လား ။
အဲဒီနေရာလေးမှာ ကျတော်တို့သူငယ်ချင်းတွေစုပြီး စာရိတ္တပျက်ပြားစေတဲ့
ဆိုးဆိုးရွားရွားတွေ ဘာတစ်ခုမှ မလုပ်ခဲ့ကြပါဘူး။
ကျတော်တို့သူငယ်ချင်းတွေစုပြီး သိပ်နှစ်သက်စွဲမက်ဖွယ်ကောင်းတဲ့
လိမ္မော်သီးလေးတွေစားခဲ့ကြရုံသက်သက်ပါ။ ကျတော့စိတ်အတွေးတွေ
တစ်ချိန်တစ်ခါဆီက လိမ္မော်ရောင်အခိုးအငွေ့လေးတွေနောက်
လိုက်ပြီးပျံ့လွင့်နေမိတုန်း သူငယ်ချင်းက ...
"ဟေ့ကောင်..အဆင်သင့်ဖြစ်နေပြီ " ဆိုတော့မှ ပြန်ပြီးသတိဝင်လာတော့တယ်။
ကျတော်ဒီရောက်တော့ ဒီကောင်နဲ့ ပထမဆုံးစခင်ခဲ့တာ။ ခုမှသတိထားမိတာ
ဒီကောင်ရေခဲတုံးလေးတွေ တော်တော်နှစ်သက်ပုံရပါတယ်။
သူအဆင်သင့်ဖြစ်နေပြီဆိုတဲ့ ပစ္စည်းတွေကိုကြည့်လိုက်တော့ ...
"ကြေးဝါရောင် ရေနွေးခရားသေးသေးလေးတစ်ခု "
ရေနွေးခရားလို့သာပြောရတယ်။ တစ်ကယ်ကျတော့ ရေနွေးခရားစစ်စစ်လေးတော့
မဟုတ်ပါဘူး ။ တစ်ကယ့်ရေနွေးခရားရဲ့ ရေနွေးငှဲ့ရာ
နှုတ်သိးကောက်ကောက်လေးနေရာမှာက စင်းလုံးချော ပိုက်လေးတစ်ချောင်း ။
တစ်ကယ့်ရေနွေးခရားရဲ့ လက်ကိုင်ကွင်းနေရာမှာက အဆုံးပိုင်းမှာ
အနည်းငယ်ပြားသယောင်ယောင် နောက်ထပ် ပိုက်ရှည်ရှည်လေးတစ်ချောင်း ။
နှုတ်သီးနေရာက စင်းလုံးချောပိုက်လေးမှာတော့
ဖန်ပြွန်လေးတစ်ချောင်းထပ်စွပ်ထားလေရဲ့။
အဲဒီဖန်ပြွန်လေးရဲ့အလယ်လောက်မှာတော့ .....
"ရေခဲတုံးလေးတွေ....."
"သိပ်ကို စွဲမက်ဖွယ်ကောင်းတဲ့ ရေခဲတုံးလေးတွေ ...."
ကျတော့သူငယ်ချင်းကတော့ သူ့ရဲ့ အထူးပြုလုပ်ချက် Gasမီးခြစ်လေးကို
ခြစ်လိုက်တဲ့အခါ မီးခြစ်လေးရဲ့ Gas ထွက်ရာပိုက်ခေါင်းလေးမှာစွပ်ထားသော
ငွေပြားလိပ်ပိုက်လေးထိပ်မှာ ...
"မီးတောက်လေး ..."
"ဘယ်ကိုမှ မယိမ်းမယိုင်ပဲ တည်ငြိမ်နေတဲ့မီးတောက်လေး ..."
"သေးသေးမှ တစ်ကယ့်သေးသေးလေး ...."
ဘေးကကြည့်နေရတဲ့အမြင်မှာတော့ ငွေဖယောင်းတိုင်သေးသေးလေးထွန်းထားသလိုမျိုး
။ပြီးတော့မှ အဲဒီ မီးတောက်သေးသေးလေးနဲ့ ဖန်ပြွန်လေးထဲက ရေခဲတုံးလေးတွေကို
မီးမြှိုက်လိုက်တဲ့အခါ .... ရေခဲတုံးလေးတွေ တဖြည်းဖြည်း
အသွင်ပြောင်းလာလိုက်တာ ....
"အခဲ ... အရည် ... အငွေ့ "
တစ်ချိန်တစ်ခါဆီတုန်းက ကျတော်တို့သူငယ်ချင်းတစ်တွေ သိပ်ကိုနှစ်သက်ခဲ့တဲ့
လိမ္မော်သီးလေးတွေဆိုတာကလည်း ခုတွေ့နေရတဲ့ ရေခဲတုံးလေးတွေလိုပါပဲ ။
ဒါပေမယ့် ခုလို အခဲ.. အရည်.. အငွေ့ ..တမြည့်မြည့်
အသွင်ပြောင်းရာမှာသုံးဖို့ ဒီလိုကြေးအိုးလေးတွေရှိကြောင်းကိုတော့
ကျတော်တို့ မသိခဲ့ကြပါဘူး။ အဲဒီလောက်အဆင့်ထိတော့ ကျတော်တို့
မကျွမ်းကျင်ခဲ့ကြပါဘူး။ ကျတော်တို့ သုံးခဲ့ဖူးတာက အသားတွေ ငါးတွေ
ကင်ရာမှာ ထုပ်ပိုးအသုံးပြုတဲ့ ဘော်ငွေရောင် မီးခံပြား
အပိုင်းအစလေးတွေသာပဲ။ အဲဒီ ဘော်ငွေရောင် မီးခံပြားစလေးကို ရေတယောက်ပုံ
ခပ်ရှည်ရှည်လေးလိပ်လိုက်ပြီး လိမ္မော်ရောင်အတုံးအခဲလေးတွေတင်လို့ အောက်က
မီးစသေးသေးလေးနဲ့ မြှိုက်ပြီးသုံးခဲ့ကြတာ ။ ကျတော့ စိတ်ကူးလေးထဲမှာ
လိမ္မော်ရောင်အခိုးအငွေ့လေးတွေ တလွင့်လွင့်ရစ်ဝဲနေတုန်း ...
"အားပါး..."
ကျတော့သူငယ်ချင်းပေါ့ ... ဖန်ပြွန်လေးထဲမှာ တလူလူလွင့်ဝဲပျံတက်လာတဲ့
ရေခဲငွေ့လေးတွေကို အနည်းငယ်ပြားသယောင်ယောင်ရှိတဲ့ပိုက်လေးဆီက
တရှိုက်မက်မက် စုပ်ယူစားသုံးနေတာ။ ဖန်ပြွန်လေးထဲက ရေခဲတုံးလေးတွေကို
မီးမြှိုက်နေတဲ့လက်ကလည်း လိုသလို ရှေ့တိုးနောက်ငင်ရွေ့လျှားလို့ ။
ရေနွေးခရားလို ကြေးအိုးသေးသေးလေးထဲမှာတော့ ရေရှိမယ်ထင်ရဲ့ ။
ဖန်ပြွန်စွပ်ထားတဲ့နှုတ်သီးလေးရဲ့ဆန့်ကျင်ဘက် အနည်းငယ် ပြားသယောင်ယောင်
ပိုက်လေးဆီကနေ ရေခဲငွေ့လေးတွေကို စုပ်ယူလိုက်တိုင်း ကလုတ်..ကလုတ်နဲ့
ရေသံလေးတွေ မြည်နေတာ ။ ဒါဆို ဖန်ပြွန်လေးထဲက ရေခဲငွေ့လေးတွေကလည်း
ရေအောက်ကမ္ဘာကို ဖြတ်သန်းခဲ့ကြရမှာပေါ့။ ပြီးမှ ကျတော်တို့ အဆုပ်ဆီက
လေအိတ်လေးတွေထဲ နေရာလပ်မကျန်အောင် ဖြည့်သိပ်သိမ်းဆည်းထားရမှာ ။
ဒါဟာ... တစ်ချိန်တစ်ခါဆီက လျမ္မော်သီးလေးတွေရဲ့ကိုယ်စား ရေခဲတုံးလေးတွေ
.... ဒီရေခဲတုံးလေးတွေရဲ့ ညှို့ချက်ကနေ ရုန်းထွက်ပစ်လိုက်ဖို့ ကျတော့မှာ
သတ္တိမရှိတော့ဘူး ။
"သူငယ်ချင်း
မင်းအခုထည့်ထားတဲ့ အခဲလေးတွေကုန်ရင် ငါ့အလှည့်ကွာ ..."
( ၃ )
"အား ..."
ညည.. ကျတော် ပြုတ်ကျနေကျ ချောက်နက်ကြီးထဲ ထပ်ပြီးပြုတ်အကျ ထုံးစံပတိုင်း
လန့်ဖျပ်အော်မိခြင်းပါ။ ဒါပေမယ့် ချောက်နက်ကြီးထဲ
ဆွဲချသွားမယ့်သောကဆွဲအားတွေက ကျတော့အပေါ်မှာ အရင်ကလို
အကျိုးသတ်ရောက်မှုမရှိတော့ဘူး။ ချောက်နက်ကြီးထဲက စိတ်ကျဆူးတွေကလည်း
ကျတော့ကိုယ်မှာ စိုက်ဝင်ဆူးနစ်လာဖို့ အရင်ကလို အစွမ်းမရှိကြတော့ဘူး။
ချောက်နက်ကြီးထဲ ထုံးစံအတိုင်းပြုတ်ကျသွားရပေမယ့် ကျတော့ကိုယ်ဟာ
ဂွမ်းစလေးလို ၊ တိမ်စိုင်လေးလို ၊ လေထဲ ပေါ့ပါးလွင့်ဝဲလို့။
"ကျေးဇူးပါ ရေခဲတုံးလေးတွေရေ ..."
"ငါ့ကို နတ်ပြည်ရောက်တဲ့အထိ ဆွဲခေါ်သွားကြစမ်းပါ"
တစ်ကယ်တော့ ဒီရေခဲတုံးလေးတွေဟာ သိပ်ကို တန်ဘိုးရှိတဲ့ရေခဲတုံးလေးတွေပါ။
ဘယ်လောက်များတန်ဘိုးရှိသလဲဆိုရင် တစ်ရက်စာလုပ်အားခ အကုန်သုံးပြီး
ဝယ်တာတောင် လောက်ငှတာမဟုတ်ဘူး။ ရေခဲတုံးလေးတွေခေါ်ဆောင်ရာနောက် ကျတော်
စိတ်ရှိလက်ရှိ လိုက်ပါလွင့်မျောနေတုန်း ....
"ကြည့်စမ်း..."
ပြည့်ဝပြီးလို့ ပြန်ပြီးပိန်စပြုနေပြီဖြစ်တဲ့ လစုတ်၊ လပျက်၊ ကျတော့်
အခန်းရဲ့ ပြတင်းပေါက်လေးဆီကနေ ပြူတစ်ပြူတစ်နဲ့ သိက္ခာမရှိ ကျတော့ကို
ချောင်းကြည့်နေတာ ။
"တောက်...."
ကိုယ့်ဒေါသနဲ့ကိုယ် တက်ခေါက်လိုက်မိတာ ချောင်းကြည့်နေတဲ့လမင်းပါ
လန့်သွားတယ်ထင်ရဲ့။ ပြတင်းပေါက်လေးဆီကနေ ခပ်သွက်သွက်လေး
ခုန်တက်ပျောက်ကွယ်သွားတာ။ ပြတင်းပေါက်လေးနားသွားပြီး အပြင်ကလမင်းကို
ဒေါသတကြီး သွားကြည့်မိတော့မှ ရင်ထဲ လမင်းငယ်က တိုးဝင်ရှင်သန်လာတယ်။
"လမင်းငယ်ရယ် ..."
"ဒီအချိန် မင်းသာ ငါ့လို ကောင်းကင်ကြီးကို မော့ကြည့်ဖြစ်ခဲ့ရင်
လမင်းကြီးကို ငါမြင်နေရသလိုပဲ မင်းလည်းမြင်နေရမှာနော်"
ဒီအကြောင်းကို ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်၊ Mail
လေးတစ်စောင်လောက်ပို့ပြီးတော့ပဲဖြစ်ဖြစ် လမင်းငယ်ကို
ပြောပြခွင့်လေးရှိချင်လိုက်တာ။ ကိုယ့်မှာက
ဒီလောက်အခွင့်အရေးလေးတောင်မရှိတော့လည်း ကိုယ့်သတိရခြင်းကို
ကိုယ်တိုင်ပြန်ခေါက်သိမ်းပြီး ဖြေသိမ့်နေတတ်ခဲ့ပါပြီ။
"ငါ့အတွက်က ရေခဲတုံးလေးတွေ ရှိနေခဲ့ပြီပဲ မဟုတ်လား"
( ၄ )
"အလွမ်း..."
ဒီခေါင်းစဉ်လေးနဲ့ ထိထိမိမိ ကဗျာလေးတစ်ပုဒ်လောက်ရေးဖို့ ကြိုးစားနေတာ
အချိန်တွေ တစ်နှစ်ကျော် ကြာသွားခဲ့ပြီ။ ခုထိ ကဗျာတစ်ပုဒ်ဖြစ်လာအောင်
မရေးနိုင်ခဲ့ဘူး ။ ဒါကလည်း သိပ်တော့ မဆန်းပါဘူး။
ကိုယ့်ရင်ထဲကဖြစ်လာတဲ့အလွမ်းကိုတောင် ဘယ်ကဘာကို လွမ်းရမယ်မှန်းမသိတဲ့
အူကြောင်ကြောင် အညံ့စားတစ်ယောက်ပဲ ။ ဖြစ်နိုင်ရင်တော့
ရင်ထဲမှာရှိနေတဲ့အလွမ်းအားလုံး လမင်းငယ်ကိုသာ ပုံချပြီး
လွမ်းပစ်ချင်တာပါ။ အလွမ်းဆိုတာကလည်း တစ်နေရာရာ၊ ဒါမှမဟုတ်
တစ်ယောက်ယောက်ကို လွမ်းမယ်ဆိုရင် အချိန်အတိုင်းအတာလေးတစ်ခုတော့
ရင်းနှီးပါတ်သတ် အကျွမ်းဝင်ခဲ့ဖူးခြင်းရှိရမယ်မဟုတ်လား။
တစ်ခါတစ်လေတော့လည်း ငါနင့်ကို သတိရနေတတ်ပါတယ်ဆိုတဲ့စကားလေးထက်ပိုလို့
လမင်းငယ်အတွက် လွမ်းပိုင်ခွင့်လေးတောင်မရှိတဲ့ကျတော်ပါ။ ကျတော်
ရေခဲတုံးလေးတွေကိုပဲ မက်မက်စက်စက်နှစ်သက် ဖြေသိမ့် နေခဲ့ရတာ မှားလား။
"အလွမ်းဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကဗျာရေးဖို့ ကြိုးစားနေခဲ့တဲ့ အချိန်တွေက
တစ်နှစ်ကျော် ..."
"လမင်းငယ်ဆိုတဲ့ ကောင်မလေးနဲ့ တစ်ယောက်ကိုတစ်ယောက်
သိတယ်ဆိုရုံလေးသိခဲ့ကြတဲ့ အချိန်တွေက တစ်နှစ်ကျော် ..."
ပြန်တွေးကြည့်တော့ တစ်နှစ်ကျော်ဆိုတဲ့ အချိန်တွေဟာ မနက်ဖြန်တွေက
ဒီနေ့ဖြစ် ၊ ဒီနေ့တွေက မနေ့ဖြစ်နဲ့ ဘောင်ခတ်ထားခံရတဲ့
ပန်းချီကားတစ်ချပ်လို ပြစ်ပြစ် နှစ်နှစ် ဆေးရောင်စုံတွေပဲ။
"ပန်းချီဆိုတာက ရုပ်ရှင်မဟုတ်ဘူး ....ရုပ်သေ"
တက်လွယ်ကျလွယ်စိတ်ဓါတ်တွေက အသေ ၊ ပြောနေကျ နေ့စဉ်သုံးစကားလုံးတွေက အသေ ၊
တွေ့မြင်နေကျ အမဲ့ အပြုံးတွေက အသေ ၊ ငိုလွယ်ရယ်လွယ် ခံစားမှုတွေက အသေ ၊
ချစ်ခြင်းမုန်းခြင်းတွေက အသေ၊
တစ်ကယ်လို့များ ရေခဲတုံးလေးတွေသာမရှိရင် ကျတော်ပါ သေသွားမလားပဲ။
မနက်..မနက် .. ကိုယ်လက်အစုံ နာကျင်ကိုက်ခဲတဲ့ဝေဒနာနဲ့ နလန်ထ
လူမမာတစ်ယောက်လို နုံးချိ ပျော့ဖတ်နေရတာ ။ ရင်တွေကလည်း
တလှပ်လှပ်တုန်နေလိုက်တာ ဆောက်တည်ရာမဲ့ ရူးသွပ်သွားချင်တဲ့အထိ။
"ကျတော်သိပါတယ်"
ဒါဟာ ကျတော့ ကိုယ်ခန္ဓာမှာ ရေခဲတုံးလေးတွေလိုနေတဲ့ လက္ခဏာပါ။
နေနိုင်ပါတယ်ကွာဆိုပြီး ဆက်ပေနေလိုက်လို့ကတော့ အဖျားဝင်စလူလို
နှာရည်တရွှဲရွှဲယိုပြီး ခေါင်းတွေ ကိုက်လာရတာ။ ခုဆို
မင်းမှာလက်ကျန်ရှိသေးလားကွာဆိုပြီး ဖုန်းဆက်မေးရမယ့် သူငယ်ချင်းကလည်း
ရေခဲတုံးလေးတွေ ရောင်းဝယ်ဖေါက်ကားမှုနဲ့ပဲ အဖမ်းခံလိုက်ရပြီ။
တစ်ကယ်တော့ ရေခဲတုံးလေးတွေဆိုတာက လမင်းငယ်အတွက် အစားထိုးနှစ်သက်ခဲ့မိတဲ့
ဓားစာခံ သက်သက်လေးတွေသာပဲ ။ လမင်းငယ်ထက်ပိုလို့တော့ ကျတော် ဘယ်အရာကို
မြတ်နိုးနေရဦးမှာလဲ။ ရေခဲတုံးလေးတွေဆိုတာကလည်း ရင်ထဲက လမင်းငယ်ကို
လုံးလုံးလျှားလျှားမေ့သွားဖို့အထိတော့ အစွမ်းမထက်ကြပါဘူး။
လမင်းငယ်နဲ့ဆိုတာကလည်း မဖြစ်နိုင်တာတွေကို ဖြစ်လာဖို့ကြိုးစားရင်း
ကံအခွင့်သင့်လို့ ဖြစ်ခွင့်ရခဲ့တယ်ဆိုဦးတော့ ....
မတူညီခြင်းတွေကို ပေါင်းစပ်လိုတဲ့အဖြေဆိုတာ ပဠိပက္ခနဲ့ ပြသနာတွေပဲ
ဖြစ်နေမှာ မဟုတ်လား။
"နှုတ်ဆက်ခဲ့ပါတယ် လမင်းငယ် "
( ၅ )
ည...
ညရောက်ပြီဆိုရင်
သောကတွေက ဆွဲအားပိုလာမယ်။
ည...
ညရောက်ပြီဆိုရင်
စိတ်ကျဆူးတွေက နိုးထချွန်မြလာမယ်။
ည...
ညရောက်ပြီဆိုရင်
အထီးကျန်ဆန်ခြင်း ချောက်နက်ကြီးထဲကို ပြုတ်ကျရတော့မယ်။
ငါ...
ငါ ရေခဲတုံးလေးတွေလိုတယ်။
ရေခဲတုံးလေးတွေ မရှိတော့ဘူးဆိုရင်
အလင်းရောင်လိုတယ်။
အလင်းရောင်ဆိုတာက လမင်းငယ် ...
လမင်းငယ်ဆိုတာက မျှော်လင့်ခြင်း ...
မျှော်လင့်ခြင်းဆိုတာက
ရယူပိုင်ဆိုင်လိုမှုတွေ စိုးစဉ်းမျှ မပါတဲ့ မြတ်နိုးနေခွင့် သန့်သန့်လေးသာပဲ ။
ဒီစာတစ်ပုဒ်ရဲ့ အဆုံးသတ်အနေနဲ့တော့ ကျတော် လမင်းငယ်အတွက်
စကားလေးတစ်ခွန်းလောက် ပြောခဲ့ချင်ပါတယ် ။
"ရယူပိုင်ဆိုင်လိုမှုတွေ စိုးစဉ်းမျှမပါတဲ့
မြတ်နိုးနေခွင့်သန့်သန့်လေးဆိုတာလည်း အချစ်ပဲမဟုတ်လား လမင်းငယ် "
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... နေလင်းထွန်း......)
"အဖွင့်စကား"
ကျနော်စာမရေး ဖြစ်တာတော့ အတော်ကြာနေပါပြီ ။ ရေးဖို့ လည်း စိတ်ကူးက မရှိဘူး ။ ဒါကြောင့် စိတ်ကိုလေချင်သလိုလေ ပေချင်သလိုပေ ဆိုးပြီးနေခဲ့တယ်။ ဘလော့ခ်လေးကိုလည်း ပစ်ထားလိုက်မိတယ် ။ ဒါကြောင့် ရေးဖော်ရေးဖက်တွေနဲ့  လာလည်နေတဲ့ စာဖတ်သူ သူငယ်ချင်းတွေက ပြောကြတယ် ။ ဝေမင်းတစ်ယောက် အပြင်မှာနေသာလို့  အိမ်ထဲထီးဆောင်းနေတယ်တဲ့ ။ တချို့ ကလည်း ဝေမင်းတစ်ယောက် ရှိမှ ရှိသေးရဲ့  လားတဲ့  ငရဲပြည်များရောက်နေပြီလားလို့  မေးကြတယ် ။ ကျနော်ရှိပါတယ် စာမရေးဖြစ်တာကလွဲလို့ ပေါ့ ။ အခုတော့လည်း ခံစားချက်က ရင်ထဲဝင်ပြီး မီးတောက်လို ဗလောင်ဆူနေရှာတဲ့ နှလုံးသားဝေဒနာသည် တစ်ယောက်ရဲ့  ခံစားချက်ကို ရူထောင့်တစ်နေရာကနေ ပြန်လည်တင်ပြ ထားတာပါ ။ မြည်းစမ်းကြည့်ပါအုံးဗျာ ။
"ဘ၀လမ်းဆုံ....အပိုင်း (၁)"
အထုပ်ဟောင်းထဲက ဓါတ်ပြားတစ်ချပ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်ဆိုတဲ့ ကျနော်ဟာ အချစ်မှာ ကံပဲခေတာလား..ဘ၀ပေးကုသိုလ်ကပဲ မကောင်းတာလားတော့ မသိဘူး ။ ချစ်ခြင်းမေတ္တာ ၊ သံယောဇဉ်တွေကို ၅၂၈ ထက်ကျော်လာပြီး ၁၅၀၀ ထဲကိုဝင်လာပြီ ဆိုတာနဲ့  ချစ်တဲ့သူထားခဲ့လို့  ကျန်ရင်ကျန် မကျန်ရင်တော့ အဆင်မပြေတာတွေနဲ့  လမ်းခွဲ ဒါပါပဲ။ ဒါဆို စာဖတ်သူအနေနဲ့  ပြောလာစရာတွေ မေးချင်လာစရာတွေ ရှိပါလိမ့်မယ်.... " မင်းက မကြင်နာတတ်..မချစ်တတ်လို့ နေမှာပေါ့.." ။ ဒီလိုမေးလာရင်တော့ ကျနော်က ပြန်ဖြေမှာပါ ။ " ကျနော် အရမ်းချစ်တတ်တာပေါ့..ကျနော့် ချစ်သူကို အမြဲတမ်းပျော်နေတာပဲ မြင်ချင်နေသူ တစ်ယောက်ပါ.." ။ (ဥပမာ) သူမကသူမရှေ့မှာ ဖြတ်သွားတဲ့ ကြောင်ကလေးတစ်ကောင်ကို အဲဒါဟာ ကျားတစ်ကောင်ပါ ဆိုရင်တောင် ကြောင်မှန်းသိလျှက်နဲ့  အင်း.. အဲဒါကျားပဲ လှလိုက်တဲ့ကျားကြီးလို့  ပြောပြီး ခေါင်းညိတ်လိုက်တယ် ။ ပြီးရင် သူကျေနပ်နေတဲ့ မျက်နှာလေးကိုကြည့်ပြီး ကျနော်လည်း ပျော်နေတတ်ခဲ့တယ် ။ ဒါပဲလား လို့ မေးရင်တော့...ဘယ်ကလိမ့်မလဲ ထိုင်ရေးရင် ( ၃) ရက်လောက်ရေးရမယ် .. ။ ကဲ..ဒါတွေထားပါ လိုရင်းကို ဆက်လိုက်ရအောင်..။ မဖွင့်တာကြာပြီဖြစ်တဲ့  အထုပ်ဟောင်းထဲက ဓါတ်ပြားတစ်ချပ်ဖွင့်ကြည့် လိုက်ရအောင်..။ မိုတော့တက်နေပြီ.. ။
ကျနော်ငယ်စဉ်က မိဘရင်ခွင်မှာ အေးချမ်းစွာ သာမာန်ကလေးတွေ လူတွေလိုပဲ အချိန်တွေကို ဖြတ်ကျော်လာခဲ့တာပါ ။ အဲဒီလို အချိန်တွေကိုဖြတ်ရင်း..ရင်ခုန်တတ်စအရွယ်ကို ရောက်လာခဲ့တယ် ။ ကျနော်ရင်ခုန်လာတဲ့ ကောင်မလေးက ကျနော်နဲ့  မနီးမဝေးကပေါ့ ။ သူမဘာတွေပဲလုပ်လုပ် ကျနော် မျက်စိဒေါက်ထောက် ကြည့်နေခဲ့မိတယ် ။ ဒါကို သူမလည်း ရိပ်မိပုံပေါ်တယ် ။ သူမဆီကအပြုံး တချို့  ပြန်ပြတယ် ။ ဒါကိုပဲ နွားပြာကြီး အောက်သွားမရှိတဲ့ ပုံစံနဲ့  ကျနော်နေပျော်ခဲ့တယ် ။ ခံစားတတ်လာတဲ့ နှလုံးသားက ၀ါသနာနဲ့ ဗီဇကို မြေတောင် မြှောက်ပေးသလို မတတ်တခေါက်နဲ့  ကဗျာတွေရေးတတ်လာတယ် ။ ဒါဆိုမင်းက ကဗျာဆရာကြီးလားလို့ မေးလာရင်တော့ ..ကျနော်ကဗျာဆရာကြီး မဟုတ်သလို စာရေးဆရာလည်း မဟုတ်ပါဘူး ။ ၀ါသနာနဲ့  ဗီဇကို အရင်ပြုပြီး စာစီကုံးတတ်တာလောက်ပါပဲ ။ အဲဒီတော့ သူမအတွက် ကဗျာတွေရေးတယ် ။ ရင်ထဲရှိသမျှကို ဒဏ္ဍရီလေးအဖြစ်ရေးပြီး သိမ်းဆဲတယ် ။ ကြာလာတော့ နေမြင့်လေ အရူးရင့်လေပေါ့ဗျာ ။ သူမကိုလည်း ပါးစပ်ကဖွင့်မပြောရဲ... ရုပ်ရှင်ထဲက သူကြီးသားလို ရွာထဲက ကြိုက်တဲ့မိန်းကလေး လက်ညိုးထိုးပြီး မိဘရဲ့ သူကြီးပါဝါနဲ့  လိုက်တောင်းခိုင်းလို့ ရရင်လည်းကောင်းသား ။ ဖြစ်ချင်တော့ သူ့ မိဘတွေကလည်း သမီးနဲ့ သားလေးကို အဖေနဲ့ အမေဆီမှာ ထားပြီး နယ်မြေခြားမှာ အလုပ်သွားလုပ်နေသူတွေ...သူကတော့ အဖိုး၊အဖွားနဲ့  နေသူဆိုပါတော့ ။ ကိုယ်တိုင်ကလည်း ပညာမစုံသေးတော့ အိမ်မှာအဲဒါတွေ သွားပြောရင် လိုက်မတောင်းပေးပဲ အဗျင်းတောင်ခံရအုံးမှာ ။
အဲဒီတော့လည်း ဘေး၊ဘယ်ညာက ရှိတဲ့ ဘော်ဒါတွေကို ဖွင့်ပြောပြီး ဘယ်လိုလုပ်ရမလဲတိုင်ပင်တာပေါ့ ။ ဘော်ဒါတွေသိမှတော့ သိတဲ့အတိုင်း အချွန်နဲ့  ပင့်တော့တာပေါ့ ။ ဒါဆို ဖွင့်ပြောလိုက်ရောလားမေးရင်..ဘယ်ရမလဲ ပြောတာပေါ့ဗျ..။ ဖွင့်မပြောခင် သူမကို ကျနော်ရှောင်နေခဲ့တယ် ။ ဒါကို ဘယ်သူက သွားဖွထားလဲတော့ မသိဘူး ။ သူမက ကြိုသိနေပုံရတယ်..ပြောမယ့်နေရောက်တော့ ဘာတွေပြောရမလဲ စဉ်းစားပြီး ပြောမယ့်စကားတွေကို ပုဒ်စာတစ်ပုဒ်လို အလွတ်ကျက်နေမိတယ် ။ ကျနော့်အတွက်တော့ အဲဒီနေ့ တွေဟာ အမှတ်တမှတ်ကနေ အမှတ်တရ ဖြစ်နေခဲ့တဲ့ ရက်တွေပါ ။ သူမကျောင်းကနေ ပြန်လာတာကို ထိုင်စောင့်ပြီး သူမလာတာတွေ့ မှ ရှိသမျှအား အကုန်စိုက်ပြီး သူမအနားရောက်အောင်သွားတယ်။ စာမေးပွဲခန်း ၀င်တော့မယ့် ကျောင်းသားတစ်ယောက်လို ကျနော့်ပုံစံကဖြစ်နေတယ်။ ဖြစ်ချင်တော့ သူမအနားရောက်မှ ခလုတ်ကတိုက်တယ် ။ ကိုယ့်အဖြစ်ကို ကြည့်ပြီး သူမက ရယ်ကျဲကျဲနဲ့  ဘာဖြစ်လာတာလဲတဲ့ ။ ဘာမဖြစ်ပါဘူး ..ငါနင့်ကိုပြောစရာရှိလို့ ပါ ဆိုပြီး ခပ်တည်တည် ပြန်ပြောမိလိုက်တယ် ။ စူးစမ်းတဲ့ မျက်လုံးတွေနဲ့  နင့်စကားက အထူးအဆန်းပါလား...ဘာပြောမလို့ လဲ ပြောလေတဲ့  ။ သူမက ခွင့်ပေးလာပြီ ဆိုတော့လည်း သူယ်ချင်းထက် ကျော်လွန်လာတဲ့ စကားတွေကို ကျနော်ပြောမိလိုက်တယ် ။ နင်ဟာကလည်းဟာ တစ်မျိုးကြီးပါလား..ငါစဉ်းစားပါရစေအုံး ဆိုပြီး ခြေလှမ်းသွက်သွက်နဲ့  လျှောက်ထွက်သွားတဲ့ သူမကျောပြင်ကို ကျနော်ငေးရင်း ဆက်လိုက်မသွားပဲ မတ်တတ်ရပ်ကျန်နေခဲ့တယ် ။ နောက်နေ့ တွေမှာ သူမကျနော့်ကို ရှောင်နေခဲ့တယ် ။ ဒါပေမယ့်သူမ ကျနော့်ကို ကြာကြာရှောင်းပုန်းနေလို့ မရခဲ့ပါ ။
သူမကို ကျနော်ထိပ်တိုက် တွေ့ တဲ့တစ်ရက် အဲဒီနေ့ က သူရိန်နေမင်းတောင် တော်တော်လေး အလင်းဖျော့နေပြီ ။ လူစီကားနေတဲ့ ရပ်ကွက် လူတွေ ဟိုဟိုဒီဒီ သွားနေတာတောင် လေပြေညှင်းကလည်း ခပ်သဲ့သဲ့လေး တိုက်ခတ်နေသလို ခံစားမိတယ် ။ သူမကျနော့်ကိုတွေ့ တော့ ခေါင်းလေးငုံ့ သွားတယ် ။ ကျနော်လည်း ညှင်သာတဲ့ လေသံနဲ့  ခပ်ပြတ်ပြတ်လေးမေးလိုက်တယ် ။ ဘာတွေမေးလိုက်တာလဲလို့  စာဖတ်သူက မေးအုံးမှာလား...ဒါဆိုပြောပြရမှာပေါ့ ။ ငါပြောထားတဲ့ စကားတွေ အတွက် နင်အဖြေကို ငါသိချင်တယ် ။ နင်..စဉ်စားပြီးပြီလားလို့ မေးတော့ သူမခေါင်းလေး ညိတ်ပြရှာတယ် ။ ဒါဆိုရင် နင့်အဖြေကဘာလဲလို့  ဆက်မေးဖြစ်သွားတယ် ။ ဖြေးဖြေးလေး နောက်ထပ်တစ်ခါခေါင်းညိတ်ပြပြီး ..ပြောဖို့ လိုသေးလားဟယ် ဆိုပြီး ခေါင်းငုံ့ ပြီး ခြေလှမ်းမှန်မှန်ဆက်လျှောက်နေရှာတယ် ။ ဒါကိုနားမလည် သလိုလုပ်ပြီး.... ဒါဆိုနင့် အဖြေက ငါ့ကို ချစ်တယ်ပေါ့.... ။ ဘာတွေလာမေးနေမှန်း မသိဘူးဆိုပြီး ရှက်ပြုံးလေးနဲ့  နောက်ထပ်တစ်ခါ ထွက်ပြေးသွားပြန်တယ်...။ ဒါဆိုရင် ရှင်းပါပြီ သူမနဲ့ ကျနော် ချစ်သူတွေ ဖြစ်ခဲ့ကြပြီပေါ့ ..။
ချစ်သူတွေဖြစ်လာတော့ အတူဆုံဖြစ်တဲ့ အချိန်လေးတွေကို ပျော်ရွှင်စွာနဲ့  ဖြတ်သန်းခဲ့ပါတယ် ။ ဘယ်လိုတွေ ဖြတ်သန်းခဲ့တယ် ဆိုတာကိုရေးရင်တော့ အပေါ်မှာ ပြောခဲ့သလိုပဲ (၃) ရက်လောက်ထိုင်ရေးရမှာ ။ ဒီလိုနဲ့  မတတ်တခေါက် ရေးထားတဲ့ ကဗျာလေးတွေကိုလည်း သူမအတွက် လက်ဆောင်မွန်အဖြစ် ပေးအပ်ခဲ့တယ် ။ အမှန်ပြောရရင်တော့ သူမလည်း ကျနော့်ကို အတော်လေး ချစ်ခဲ့ သံယောဇဉ် ရှိခဲ့ပါတယ် ။ သူမနဲ့ ကျနော် လောကကြီးသာယာနေတဲ့ နေ့ တနေ့  ဆည်းဆာချိန်မှာ ကဗျာတပုဒ် ရေးဖွဲ့ ခဲ့ဘူးတယ် ။ ဘာကဗျာလဲလို့ တော့ မမေးနဲ့ နော် စာဖတ်သူရေ...။ ပြောပြ၀ူးးးးးးးးးး...သိချင်ရင် ၀ယ်ဖတ် တစ်ပုဒ် တစ်ထောင်ပဲ...ဟားဟားးးး ။ ဒါဆိုရင် အားလုံးအမြင်မှာ သူမကလည်း ကျနော့်ကို ချစ်တယ်..ကျနော်ကလည်း သူမကိုချစ်တယ် ။ သူတို့ နှစ်ယောက် အပြန်အလှန်ချစ်ကြတယ်..ဒါဆိုရင် "အချစ်စစ်" မကြာခင် သူတို့ တွေ လက်တွဲပြီး ဘ၀ခရီးကို အတူလျှောက်ကြတော့မယ် ။ အဲဒီလိုတွေးရင်တော့ ဒီဇတ်လမ်း ဒီမှာတင် တစ်ခန်းရပ်လို့  နိဂုံးချုပ်သွားလိမ့်မယ် ။
ကျနော်တို့  ချစ်သူနှစ်ယောက် ခွဲခွါရအောင် ကံကြမ္မာဆိုးက ကျနော်တို့ ဘ၀ထဲကို မြန်မာပြည်မှာ တိုက်ခတ်သွားတဲ့  နားဂစ်မုန်တိုင်းလိုပဲ မထင်မှတ်ပဲ ၀င်ရောက်လာတယ် ။ နယ်မြေခြားမှာ အလုပ်သွားနေတဲ့  သူ့ မိဘ နှစ်ပါးက သူ့ တို့ တွေကို လှမ်းခေါ်တယ် ။ အဲဒီလို လှမ်းခေါ်တော့ အားလုံးကလည်း လိုက်သွားဖို့ ကို အမြန်ဆုံးဖြစ်အောင် စီစဉ်နေကြတော့တာပေါ့ ။ ဒီအကြောင်းတွေကို ကျနော်သိလာတော့ သူမကို မေးဖြစ်တယ် ။ အင်း...ဟုတ်တယ် ဖေဖေနဲ့ မေမေက ခေါ်နေပြီတဲ့  ဒါလေးပဲပြောပြီး စကားလွှဲရှာတယ် ။ သူမစိတ်ဆင်းရဲမှာ စိုးတာနဲ့  အဲဒီစကားကို ဆက်မပြောဘဲ ထားလိုက်တယ် ။ ကျနော်သိနေပါပြီ ဒီလောက်ဆို သူမကျနော်ကို ခွဲခွါတော့မှာပေါ့ ။ နောက်ပိုင်းတော့ သူမကျနော့်ကို ရှောင်နေခဲ့တယ် ။ ကျနော်သူမနဲ့  တွေ့ အောင် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပါတယ် ။ ခိုင်လူံမှု့  မရှိတဲ့ အကြောင်းပြချက်တွေနဲ့  သူမရောက်မလာခဲ့ဘူး ။ ကိုယ်ချင်းတော့ စာနာမိတယ်..အဝေးမှာ မတွေ့ တာကြာပြီဖြစ်တဲ့ သူ့ မိဘကို သူလည်းတွေ့ ချင်ရှာမှာပဲ ။ အတူလည်းနေချင်မှာပဲလေ မဟုတ်ဘူးလား ။ ဒီလိုနဲ့  သူမရေမြေခြားသွားရမယ့် ရက်တွေက နီးလာတယ် ။ မထွက်ခင် တစ်ရက်အလိုမှာတော့ သူမက ကျနော့်ကို တွေ့ ချင်တဲ့ အကြောင်းကို ဘော်ဒါနဲ့  ပြောခိုင်းလိုက်တယ် ။ ချိန်းတဲ့အချိန်က မနက် ( ၉း၃၀ )....
နေရာကတော့ ကန်ဘောင်ပေါ။့ သူမချိန်းတဲ့ နေရာကို ကျနော် သွားခဲ့ပါတယ် ။ သူမကျနော့်ကို နူတ်ဆက်တော့မယ် ဆိုတာကိုလည်း သိနေတယ်လေ ။
ဖြစ်ချင်တော့ အဲဒီနေ့  မနက်အစောကြီးထဲက မိုးတွေကလည်း ရွာနေလိုက်တာ ခွဲခွါတော့မယ် ချစ်သူနှစ်ယောက်ကို ၀မ်းနည်းခြင်းတွေနဲ့  နမိတ်ပြပေးနေသလိုပဲ ။ မိုးအေးနေပေမယ့် ကျနော်ရင်ထဲမှာ မအေးနိုင်ခဲ့ဘူး ။ ( ၈း ၀၀ ) နာရီ ကျော်ကျော်လောက်မှာတော့ မိုးတိတ်လို့  နေရောင်မြင်လာတယ် ။ မိုးတိတ်တော့ ကျနော်လည်း ထွက်လာပြီး ချိန်းတဲ့နေရာကို သွားခဲ့တယ် ။ အနည်းငယ်ကြာတော့ သူမရောက်လာတယ် ။ စောင့်နေရတာ ကြာပြီလားတဲ့..မျက်နှာငယ်လေးနဲ့  မေးရှာတယ် ။ သူမအမေးကို ကျနော်မဖြေခင် သူမမျက်နှာကိုကြည့်ပြီး ကျနော် မေးခွန်းပြန်ထုတ်လိုက်တယ် ။ မျက်နှာလည်း မကောင်းပါလား.. ဘာဖြစ်လာတာလဲ ။ ဘာမှပြန်မပြောပဲ နူတ်ဆိတ်ပြီး ကျနော့်ဘေးမှာ လာကပ်ထိုင်တယ် ။ အတန်ကြာနူတ်ဆိတ်နေကြမိတယ် ။ ကန်ရေပြင်ကို ကြည့်ငေးရင်းကနေ တိတ်ဆိတ်ခြင်းကို ကျနော်ကပဲ စတင်ဖြိုခွင်းလိုက်တယ် ။ xxသွားရတော့မှာလား ဘယ်တော့သွားရမှာလဲလို့ မေးမိတယ် ။ အင်း...သွားရတော့မယ် မနက်ဖြန်ဆိုသွားပြီတဲ့ ။ ကျနော်ကြိုတင် ခံစားထားတဲ့ ဝေဒနာတွေဟာ ဒီနေ့ တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာပါပြီ ။ မကြားချင်တဲ့ စကားတွေဖြစ်နေပေမယ့် ကြားနေရပြီလေ. ။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းပြီး ထပ်မေးလိုက်တယ် ။ ဒါဆို လာနူတ်ဆက်တာပေါ့နော် ..။ သူမရဲ့ အဖြေကတော့.. အင်း..ဟုတ်တယ်..လာနူတ်ဆက်တာ သူမအနေနဲ့  မရှိတော့တဲ့နောက်ပိုင်းမှာ သူမကို သတိရနေဖို့  ဆိုတာလောက်သာ ကျနော် ကောင်းကောင်းကြားနိုင်ခဲ့တယ် ။ ကျန်တာတွေ ဘာပြောမှန်းမသိသလို ကျနော့်အနေနဲ့ လည်း ဘာမှ ဆက်မပြောဖြစ်တော့ဘူး ။ မျက်ရည်တွေနဲ့  ဘေးနားကနေ ထွက်သွားတဲ့ သူမကျောပြင်ကို ငေးကြည့်ရင်း အသက်မဲ့သူ တစ်ယောက်လို ထိုင်နေဖြစ်ခဲ့တယ် ။
အချိန်တွေ ဘယ်လောက်ကြာသွားတယ် ဆိုတာတောင် မသိဘူး ။ လေပြေရိုင်း တစ်ချက်က ကန်ရေပြင်ကို တိုက်ခတ်ဖြတ်ကျော်လာပြီး ခန္ဓာကိုယ်လာထိတော့မှ အသိစိတ်ကပြန်ဝင်လာတယ် ။ ဒီတော့မှ ထပြီးအိမ်ပြန်ဖြစ်တယ် ။ အရင်တုန်းကဆို အခုလိုတွေ့ ပြီးပြန်တိုင်း အပြန်လမ်းမှာ နှစ်ယောက်အတူ ပြန်ဖြစ်တယ် ။ အခုတော့ အပြန်လမ်းမှာ ငွေ့ ရည်ဖွဲ့ သောကတွေနဲ့  အတူ လေပြေညှင်းသာ ပခုံးထက် အဖော်ပြုလို့  လိုက်ပါလာတယ် ။ ဒါဆိုအားလုံးအမြင် ကျနော် အသဲကွဲပြီပေါ့ ။ ခင်ဗျားတို့ အမြင် မမှားပါဘူး ကျနော် လက်ခံပါတယ် ။ ကျနော်ချစ်ရတဲ့ သူမတစ်ယောက် ကျနော်ကို စွန့် ခွါသွားပြီဆိုတော့ အသဲကွဲတာပေါ့ဗျာ ။ ဒီလို နဲ့  သူမများ ဆက်သွယ်လာမလားလို့  စောင့်မျှော်နေမိတယ် ။ အချိန်နဲ့  ရာသီတွေ ပြောင်းလွဲခဲ့တယ် ဘာဆိုဘာမှကိုသူမ အကြောင်းမကြားသလို သတင်းသဲ့သဲ့တောင် မရခဲ့ပါဘူး ။ သူမကတော့ ဘယ်လိုနေမယ် မသိပါဘူး ။ ရွှေဝါရောင်ပါးနုနုကို နမ်းလိုက်မိတဲ့ ကျနော်အတွက်တော့ လွမ်းဆွတ်ခြင်း ဒဏ်ရာတွေနဲ့  ပြည့်နှက်နေတာပေါ့ ။ ဒါကြောင့်လည်း အိပ်စက်မရတဲ့  ညတွေနဲ့  မိုးရွာတဲ့ညလေးတွေမှာ...သူမ..မုန်းတဲ့ အလွမ်းအဆွေးကဗျာ လေးတွေကို နိစ္စဓူဝ လူပ်ရှားရုန်းကန်နေရတဲ့  နှလုံးသား တစ်စုံနဲ့  ရေးမိနေတုန်းပဲ ။
အဲဒီအချိန်ကစပြီး ဂဲမှန်ဘူးတဲ့ စာသူငယ် တစ်သေဘူးထိဘူး ပျဉ်ဘိုးနားလည် ဆိုတဲ့ စကားလိုပဲ အချစ်အတွက်ကြောင့် နာကျင်သွားရတဲ့ နှလုံးသားဟာ ရင်ခွင်တံခါးလေး သော့ခတ်ပြီး အိပ်စက်သွားရပါတော့တယ် ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စာသားလက်ဆောင်
{ အချိန်လွန်နောင်တနဲ့ အိမ်ပြန်နောက်ကျသူ....တစ်ယောက်အတွက်တော့
သော့ခတ်ထားတဲ့...ရင်ခွင်အိမ်ရဲ့ ...နောက်ကွယ်က....နာကျင်နေတဲ့.....
အသဲနှလုံးဟာ..မင်းအတွက် တံခါးဖွင့်ပေးဖို့ ရာကြတော့...သော့ပျောက်နေခဲ့ရရှာတယ်..
} စိတ်ကူးယဉ်အတွေး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
"ဘ၀..လမ်းဆုံ" အပိုင်း ( ၂ ) ....မကြာမှီမျှော် ။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)
ကျတော် ပန်းမကြိုက်တဲ့ချစ်သူကို ပန်းပေးပြီးချစ်ရေးဆိုခဲ့ဖူးတယ် ။
ဘာဖြစ်ခဲ့မယ်လို့ ခင်ဗျားထင်လည်း ...?
"ငြင်းဆိုခံလိုက်ရတာပေါ့ဗျာ"
"ပက်ပက် စက်စက်"
ခင်ဗျားအမြင် ကျတော်ကြေကွဲသင့်တယ်လို့ ထင်လား ...?
"နည်းနည်းပေါ့'
နည်းနည်းလေးဆိုပေမယ့် ကျတော် တစ်ကယ်ကိုကြေကွဲခဲ့ရတာပါ ။
ဒါပေမယ့် သူမအချစ်တွေ တစ်စုံတစ်ယောက်ကိုမပေးလိုက်မခြင်း ကျတော် သူ့အချစ်ကိုရဖို့ ကြိုးစားပိုင်ခွင့် ရှိနေသေးတယ်မဟုတ်လား ။
ချစ်တာကို ချစ်တယ်လို့ပြောပြီး တစ်ကြိမ်ငြင်းဆိုခံလိုက်ရရုံနဲ့ နောက်ဆုတ်လိုက်မယ်ဆို ပြောမိတဲ့ ကျတော့အချစ်ဆိုတာက ကောင်းကင်ဆီမှာ ထလက်တဲ့ လျှပ်စီးမှ မဟုတ်တာ။
ဒါကို သူမနားလည်အောင်ကြိုးစားဖို့ ကျတော့မှာ တာဝန်ရှိနေပါတယ် ။
တစ်ကယ်တော့ သူမငြင်းဆိုလိုက်တာဟာလည်း ကျတော့ကိုမှ မဟုတ်တာ ။
သူမငြင်းဆိုလိုက်တာဟာ လွဲမှားမှုတစ်ခုကို ဒါမှမဟုတ် ကျတော့ ညံ့ဖျင်းမှု သက်သက်ကိုပါ ။
ဒါ့ကြောင့် .. ကြေကွဲမှုပါးပါးလေးယစ်မူးလာတဲ့ ရီဝေေ၀ညနေခင်းလေးတစ်ခုမှာပေါ့ ...ကျတော် ကျနေတဲ့စိတ်ဓါတ်တွေကို ပြန်ပြီးကောက်ယူလိုက်တယ် ။
ဟုတ်တယ်လေ ... စိတ်ဓါတ်ဆိုတာ တစ်ကြိမ်ကျရုံနဲ့ ကွဲကြေသွားစရာမှ မဟုတ်တာ။
************
ဒဏ်ရာတိုင်းတွင် နာကျင်မှုရှိသည်ဟု ကျတော်ထင်ပါသည် ။
သို့သော် ဒဏ်ရာသက်သာလာသည်နှင့်အမျှ နာကျင်မှုတို့သည်လည်း သက်သာလာရမည် ။
ဒဏ်ရာပျောက်ကင်းသည့်အခါ နာကျင်မှုတို့သည်လည်း ပျောက်ကင်းရမည် ဖြစ်ပါသည် ။
တစ်ကယ်တမ်းပြောရမည်ဆိုလျှင် ဒဏ်ရာမပျောက်ကင်းမီအချိန်၌ပင် နာကျင်မှုတို့ ပျောက်ကင်းသင့်ပါသည် ။
"အမာရွတ်"
ခင်ဗျားက အမာရွတ် (Scar) အကြောင်းပြောချင်သေးလို့လား ...?
ဒါဆို ကျတော် တစ်ခွန်းတည်း အပြတ်ပြောလိုက်ပါ့မယ် ။
"အချစ်စိတ် ဒဏ်ရာတွင် အမာရွတ် မရှိပါ ။"
တစ်ကယ်တမ်းပြောရလျှင် သူမ၏ ငြင်းဆိုခံလိုက်ရခြင်းအတွက် ကျတော့တွင် ခပ်ပါးပါးလေးတော့ ဒဏ်ရာရခဲ့ပါသည် ။
ထို့ကြောင့် နာကျင်နေရသောအခိုက်အတန့်အတွင်းမျာတော့ ကျတော် သူမကို လုံးဝ မတွေ့လိုပါ ။
သို့သော် ငေးနေကျမျက်ဝန်းလေး၏အငေးထဲတွင်တော့ သူမရှိနေမြဲဖြစ်ပါသည် ။
လူချင်းမတွေ့ဖြစ်ကြသည်မှာ တစ်ပါတ်ခန့်ကြာပြီဖြစ်သော်လည်း သူမ ကျတော့ထံ လုံးဝ ဖုန်းမဆက်ခဲ့ပါ ။
ထိုသို့ သူမဘက်မှ အဆက်အသွယ်လုပ်မလာခြင်းတွင် ကျတော်၏ခေါင်းထဲ၌ အက်ဒီဆင် ပထမဆုံး စမ်းသပ်အောင်မြင်ခဲ့သော မီးသီးလို အတွေးတစ်ခုက ရုတ်တရက် ထ၍လင်းတော့သည် ။
"အချစ်ကိစ္စတွင် တစ်စုံတစ်ယောက်ကြောင့် ဒဏ်ရာရခဲ့သည်ဆိုပါက ထိုဒဏ်ရာအား ထိုတစ်စုံတစ်ယောက် မမြင် မြင်အောင် ပြသရပေလိမ့်မည် ။"
ထို့ကြောင့် ကျတော် သူမဆီ ဖုန်းပြန်ဆက်ဖြစ်ခဲ့သည် ။
သူမကတော့ လတ်တလောဖြစ်ပျက်ခဲ့ခြင်များကို အတိတ်မေ့နေသလိုလို ရွှေပျောက်နေသလိုလိုလုပ်ကာ မသိကျိုးကျွံပြုနေသည် ။
ပြီးတော့ မတွေ့တာကြာပြီဖြစ်ကြောင်းနှင့် ဘယ်ရောက်နေလဲဟုသာ မေးရှာသည် ။
"ကျတော် ဘာပြန်ပြောဖြစ်ခဲ့မယ်လို့ ခင်ဗျားထင်ပါသလဲ"
ဘာမှ မယ်မယ်ရရလုပ်စရာမရှိသော ကျတော့လိုဝေလေလေကောင်မှာ တွေ့ကရာသူငယ်ချင်းနှင့် ၀ါးလားလားလုပ်ခြင်းဖြင့်သာ အချိန်တွေကုန်နေခဲ့ပါသည် ။
သို့သော် .. သူမကိုတော့ ပင်လယ်ဘက် ခရီးထွက်ရန်ပြင်ဆင်နေ၍ မအားလပ်ကြောင်းပြောခဲ့မိသည် ။
သူမက ဘာ့အတွက်ကြောင့်သွားမှာလဲဆိုတာနဲ့ ဘယ်လောက်ကြာမှာလဲလို့တော့မေးရှာသည် ။
ကျတော့တွင်ရှိနေသော ဝေဒနာပြတိုက်တစ်ခုလုံး ပင်လယ်ဘက်ဆီသွားရောက်စွန့်ပြစ်ဖို့ဖြစ်ကြောင်း ကျတော် သူမကို ခပ်ပြတ်ပြတ်ပဲ ပြန်ပြောဖြစ်လိုက်သည် ။
"သူမ တစ်စုံတစ်ရာ ခံစားသွားရလိမ့်မယ်လို့ ခင်ဗျားထင်လား"
ခင်ဗျား အထင်ရှိခဲ့မယ်ဆိုရင် ကျတော်လည်း အဲဒီလို မျှော်လင့်ခဲ့မိတာကိုတော့ မရှက်စတမ်း ၀န်ခံပါသည် ။
တစ်ကယ်တမ်းသူမပြန်ပြောလာတာက "ကောင်းတာပေါ့တဲ့။"
ကုန်းမြေပေါ်မှာ ဝေဒနာပြတိုက်တစ်ခုလုံး စွန့်ပြစ်မယ်ဆိုရင် မြို့တော်စည်ပင်ဥပဒေနှင့် မညီညွတ်သောကြောင့် ပြသနာဖြစ်နိုင်ကြောင်း သူမကပင် ပြန်၍ ရှင်းပြနေသေးသည် ။
ဒါပေမယ့် ဟန်ဆောင်ခြင်းထဲတွင် ဘယ်လိုပဲ သွေးအေးအေးနှင့် ၀င်ရောက်ပုန်းခိုနေစေဦးတော့ သူမ၏ ဆန္ဒတစ်စွန်းတစ်စကိုတော့ ကျတော် တွေ့မြင်လိုက်ရသည် ။
"ပြန်ရောက်လျှင်တော့ ရောက်ရောက်ခြင်းဖုန်းဆက်ပါတဲ့"
သို့သော် ကျတော် ပင်လယ်ဆီ တစ်ကယ်မသွားဖြစ်ခဲ့ပါ ။
ကျတော် သူမဆီ ဖုန်းဆက်ဖြစ်မယ့်နေ့ဟာ ကျတော်ပင်လယ်မှပြန်ရောက်သောနေ့ဟု သူမ အလိုလိုယုံကြည်နေလိမ့်မည် ။
ကျတော်ဖုန်းဆက်ဖြစ်တော့ သူမက တွေ့လိုကြောင်းပြောလာသည် ။
သို့သော် သူမပြောလာသောတွေ့လိုမှုတွင် အကြောင်းပြချက်တစ်ခုနှင့် အကာအကွယ်ယူထားပြီးသားဖြစ်သည် ။
ကျတော် သူမနှင့် မတွေ့ဖြစ်သည်မှာ တစ်လခန့်ကြာခဲ့ပြီ ။
ထို့ကြောင့် ပင်လယ်မှပြန်လာသည်ဆိုသောကျတော် အသားမဲသွားလား ၊ပိန်သွားလား စသဖြင့် မြင်လိုပါသည်ဟု သူမ ပြောလာသည် ။
ကျတော် သူမ၏အလုပ်ပြန်ချိန်လေးတွင် သွား၍ စောင့်နေခဲ့မိပြီ ။
ကျတော့ကိုတွေ့လျှင် တွေ့တွေ့ခြင်းပင် အနည်းငယ်ပို၍ ပေတိပေစုပ်ဖြစ်သွားကြောင်း သူမက အားမနာစတမ်း ပြောပါသည် ။
သူမဆီ ပုံမှန်လာ၍စောင့်နေရန်မလိုသော အချိန်တစ်လခန့်တွင် ကျတော် အပူအပင်ကင်းမဲ့စွာ လေချင်သလို လွင့်နေမိ၍ဖြစ်လိမ့်မည် ။
****************
မုဆိုးလည်း သားကောင်ဖြစ်နိုင်၍ သားကောင်လည်းမုဆိုးဖြစ်နိုင်သည်ဟူသော ကံကြမ္မာတွင် ကံအခွင့်သင့်ခြင်းတစ်ခုတော့ပါရလိမ့်မည်ဟု ကျတော်ထင်ပါသည် ။
ကျတော်၏ ကံအခွင့်သင့်ခြင်းတစ်ခုမှာ ဆူနာမီဖြစ်သည် ။
သို့သော် ထိုကံအခွင့်သင့်ခြင်းတွင် ကျတော့်ကိုယ်ကျတော် မုဆိုးလော သားကောင်လော မခွဲခြားတတ်ခဲ့ပါ ။
"မိမိကိုယ်မိမိတော့ မုဆိုးလို့ပဲ ယုံကြည်ခဲ့တာပေါ့ဗျာ"
ကျတော်ဆူနာမီလို့ပြောတာနဲ့ ဆူနာမီဘာဆိုတာ ခင်ဗျားလည်းသိပြီးသားပါ ။
အဲသည်နေ့က ကျတော် ပင်လယ်မှပြန်ရောက်ပြီးသော ဒုတိယနေ့ဟု သူမ ယုံကြည်ထားတဲ့နေ့။
ကျတော် သူမကိုသွားစောင့်နေကျ ရွှေဝါရောင်ညနေခင်းလေးမှာ ဆူနာမီသတင်းက ပွက်ပွက်ဆူနေပြီဖြစ်သည် ။
ရုပ်မြင်သံကြား သတင်းတွင်လည်း ဆူနာမီ ။
ရေဒီယိုသတင်းတွင်လည်း ဆူနာမီ။
သတင်းစာ ၊ ဂျာနယ် ၊ စာစောင်များမှအစ လူတွေပြောသမျှ စကားအားလုံးသည်လည်းဆူနာမီ ။
နောက်ဆုံး သူမပြောသော စကားလုံးများအားလုံးသည်လည်း ဆူနာမီသာဖြစ်နေတော့သည် ။
သို့သော် ကျတော် ဆူနာမီအကြောင်းလုံးဝ မပြောဖြစ်ခဲ့ပါ ။
ကျတော် ပြောဖြစ်ခဲ့သည်မှာ " ခုတော့ ကိုယ်တစ်ကယ် စိတ်မကောင်းဖြစ်ရပြီကွာ " ဟုသာဖြစ်သည် ။
ထိုအခါ " ဟင် " ဆိုသော စကားလေးတစ်ခွန်းဖြင့် သူမ ရုတ်တရက် တွေဝေသွားခဲ့သည် ။
" ဟုတ်တယ်လေ "
" တစ်ကယ်ဆိုရင် ကိုယ်ပင်လယ်ဆီသွားပြီး စွန့်ပြစ်ခဲ့တဲ့ ကိုယ့်ဝေဒနာလှိုင်းတွေစုပေါင်းပြီး အခုလို လောကသဘာဝအလှနဲ့ လူသားတွေအတွက် အင်အားကြီးမားလှတဲ့ အန္တရာယ်ဆိုးကြီး ဖြစ်လာလိမ့်မယ်လို့ ကိုယ်လုံးဝ မတွေးခဲ့မိဘူး "
ကျတော့ စကားအဆုံးတွင် သူမ လုံးဝ ခေါင်းငိုက်စိုက်ကျသွားတော့သည် ။
ပြီးမှ မပွင့်တပွင့်အသံလေးနှင့်ပြန်မေးလာတာ " ဒါတကယ်ပဲလားရှင် " တဲ့ ။
ကျတော် သူမကို ဘာမှပြန်မပြောဖြစ်ပဲ အဝေးတစ်နေရာကို ခပ်တွေတွေလေး ငေးနေမိလိုက်သည် ။
သူမထံမှ " ခွင့်လွှတ်ပါရှင် " ဟူသော စကားလေးနှင့် နွေးထွေးအိစက်သော သူမ၏လက်အစုံသည် ကျတော့ ညာလက်မောင်းအား ခပ်တင်းတင်းလေး ဆုပ်ကိုင်တောင်းပန်လာသည် ။
"တစ်ကယ်ပါ "
" ပွဲတော်ရာသီ မဟုတ်ပေမယ့် ကျတော့ရင်ထဲ ဘင်ခရာတီးဝိုင်းလှည့်တီနေတာ "
မှတ်မှတ်ရရ အဲဒီနေ့က ဆူနာမီနေ့ပေါ့ ။
သူမ ကျတော့ကို ချစ်သွားခဲ့ပြီလား ....?
ကျတော်တို့ ချစ်သူတွေဖြစ်သွားကြပြီလား ....?
ကျတော်ကိုယ်တိုင် မသိလိုက်ပေမယ့် သူမရဲ့ပါးပြင်ထက်မှာတော့ အဦးဆုံးနှင်းဆီတစ်ခင်းကို ခပ်ပြင်းပြင်းလေး စိုက်ပျိုးပြစ်လိုက်မိသည် ။
္တ္တ္တ္တ္တ................................
"ခင်ဗျား အိပ်မက် မက်ဖူးလား ....?"
"မက်ဖူးတယ်ဆိုရင် အိပ်မက်တစ်ခုကို ခင်ဗျားစိတ်တိုင်းကျ မက်ခွင့်ရဖူးလား....?"
တစ်ကယ်တော့ အချစ်ဆိုတာ ကိုယ်က မက်ခဲ့ရတယ်ဆိုပေမယ့် သူမက်ချင်သလို သူမက်ချင်သလောက်သာ မက်ခွင့်ရတဲ့ အိပ်မက်တစ်ခုပဲ ။
ကျတော် ဒီခံစားချက်တွေကို ကျတော့သူငယ်ချင်း ကျားတစ်ကောင်ကို ပြောပြခဲ့ဖူးတယ် ။
သူပြန်ပြောလာတာက အချစ်ဆိုတာ မတော်တဆ ခလုတ်တိုက်မိကြသလို နာကျင်မှုတစ်ခု မဟုတ်ရင် တစ်သက်စာ အမှားပြင်ဆင်ခွင့်မပါတဲ့ ဇာတ်ညွှန်းတစ်ခုတဲ့ ။
ဒါ့ကြောင့် အိပ်မက်တစ်ခုကို မက်ခွင့်ရနေစဉ် မှာ စိတ်တိုင်းကျ မက်ပိုင်ခွင့်ရှိရမယ်ဆိုသော သူ၏အမြင်နှင့် သူ၏ပြောစကားများတွင် အချစ်၏အရသာမှာ စပ်ပူစပ်လောင် ခါးသီးလှသည် ။
တစ်ကယ်တမ်း ကျတော်ခံစားနေသောအချစ်မှာ သာယာချိုမြိန်ခြင်းသက်သက်များသာ ဖြစ်နေခဲ့သည် ။
ဤတွင် ကျတော်၏နှလုံးသားတစ်နေရာ၌ အဟာရမျှတခြင်းဝေဒနာကို ကျတော် စတင်ခံစားခဲ့ရသည် ။
ဒါကို သူမတော့ မရိပ်မိခဲ့ပါ ။
ထိုစဉ်က ကျားတစ်ကောင်ပြောပြလာသော မကြားဝံ့မနာသာစကားများကို ကြားဝံ့နာသာဖြစ်စေရန် ကျတော် ကျားခေါင်းမျက်နှာဖုံးတစ်ခုစွပ်၍ နားထောင်ခဲ့ရခြင်းဖြစ်သည် ။
သို့သော် ထိုမျက်နှာဖုံးအား ကျတော်ပြန်၍ ချွတ်ခဲ့သော်လည်း ကျတော်၏အသိတရားတွင် ကျားတစ်ကောင်၏ညာဉ်အား ဆက်လက်ဝတ်ဆင်ထားခဲ့မိသည် ။
ပြသနာမှာ ကျတော်သည် သူမအတွက် ကျားစစ်စစ်တစ်ကောင်လည်း မဖြစ်ခဲ့ပါ ။
..................................
ကျတော်ဝတ်ဆင်ထားမိသော ကျားတစ်ကာင်၏ညာဉ်နှင့် သူမကို ခပ်ရဲရဲလေးချစ်တတ်လာသောနေ့ရက်များသည် အရသာကုန်စပြုလာပြီဖြစ်သော ပီကယ် ( Gum ) တစ်ခုလို မာဆတ်ဆတ်နိုင်နေခဲ့ပြီ ။
ဒီလိုနဲ့ သမရိုးကျ မပြေလည်မှုအဖုအထစ်လေးတွေကလည်း အကြီးမားဆုံးတောင်တန်းကြီးဖြစ်ဖို့ အသင့်ပြင်လို့ ။
သာမန် ဝေးကွာမှု တဒင်္ဂလေးတွေကလည်း အဝေးဆုံးကို ဆွဲဆန့်ပြစ်ဖို့ အသင့်ဖြစ်လို့ ။
သို့သော် ကျန်ရှိနေသေးသော ချိုမြိန်ခြင်းတစ်စုံတစ်ရာအတွက် နောက်ထပ် ၀ံပုလွေတစ်ကောင်၏ ညာဉ်ကို ကျတော်
ဝတ်ဆင်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည် ။
" ခင်ဗျားမှာ ချစ်သူတစ်ယောက်ခြင်းစီအတွက် အမှတ်တရနေ့လေးတွေ သိမ်းထားဖူးလား ....? "
ကျတော့မှာတော့ သူမနဲ့ပါတ်သတ်လို့ သိမ်းထားတဲ့ အမှတ်တရနေ့လေးတစ်နေ့ ရှိခဲ့သည် ။
မှတ်မှတ်ရရ အဲဒီနေ့က ဥသြငှက်တစ်ကောင်တောင် ဆိုနေကျအလွမ်းတေးကို မေ့သွားရမယ့် နွေဆိုမှ နွေတဲ့နေ့ ။
သူမ ကျတော့ဆီ ဖုန်းဆက်လာသည် ။
" သူမ အလုပ်နေ့တစ်ဝက်ပဲဆင်းရသည် ... လာကြိုပါတဲ့ "
အဲဒီနေ့က ကျတော်ဝတ်နေကျ ၀ံပုလွေညာဉ်ကို ၀တ်ဆင်ပြီး သူမကို သွားစောင့်နေခဲ့မိသည် ။
သူမနဲ့တွေ့တော့ ထုံးစံအတိုင်းမေးလာတာ " ဘယ်သွားကြမလဲပေါ့ "
တစ်ကယ်တမ်းပြောရလျှင် သွားနေကျ ပန်းခြံတွေဆိုတာက သိပ်ကို ပျင်းဖို့ကောင်းနေခဲ့ပါပြီ ။
သူမပြောနေကျ တွတ်တီးတွတ်တာစကားတွေကိုလည်း ကျတော် တစ်ကယ်ကို ငြီးငွေ့နေခဲ့ပါပြီ ။
ဒါ့ကြောင့်ပဲ ကျတော် သူမနားကိုကပ်ပြီး စကားလေးတစ်ခွန်းပြောဖြစ်လိုက်သည် ။
ဤတွင် လှချင်ယောင်ဆောင်နေသော ရုပ်ဆိုးမလေး သူမထံမှ အနည်းငယ်ပြူးသယောင်ယောင်ရှိသော မျက်ဝန်းအစုံတို့သည် သိသိသာသာကြီး ၀ိုင်းစက်သွားကြသည် ။
သူမထံမှ စကားလုံးတွေ ဆွံ့အသွားတဲ့တစ်ဒင်္ဂလေးမှာတော့ ရွက်ကြွေသံမှတစ်ပါး တစ်နွေလုံး တိတ်ဆိတ်လို့။
ပြီးမှ အင်မတန်မှလေးလံလွန်းလှဟန်ရှိသော သက်ပြင်းချသံတစ်ခုနှင့် သူမ စကားပြန်ပြောလာခဲ့သည် ။
သူမ ပြောလာတာက " ဒါဆိုရင်လည်း လက်ထပ်ကြရအောင်လား ကိုရယ်တဲ့ "
"ခင်ဗျားမှာ ချစ်သူတစ်ယောက် ရှိခဲ့ဖူးလား ...? "
" ရှိခဲ့ဖူးတယ်ဆိုရင် အဲဒီချစ်သူက လက်ထပ်ဖို့ တောင်းဆိုခဲ့ဖူးလား ...? "
"တောင်းဆိုခဲ့ဖူးတယ်ဆို ခင်ဗျား ဘယ်လိုခံစားခဲ့ရလည်း ....? "
ကျတော်ကတော့ ဖုံးကွယ်မရတဲ့ အလိုမကျစိတ်နဲ့ သူမကို အသံခပ်မာမာ ခပ်ဆတ်ဆတ်လေး ပြန်ပြောဖြစ်ခဲ့သည် ။
" မယုံရဲရင် ဒဂုံထဲထိ မလိုက်ခဲ့ပါနဲ့ ခင် "
" ကြိုးတံတားကြီးက လှုပ်စိလှုပ်စိနဲ့ "
" စိတ်ချရတာ မဟုတ်ဖူး "
ကျတော့ စကားအဆုံးမှာတော့ သူမထံမှ " ဟက် " ကနဲ လှောင်၇ယ်သံတစ်ခုနဲ့ သူမပြန်ပြောလာတာ " ဒါဆိုရင်လည်း အိမ်ပြန်မယ်တဲ့ "
ကျတော် အလိုမတူသူကို ဘယ်သောအခါကမှ မသိမ်းသွင်းခဲ့ဖူးပါ ။
သူမက ပြန်မယ်ဆိုတော့လည်း ကျတော်က " အေး .... မင်းပြန်တော့ပေါ့ "
ဒါပေမယ့် ကျောခိုင်းလှည့်ထွက်သွားတဲ့ သူမကျောပြင်လေးကိုတော့ ကျတော် မျက်စိတစ်ဆုံး ငေးနေခဲ့မိသေးရဲ့ ။
သူမကတော့ ကျတော့ကို လုံးဝ ပြန်လှည့်မကြည့်တော့ပါ ။
အဲသည်နေ့က သူမကျောခိုင်းသွားခြင်းသည်လည်း ဘယ်သောအခါမှ ပြန်မဆုံနိုင်တော့သော ကျောခိုင်းခြင်းဖြစ်လိမ့်မယ်လို့ ကျတော် လုံးဝတွေမထားခဲ့မိပါ ။
ထိုသို့ သူမ ကျောခိုင်းသွားပြီးသည့်တိုင် ကျတော် သူမနှင့်တွေ့ဆုံခွင့်ရတိုင်း ၀တ်ဆင်နေကျ ကျားနှင့် ၀ံပုလွေညာဉ်တို့အား ပြန်၍ ချွတ်မထားခဲ့မိပေ ။
ထိုညာဉ်တို့၏ ပရောဂကြောင့်ပင် ကျတော့ကိုယ်ကျတော် ဘာကောင်မှန်း မသိတော့ခြင်းက ခက်နေသည် ။
" တစ်ဆိတ်လောက် "
" ကျေးဇူးပြု၍ "
" ခင်ဗျားသိရင် သေသေချာချာလေး ပြောပြခဲ့စမ်းပါဗျာ "
" ကျတော် ဘာကောင်လည်းဆိုတာကိုပေါ့ "
................................................
ခုတော့ သူမ မရှိတော့ပြီဆိုတဲ့အသိနဲ့ ကမ္ဘာမြေက ဒီရင်ကိုမှ ဆွဲအားပိုနေလား ......?
" လေးလိုက်တာ "
သူမ မရှိတော့တဲ့ ညနေခင်းတွေဟာလည်း ရွှေအိုရောင်မလှပတော့။
သူမ မရှိတော့မှ သူမကို သိပ်တမ်းတနေမိတဲ့အကြောင်း ပြောပြချင်လိုက်တာ။
ဒါပေမယ့် ပြီးခဲ့တာတွေ ပြီးပါစေတော့ ။
" အိမေခင် "ဆိုတာကလည်း ကျောင်းတုန်းကလို ဆရာ၊ ဆရာမ စာမေးခံရတိုင်း ကတုန်ကရင်နဲ့ ကျက်ထားသမျှစာတွေ မေ့သွားတတ်တဲ့ ကောင်မလေးမှ မဟုတ်တော့တာ ။
မကျေနပ်လို့ တစ်ကပြန်စတယ်ပဲထားဦး ... ဘယ်လိုမှ အသစ်ကပြန်စလို့ မရတော့ပြီဖြစ်တဲ့ဇာတ်လမ်း ။
ဇာတ်သိမ်းခန်းပြီးဆုံးခဲ့တာကလည်း တစ်လကျော်ကြာခဲ့ပြီ ။
ခုတော့ ကျတော် သီချင်းဆိုချင်နေသည် ။
ဖြစ်နိုင်လျှင် တယောလေးထိုးပြီး ဝေဒနာကို မျှင်းမျှင်းလေးညည်းချင်နေတာပါ ။
အရင်ကဆို သီချင်းတစ်ပုဒ်ညည်းဖို့ တစ်ညလုံး မူးနေရတဲ့ ကျတော် ။
ခုတော့ ဆိုချင်နေခဲ့တာမှ တစ်ခါတစ်ပါးကမှ မဆိုဖူးတဲ့ တစ်ကယ့် အလွမ်းအဆွေးသီချင်း ။
ဒီလိုနဲ့ ဆောက်တည်ရာမရ ဆွဲကိုင်မိတဲ့ ဂစ်တာတစ်လက်နဲ့ အလွမ်းအဆွေးသီချင်းကို မဆိုညည်းတတ်တော့ ငေးမိငေးရာ ငေးနေခဲ့မိသည် ။
ထိုသို့ ငေးနေမိရာလမ်းမပေါ်မှာပေါ့ လူတွေ ဟိုတစ်စု ဒီတစ်စုနှင့် တစ်နေရာရာ ဦးတည်သွားနေကြတာကို သတိပြုမိလာသည် ။
စိတ်ထဲ နည်းနည်းတော့ ထူးဆန်းသလိုခံစားမိလို့ မျက်မှန်းတန်းမိသူတစ်ယောက်ကို မေးမြန်းစပ်စုကြည့်တော့မှ " ပင်လယ်ရဲ့ မျက်လှည့်ပြပွဲကို သွားကြည့်ကြမလို့တဲ့ "
" တစ်ကယ်ပါဗျာ "
ဘုရားပေးပေး ကျမ်းပေးပေး ကျတော်နေတဲ့မြို့မှာ ပင်လယ် မရှိတာ အသေအချာပါ ။
ကျတော်လည်း စိတ်ဝင်စားသွားမိပြီး ထိုလူတွေနဲ့အတူ လိုက်လျှောက်လာမိတော့သည် ။
တစ်နေရာအရောက်မှာတော့ လူတွေ ညွှန်ပြလာတဲ့ ပင်လယ်ဆိုတာကို ကျတော် အငမ်းမရ လှမ်းကြည့်မိလိုက်သည် ။
အဲဒီမှာ ကျတော့ကို စေ့စေ့ကြည့်နေသော မျက်ဝန်းတစ်စုံနဲ့ ဆုံမိတဲ့အခါ မျက်နှာကို မိုက်တိုင်စန် လက်သီးနဲ့ထိုးလိုက်သလို အမြင်အာရုံတွေ ပြာဝေမှောင်မိုက်သွားရသည် ။
" ဘုရား ... ဘုရား ... "
လူတွေ ၀ိုင်းညွှန်ပြနေကြတာ ကျတော့ရဲ့ သိပ်မကြာသေးသော တစ်ချိန်တစ်ခါဆီက သူမ .... ပြီးတော့ သူမသည် ပင်လယ်ဖြစ်သည်တဲ့ ။
ကျတော် သူမနဲ့ ဇာတ်လမ်းပေအရှည် တစ်နှစ်နီးပါးကြာခဲ့တာတောင် သူမ ပင်လယ်ပါလို့ သိခွင့်မရခဲ့တာ ....
ကျတော် ပင်လယ်ဆီ တစ်ကယ်မသွားဖြစ်ပဲ သူမကို လိမ်ခဲ့ဖူးတာ ....
ခုတော့ မြောက်များလှစွာသော လူတွေကြားထဲ ကျတော်တစ်ယောက်တည်း ဆောက်တည်ရာမဲ့နေခဲ့ရပြီ ။
ဟုတ်မှဟုတ်ပါ့မလားဟူသော သံသယ ...
မဖြစ်နိုင်ပါဘူးဟူသော မယုံကြည်စိတ်တို့ဖြင့် သူမကို နောက်တစ်ကြိမ်ကြည့်မိသောအခါ သူမ ကျတော့ကို ပြုံးပြနေခဲ့သည် ။
သူမ၏ ထိုအပြုံးတွင် ၀ိုင်းအုံငေးကြည့်နေကြသော လူပရိတ်သတ်အားလုံးထံမှ " ဟာ " ကနဲ " ဟင် "ကနဲ အာမေဋိတ်သံများ လွင့်ပျံထွက်ကျလာတော့သည် ။
" ဘာ့ကြောင့်ပါလိမ့် "
ကျတော်နှင့် ကောင်တူဆိုးဖက်ပေါင်းနေကြသော သိုးငယ်တစ်အုပ်ကပင် ကျတော့အား အပြစ်ရှိသူတစ်ယောက်လို ငေါက်ငေါက်ထိုးလက်ညှိုးတွေနဲ့ ၀ိုင်းထိုးနှက်ဖို့ ... ဟားတိုက်လှောင်ရယ်သံတွေနဲ့ ၀ိုင်းအုပ်ဖမ်းဖို့ ကြိုးစားလာကြသည် ။
ထို့ကြောင့် ကျတော် အဲသည်နေရာနှင့်ဝေးရာ အဝေးဆုံးဆီသို့ သွေးရူးသွေးတန်း အရှက်လု ပြေးထွက်ခဲ့ရပြီ ။
ဒါတောင် ခပ်သဲ့သဲ့ စကားသံတစ်ချို့က ကပ်ပါလာသေးရဲ့ ။
" အပြုံးလေးတစ်ချက်တည်းနဲ့တင် သိုးငယ်တစ်ကောင်ကို ကျားခေါင်းမျက်နှာနဲ့ ၀ံပုလွေကိုယ်လုံးဖြစ်သွားအောင် လုပ်ပြစ်လိုက်တာ "
" စွမ်းလိုက်တဲ့ ပြကွက်ကွာတဲ့ "
" တစ်ကယ်ပါဗျာ "
" ကျတော့ကိုယ်ကျတော် သိုးငယ်တစ်ကောင်ဆိုတာကို လုံးဝ မေ့နေမိတာပါ "
ခုတော့ လူပရိတ်သတ်အလယ်မှာ ကျတော်ဘာကောင်ဆိုတာ ဗူးပေါ်သလိုပေါ်ရအောင် သူမ အစွမ်းပြလိုက်ပေမယ့် ကျားခေါင်းမျက်နှာနဲ့ ကျားတစ်ကောင်လို မဟိန်းတတ်တဲ့ ကျတော်ဟာ ၀ံပုလွေညာဉ် နဲ့ ၀ံပုလွေတစ်ကောင်လိုလည်း မအူတတ်ပြန်ဘူး ။
" ဘယ်လိုလဲ "
" ခင်ဗျားကိုယ်တိုင်ကရော ကျတော့ အဖြစ်အပျက်ကို ပြုံးနေသေးလား "
ခင်ဗျားအနေနဲ့ပေါ့ဗျာ ...
တစ်ခါတစ်လေမှာ ရင်ထဲကနှလုံးသားနဲ့ တစ်ချက်လောက် နားစွင့်ကြည့်စမ်းပါ ။
အဲဒီအခါ ....
ရှိုက်ငင်သံ သဲ့သဲ့ကြားရာအရပ်မှာ ချစ်သူအတွက် ဘယ်လိုစိတ်ဝတ်အင်္ကျီကိုမှ ၀တ်ဆင်မထားတော့တဲ့ သိုးငယ်လေးတစ်ကောင် လွမ်းဆွတ်ကြေကွဲနေရတယ်ဆိုတာလေး သိစေချင်တာပါ ။
..................................
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)
သီချင်းတွေကို ၀တ္ထုဖတ်သလို ဖတ်ကြည့်ပါလားဆိုတဲ့ အရိုးရဲ့ သီချင်းတစ်ပုဒ်ကို ကျတော်က အက်ဆေးသဘောမျိုးနဲ့ ပြန်ပြီးရေးထားတာပါ...။
"ဂြိုဟ်ဝင်နေ့"
(၁)
အိမ်လေးတစ်လုံးဖြစ်သည်။
ထိုအိမ်လေးသည် ထောင်ဟုခေါ်သော အိမ်ထောင်လေးလည်းဖြစ်သည် ။
ထိုအိမ်လေးထဲတွင် အသစ်စက်စက်စုံတွဲလေး ထောင်ကျနေခဲ့သည်မှာ နှစ်ဝက်နီးပါးမျှကြာခဲ့ပြီဖြစ်သည် ။
စိတ်တူကိုယ်တူ ကျခဲ့သော ထောင်လေးဖြစ်၍ နှစ်သက်မြတ်နိုးမှုတို့ဖြင့် သာယာနေခဲ့သည် ။
(၂)
ဒူးလေးတစ်လက်ဖြစ်သည် ။
ထိုဒူးလေးသည် ယိုးဒယားမှ မှောင်ခိုဝင်လာသော ခါးချိုးမောင်းတင် ဒူးလေးတစ်လက်ဖြစ်သည် ။
အိမ်လေး၏ ဧည့်ခန်းနံရံပေါ်တွင် သေသပ်လှပစွာ နေရာယူထားသော ဒူးလေးတစ်လက်သည် လက်ဆောင်အဖြစ်ရောက်လာခြင်းဖြစ်သည် ။
လက်ဆောင်ပေးလာသူမှာ နိုင်ငံခြားမှပြန်လာသော neck-tie ခေါ် ကြောင်ရှာသီးဖြစ်သည် ။
သူ၏ ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးတတ်သော ၀ါသနာလေးအား မေ့မသွားပဲ တကူးတကရှာဖွေ၍ လက်ဆောင်ပေးလာခြင်းဖြစ်သည် ။
ထို့ကြောင့်ပင် သူငယ်ချင်းဖြစ်သူ ကြောင်ရှာသီးအား သူ လုံးလုံးလျှားလျှား စိတ်ချယုံကြည်သွားတော့သည် ။
ထို့ကြောင့် ဆုတစ်ခုအတွက် သူနိုင်ကိုယ်နိုင် အပြိုင်ကျဲခဲ့သော အတိတ်ဆီမှ သူတို့၏ဇာတ်လမ်းလေးသည် သူ့အသိတရားတွင် လုံးဝ ပြည်ဖုံးကားချသွားပြီဖြစ်သည် ။
( ၃ )
အိပ်ခန်းလေးတစ်ခန်းဖြစ်သည် ။
သေသေချာချာပြောရသော် အိမ်ထောင်လေးထဲရှိ အိပ်ခန်းလေးဖြစ်သည် ။
ထိုအိပ်ခန်းလေးထဲမှ စုံတွဲလေးသည် သူတို့အိမ်ထောင်မကျမီက ဇာတ်လမ်းလေးအား သတိတရ နောက်ကြောင်းပြန်ပြောဆိုနေကြသည် ။
ထိုဇာတ်လမ်းလေးသည် သူငယ်ချင်းသုံးယောက်ရှိလေသည်ဟူသော ဖြစ်ရိုးထုံးစံ ဇာတ်လမ်းလေးမျှသာ ။
သို့သော် ကြောင်ရှာသီးမှာ ထိုဇာတ်လမ်းလေးထဲမှ ဇာတ်ပို့ ဇာတ်ရံနေရာရောက်သွားရသူဖြစ်သည် ။
သူ ဆုလေးကို ယောက်ျားသ၀န်တိုစိတ်ဖြင့် စကားလေးတစ်ခွန်း မေးဖြစ်ခဲ့သည် ။
" ခု ဒီကောင်တော်တော် ကော်နေတာတွေ့တော့ မောင့်ကိုရွေးခဲ့မိတာ နောင်တမရဘူးလား "
" သူ နိုင်ငံခြားသွားမှာ သိသားပဲ "
" သူ့ကို ချစ်လို့မှ မရတာ "
ဆိုသော ဆုလေး၏အဖြေ မခို့တရို့မျက်နှာပေးလေးနှင့် သူ၏ ရင်ခွင်ထဲတိုးဝင်လာသောအခါ မြတ်နိုးမှုတို့ဖြင့် အသက်ဝင်လာသောအနမ်းတွေ အခန်းလေးထဲ တိတ်ဆိတ်သွားကြသည် ။
( ၄ )
ကြောပိုးအိတ်လေးတစ်လုံးဖြစ်သည် ။
နယ်ကုပ္ပဏီခွဲအတွက် ခေတ္တသွားရောက်ဦးစီးရန် တာဝန်ပေးခြင်းခံရ၍ ခရီးသွားရန်ပြင်ဆင်နေရသည် ။
ဒီအလုပ်လေးဖြင့်သာ အိမ်ထောင်လေးတစ်လုံး ကြိုးစားတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သောကြောင့် ငြင်းဆိုဖို့ရာကလည်း မဖြစ်နိုင်ပြီ။
" ဘယ်လောက်တောင်ကြာမှာလဲ မောင် "
ဆုလေးမှ စိတ်မချဟန်လေးနှင့် ငြိုငြိုငြင်ငြင်လေးမေးလာသည် ။
" တစ်ပါတ်လောက်ပဲကြာမှာပါ "
ထိုစကားလေးကိုသာပြောပြီး ဆုလေးနှဖူးထက် အနမ်းပေးနှစ်သိမ့်ရင်း ကျောပိုးအိတ်လေးနှုတ်ဆက်ထွက်ခွာခဲ့သည် ။
ဒီလိုနှင့် ခဏပြန်ရောက်လာလိုက် ခဏပြန်ထွက်သွားလိုက်ဖြင့် ကျောပိုးအိတ်လေး ခရီးများနေရတော့သည် ။
( ၅ )
ကုပ္ပဏီရုံးခန်းလေးထဲတွင်ဖြစ်သည် ။
အခုတလော ကျောပိုးအိတ်လေးတွင် ဘာတွေလေးလံနေမှန်းမသိပဲ အလိုလိုလေးလံနေရသည် ။
မိသားစုအကြောင်းစဉ်းစားပြန်တော့လည်း မိသားစုအားလုံး အဆင်ပြေပြေ ကျန်းမာကြသည် ။
ဆုလေးအကြောင်း စဉ်းစားပြန်တော့လည်း သူ၏ဆုလေးသည် သူ့နံရိုးတစ်ချောင်းဖြင့် ဘုရားသခင်ဖန်ဆင်းပေးထားသော သူ့ကိုယ်ခွဲစစ်လေးဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ပြီးသား.. ။
ကိုယ်တိုင်တွင် အလုပ်ပင်ပန်းနွမ်းနယ်မှုကြောင့်လားဆိုတော့လည်း မဟုတ်ပါ ။
မမြင်နိုင်သော အကုသိုလ်တရား၏တွဲခိုလာမှုသည် စိတ်တွင်လာရောက်လေးလံနေရသည် ။
သူ ရုတ်တရက် စိတ်ကူးပေါ်လာကာ ဆုလေးထံ ဖုန်းခေါ်လိုက်တော့သည် ။
သို့သော် ဖုန်းကိုင်မည့်သူ မရှိသောကြောင့် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည် ။
သူဦးစီးနေရသောကုပ္ပဏီလေးသည် နယ်တွင်ဟုဆိုသော်လည်း ရန်ကုန်နှင့် ကားစီးချိန် ၃ နာရီလောက်သာကြာသော ခရီးအကွာအဝေးလေးဖြစ်သည် ။
သူအိမ်ပြန်မည် ။
( ၆ )
အိမ်ခြံဝင်းတံခါးဝတွင်ဖြစ်သည် ။
မထင်မှတ်စွာတွေ့လိုက်ရသည်က ခြံဝန်းထဲမှ ကားလေးတစ်စီး ။
ထိုကားလေးသည် ကြောင်ရှာသီး၏ကားဖြစ်သောကြောင့် ဒီကောင်ဘာလို့ရောက်နေတာလဲဟူသောအတွေးလေးဖြင့် စေ့ရုံသာပိတ်ထားသော တံခါးလေးအား သူအသာတွန်းဖွင့်ဝင်ခဲ့သည် ။
( ၇ )
ဧည့်ခန်းလေးထဲတွင်ဖြစ်သည် ။
သောက်လက်စအေးစက်နေပြီဖြစ်သော ကော်ဖီခွက်နှင့် ငါးသုံးလုံးစီးကရက်တိုများက သူ့အား ခရီးဦးကြိုပြုနေကြသည် ။
သူ့စိတ်တို့ ပို၍လေးလံသွားရသည် ။
သူ၏နံရိုးစစ်စစ်လေးဟုယုံကြည်ထားသောဆုလေး ...ပြီးတော့ ကြောင်ရှာသီး ... သူတို့ ဘယ်ရောက်နေကြပါလိမ့် ။
သူတစ်ယောက်တည်း စိတ်ကယောက်ကရက်အတွေးခေါင်နေစဉ် အပေါ်ထပ်အခန်းလေးဆီမှ ရယ်သံလွင်လွင်လေးတစ်ချို့အား သူ နားနှင့်ဆတ်ဆတ်ကြားလိုက်ရသည် ။
ထိုတဒင်္ဂလေးအတွင်း၌ပင် သူ၏တင်းမာသွားသောမျက်နှာ အေးစက်သွားသော ခန္ဓာနှင့် သူ့မျက်ဝန်းအစုံတို့သည် ဧည့်ခန်းနံရံလေးထက်မှ ဒူးလေးတစ်လက်ဆီသို့ ပြေးကပ်သွားကြပြီ ။
အချိန်နေ၀င်ရီတရောလေး သွေးဆာနေသည် ။
( ၈ )
အပေါ်ထပ်အခန်းလေးရှေ့တွင်ဖြစ်သည် ။
သူ၏လက်ထဲတွင် အသင့်မောင်းတင်ထားသော ဒူးလေးတစ်လက်နှင့် သူခြေဖွနင်းရင်းတက်လာသော လှေခါးအဆုံး အိပ်ခန်းလေးထဲတွင် တွေ့လိုက်ရသောမြင်ကွင်းကြောင့် အချိန် စက္ကန့် သုံးရာကြာလောက် သူလောကကြီးအား မေ့လျှော့သွားရသည် ။
အခန်းတံခါးလေးစေ့ပိတ်ထားဖို့ပင် သတိမရနိုင်အောင် အရှက်သိက္ခာမဲ့နေသူနှစ်ယောက်မှာတော့ ကံဆိုးစွာပင် သူ့ကို မမြင်နိုင်ကြပေ။
အလွန်တရာနာကျင်သောခံစားချက်တစ်ခုက သူ့ရင်ထဲမှ တွန်းကန်ပွင့်ထွက်လာသည် ။
ထိုခံစားချက်၏စေ့ဆော်မှုကြောင့်ပင် သူ့လက်တစ်ဖက် ဆန့်တန်းမြောက်တက်လာသည် ။
ပြီးနောက်သူ့လက်ထဲတွင် အသင့်ကိုင်ထားသော ဒူလေးတစ်လက်ဆီမှ လေးညှို့လွှတ်သံတစ်ချက် ပြင်းပြင်းထန်ထန်မြည်ဟီးသွားတော့သည် ။
သားကောင်မှာ ရုတ်တရက် အံ့သြမှုနှင့်အတူ သွေးပျက်ထိတ်လန့်နေသောမျက်နှာနှင့် စကားပြောဖို့ကြိုးစားသည်ပင် ပွက်ကနဲ ပွက်ကနဲ သွေးတွေက ပါးစပ်ဆီမှ တရစပ်လျှံကျလာသည် ။
သူပြောလိုသော စကားလေးကိုပင် ဆုံးအောင်မပြောနိုင်ရှာပဲ ကြောင်ရှာသီးခဗျာ သွေးအလိမ်းလိမ်းဖြင့် ကြမ်းပြင်ပေါ် ကြွေကျသွားတော့သည် ။
ဝှစ်ကနဲ မြည်သံလေးတစ်ချက်နှင့် ချွန်မြလွန်းသောအကုသိုလ်တရား၏ လျှင်မြန်မှုတွင် နောင်တတရားတို့ နောက်ကျခဲ့ရပြီ ။
သူဆုံးဖြတ်ချက်တစ်ခုနှင့် ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်ခေါ်ယူလိုက်သည် ။
( ၉ )
ခြံဝန်းလေးထဲတွင်ဖြစ်သည် ။
ရပ်ကွက်တစ်ခုလုံး ဆူညံသွားအောင် မောင်းဝင်လာသော ၀ါယာလက်ကားသံတို့ သူ့အိမ်ရှေ့လေးတွင်ရပ်တန့်သွားကြသည် ။
သူကြည့်လိုက်တော့ ၀ါယာလက်မီတန်းလေးတင်ထားသော ကားငယ်နှစ်စီး ပြီးနောက် အပြာရောင် သံသေတ္ကာကြီးတစ်လုံးတင်ထားသော ကားခပ်ကြီးကြီးတစ်စီးတွေ့ရသည် ။
ထို အပြာရောင်ံသေတ္ကာကြီးတွင် ပြတင်းပေါက်ဟု ခေါ်ရမည်လားမပြောတတ်သော အပေါက်ကလေးတွေကိုပင် သံဇကာတစ်ထပ် သံတိုင်တစ်ထပ် နှင့်သေချာစွာပိတ်ထားသေးသည် ။
ထိုခဏလေးမှာပင် ၀ါယာလက်ကားငယ်လေးနှစ်စီးပေါ်မှ ကာကီရောင်ဝတ်စုံဝတ်ထားသော လူလေးယောက်ဆင်းလာပြီး သူ့လက်နှစ်ဖက်၏လွပ်လပ်နေခွင့်အား သော့ခတ်ပြစ်လိုက်ကြသည် ။
ပြီးနောက် သူ့အားတံခါးအသင့်ဖွင့်ထားသော အပြာရောင်သေတ္ကာကြီးဆီသို့ ဆွဲခေါ်သွားကြသည် ။
သူ ထိုသေတ္ကာကြီးထဲဝင်ရတော့မည် ။
သူထိုအပြာရောင်သေတ္ကာကြီးထဲမ၀င်မီ သူ၏ဆုလေးကဲ့သို့ အရပ်ရှည်သော .. ဆံပင်ရှည်သော .. အသားဖြူသော ..ယခုထိတိုင် သွေးဆုတ်ဖြူဖတ်နေသော ဆုလေးမဟုတ်သည့် မျက်နှာလေးအား တစ်ချက်စေ့စေ့ကြည့်မိသည် ။
သူမသည် ကြောင်ရှာသီး၏ကောင်မလေးဖြစ်သည် .
ဆုလေး၏အမေသည် သည်မနက်တွင်မှ ရုတ်တရက်ဆေးရုံတင်လိုက်ရခြင်းဖြစ်သည် ။
ထို့ကြောင့် သူမနှင့်ကြောင်ရှာသီးအား အိမ်စောင့်လာနေပေးပါရန် ဆုလေးမှ ဖုန်းဆက်အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း ...
သူမ၏ ကတုန်ကရင် ကြောက်ရွံ့စွာရှင်းပြလာသော စကားများအား သူ ဆုံးအောင်ဆက်၍နားထောင်နိုင်စွမ်းမရှိတော့ပါ ။
သူ အပြာရောင်သေတ္ကာကြီးထဲမ၀င်မီ စာရွက်ခေါက်လေးတစ်ခု လှမ်းပေးရင် သူမကို စကားလေးတစ်ခွန်းပြောဖြစ်လိုက်သည် ။
" ခဏနေရင် မင်း ဆုလေးနဲ့ ငါ့မိဘတွေဆီ အကြောင်းကြားလိုက် "
( ၁၀ )
အပြာရောင်သေတ္ကာကြီးသယ်ဆောင်ရာ လိုက်ပါသွားရပြီဖြစ်သော သူ့ရင်ထဲတွင် စကားလေးတစ်ခွန်းရှိနေသည် ။
" လက်နက်တစ်ခုခုပေါ့ဗျာ ... ဖြစ်နိုင်ရင် ဒုတ် .. ဓားကအစ အိမ်မှာဆောင်ထားတတ်တဲ့ ၀ါသနာနဲ့ဗီဇ ခင်ဗျားတို့မှာ မရှိကြပါနဲ့ဗျာ "
ထိုစကားလေးသည် တစ်လောကလုံးရှိ သူလို လူသားယောက်ျားအားလုံးအတွက် သူ့ရင်ထဲမှ အထပ်ထပ်ပြောနေမိသော စကားလေးသာ ဖြစ်တော့သည် ။
ချွန်မြလွန်းသော အကုသိုလ်တရား၏လျှင်မြန်မှုတွင် အလွန်တရာနောက်ကျခဲ့ရပြီဖြစ်သော နောင်တ တရား၏အခန်းကျဉ်းလေးထဲ၌ နှစ်ပေါင်းအတော်ကြာ ပင်ပန်းခဲခက်စွာ သူနေထိုင်ရှင်သန်ရတော့မည် ။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)
ဒီဝတ္ထုတိုလေးဟာ..ကျွန်တော်ကိုယ်
တိုင် ရေးတာတော့မဟုတ်ပါဘူး။ ကျနော်ရဲ့ အကိုလို သူငယ်ချင်းလို ခင်မင်ရတဲ့ ကိုနေလင်းထွန်းရေးပြီးတော့ ကျနော့်ရဲ့ဘလော့ခ်လေးမှာ တင်ခိုင်းထားတာပါ။ ကျနော်လည်း အခုတလော အလုပ်တွေကလည်းရှုပ်၊အပျင်းလေးကထူနေတာနဲ့  အခုမှပဲရေးဖြစ်တော့တယ်ဗျာ။ ဇတ်လမ်းရဲ့ ခေါင်းစဉ်ကတော့ လန်းတယ်နော်.."ခွေးမြို့တော်"တဲ့။ ခေါင်းစဉ်ကလန်းသလို ဇတ်လမ်းလေးကလည်း လန်းပါတယ်။
"ခွေးမြို့ တော်"
ကြက်ဖြစ်ရင်ကွယ်..ငှက်ဖြစ်ရင်ကွယ်...တစ်ကိုင်းတည်း နားချင်တယ်" ဟူသော သီချင်းစာသားလေးကိုသာ ကြားဖူးသည်။
သူဒီမြို့ ကိုရောက်မှ "ခွေးဖြစ်ချင်တယ်....ခွေးဖြစ်ရင်ကွယ်ဟု...."
ပြောင်းဆိုရမလို ခွေးမြတ်နိုးခြင်း ယဉ်ကျေးမှု ထွန်းကားလှသောမြို့ ဖြစ်သည်။
အချိန်ညနေစောင်းပြီဆိုလျှင် ခွေးကြောင်းထွက်လာကြသော စကပ်တိုတို ၊ ဘောင်းဘီတိုတို ဖြူဖွေးသွယ်လျှ လှပခြင်းလေးတွေသည်..ဆိုင်မဖွင့်မီ သူတို့ ၏ ညနေစာတွင် မရှိမဖြစ်လိုအပ်လာသော အဟာရလေးများဖြစ်လာသည်။ ဖြတ်မောင်းသွားသော ကားလေးတစ်စင်း၏ ခေါင်းခန်းထဲတွင် လူလူချင်းအတူတူ ငေးနေရုံသက်သက် လှရက်နိုင်လွန်းသူတွေ၏ ဘေးတွင် မတန်မရာ ပါသွားသူကခွေး...သူတို့ လေးတွေ တယုတယအပြုအစုလေးတွေကို မတောင်းပဲပြည့်တဲ့ဆုနဲ့  အပိုင်စားရထားသူက ခွေး...သူ့စိတ်တွင် တခါတလေတွေးမိသည်။
သူတို့ လေးတွေ၏ Boy friend တွေပင် ဒီခွေးတွေလောက် ဂရုစိုက်ခြင်း ခံကြရပါလေစဟု..။
သူ၏အတွေးတွင် တစ်ခါတစ်ခါ လူစင်စစ်ကနေ ခွေးပင်ဖြစ်ချင်နေမိတော့သည်။ အကြောင်းမှာ သူတို့ လေးတွေ၏ စိတ်လိုလက်ရ အနမ်းတွေကိုလည်း ထိုခွေးတွေကသာ ပိုင်စားရထားသောကြောင့်ဖြစ်သည်။
သူအလုပ်ရ၍ ရောက်ရှိလာသော မြို့ လေးသည် လူကုံထံမြို့ လေးဖြစ်လည်။
ထိုမြို့ လေးမှ လူကုံထံ သား၊သမီးတို့ ၏ ဂုဏ်တု၊ဂုဏ်ပြိုင်ခြင်းထဲတွင် ပကာသနတစ်ခုအဖြစ် နေရာယူထားသောအရာမှာ ခွေးများသာဖြစ်ကြသည်။
သူ၏ စိတ်တွင် ထိုခွေးများကို ကျိတ်၍မနာလို ဖြစ်မိသော်လည်း ထိုခွေးများ အကြောင်းကို သူကိုယ်တိုင်ပင် တစေ့တစောင်း စိတ်ဝင်စားမိတော့သည်။
ထိုကြောင့်ပင် အလုပ်နားရက်ရသောတစ်နေ့ မှာတော့ ခွေးနှင့် ခွေးအစားအစား၊ ခွေးအဆောင်အယောင်ရောင်းသော ခွေး Mini Market လေးသို့  သူကိုယ်တိုင် မယောင်မလည်နှင့် လျှေက်ကြည့်မိတော့သည်။
ဤတွင် "အားပါးပါး....ကမြင်းမသားခွေးများ"ဟုပင် သူ့စိတ်တွင် ကျိတ်၍ အဘိစာပွါးမိတော့သည်။
သူ၏ တစ်လစာ လုပ်အားခထက် သာလွန်နေသော ခွေးတစ်ပါတ်စာ အစာဗူးမျာ ၊ ခွေးဆပ်ပြာ ၊ ခွေးရေမွှေး ၊ ခွေးအမွှေးများ ဖြီးသင်ရန်ဘီး ယုတ်စွအဆုံး တစ်နှစ်မှာ နှစ်ခါသုံးခါလောက်သာ သူ shopping ထွက်ဖြစ်တဲ့အခါတိုင်း သူ့အိမ်ကို အဆင်မပြေမှုမျိုးစုံ အကြောင်းပြ သူစိတ် ဒုန်းဒုန်းချပြီး ၀ယ်ခဲ့ဖူးသော အ၀တ်အစားတွေထက် အဆများစွာ တန်ဖိုးကြီးနေသော ခွေးဝတ်စုံများကြေင့်ဖြစ်သည်။
ဝယ်သူရှိ၍သာ ရောင်းသူရှိနေခြင်းမှာလည်း သိပ်ကိုသေချာသော နိယာမဖြစ်၍ ဘယ်လို လူစားတွေက ၀ယ်ကြသလဲဟူသော သိလိုစိတ်တို့ ကိုသာ ကြိတ်၍ မျိုသိပ်ခဲ့ရသည်။
"ဘုရားရေ"
ခွေး Mini Market ထဲ ဆေးခန်းတွေ့ ၍ ကြည့်မိကာမှ သူ့မှာ ဘုရားပင်တရတော့သည်။
ခွေးနှလုံးရောဂါ အထူးကု၊ခွေးမီးယပ်နှင့် သားဖွားအထူးကု၊ခွေးသွားရောဂါအထူးကု.....စသည်ဖြင့် ခွေးအထူးကု လူဆရာဝန်ပေါင်းများစွာ၏ ဆေးခန်းအစုအဝေးကို တွေ့ မိသောကြောင့်ဖြစ်သည်။
ခွေးတကောင်ချင်းစီ၏ တန်ဖိုးကိုကြည့်မိသောအခါတွင် သူ့ကိုယ်သူ လူတယောက်ထံသွားရောင်းလျှင်ပင် အနိမ့်ဆုံးခွေးတကောင်၏ တန်ဖိုးလောက်ပင် ရနိုင်ပါ့မလားဟု သံသယ ပွါးချင်စရာဖြစ်ရတော့သည်။ သူဒီခွေးများကို ဆက်၍ စိတ်မ၀င်စားချင်တော့ပေ။
ထို့ကြောင့် "ဒင်းတို့ တွေ တန်ဖိုးကြီးသင့်ပါတယ်" ဟုသာ ကောက်ချက်ချ၍ ခွေး Mini Market ထဲမှ ပြန်ထွက်လာခဲ့တော့သည်။
ဤခွေးမြို့ တော်တွင် သူ လာ၍ အလုပ်ရခြင်းကပင် လူစင်စစ်ဖြစ်ရက်နဲ့  ခွေးတကောင်လောက်မျှပင် တန်ဖိုးမရှိတော့ပြီလားဟူသော အတွေးလေးဖြင့် ခွေးသခင်မလေးတွေကို ငေးရင်း သူ့စိတ်တွင် ခွေးတွေကိုသာ မုန်းတီးအားကျနေမိတော့သည်။
သူ အလုပ်ရသောဆိုင်လေးတွင် နိုင်ငံခြားဖြစ် အရက်၊၀ိုင်၊ဘီယာနှင့် ဥရောပ အစားအစာမျိုးစုံရောင်းပါသည်။ ထိုမြို့ လေး၏ ယဉ်ကျေးမှု အခေါ်ဝေါ်ဖြင့် ပြောရလျှင် Pub ဟုခေါ်သော စားသောက်ဆိုင် အမျိုးအစားလေးဖြစ်သည်။
သူ ဒီနေ့ အလုပ် လုပ်တာ တက်ကြွနေသည်။
အကြောင်းမှာ မွေးနေ့ ပါတီ အတွက် သီးသန့် VIP အခန်းလေးထဲတွင် Booking လုပ်ထားသော ၀ိုင်း တစ်ဝိုင်းအား စောင့်ကြည့်ရန် တာဝန်ကျ၍ဖြစ်ပါသည်။
ထိုသို့ သော ၀ိုင်းများအား စောင့်ကြည့်ခွင့်ရပါက service ကောင်းလျှင်ကောင်းသလို သူတို့တွင် အပိုမှန့် ဖိုးလေးများ မျိုးမျိုးမြတ်မြတ် ရတတ်သောကြောင့်ဖြစ်သည်။
ည(၇) နာရီ Bokking လုပ်ထားသော ၀ိုင်းလေးသည် (၇)နာရီခွဲကျော်မှ လူစုံတက်စုံ ရောက်ရှိလာတော့သည်။
သို့သော် အချိန်နောက်ကျ၍ ကျွဲမြီးတိုနေသော သူ၏စိတ်တို့  ပြန်လည် ရှည့်ဆန့် လာရတော့သည်။
အကြောင်းမှာ (၁၀)ယောက်ဝိုင်းတစ်ဝိုင်းတွင် သုံးယောက်သာ ယောင်္ကျားလေးပါသော်လည်း ကျန်(၇)ယောက်မှာ လှရက်နိုင်လွန်းသော ခွေးသခင်မလေးများဖြစ်ကြသည်။
လူတို့ ၏ မွေးနေ့ ပါတီတွင် ဒင်းတို့ ၏ ခွေးများမပါလျှင် မပြီးရော့သလားဟုပင် သူတွေးနေမိတော့သည်။
ထို(၇)ယောက်ထဲမှ ထူးထူးခြားခြားလေး တစ်ယောက်သည် မွေးနေ့ ရှင်ဖြစ်ဟန်တူသည်။
သူမလေးသည် သုံးလွှာပါသော မီနီစကပ်လေးနှင့် ၀တ်ထားသော အင်္ကျီမှာလည်း စွပ်ကျယ်ဟုပင်ပြောရမလား.. မြန်မာပြည်မှ အရွယ်ရောက်စ မိန်းခလေးများ အောက်ခံဝတ်တတ်သော ရှင်မီးအင်္ကျီဟုပင်ပြောရမလား မသိသော အင်္ကျီရင်လျားလေးနှင့်ဖြစ်သည်။
ထူးခြားသောဝိသေသလေး တစ်ခုမှာ ၀င်းဝါအိညက်သော သူမ၏လက်ပြင်ထက်မှ အနီ၊အနက် နှစ်ရောင်စပ် လိပ်ပြာပုံ တက်တူးလေးဖြစ်သည်။ ထိုလိပ်ပြာလေးသည် သူမ၏ အင်္ကျီ ကြီုးလေးမှာ နားနေသယောင် ဆွဲဆောင်နိုင်လွန်းလှသည်။
"ဂွိ"
ဘာကို သွားရည်ကျမှန်းမသိပဲ အလုံးလိုက်မျိုချ မိလိုက်သော သူ၏တံတွေးမျိုသံဖြစ်သည်။
သို့ သော် သူကိုယ်တိုင်မှလွဲ၍ တစ်ခြားဘယ်သူမှ မကြားနိုင် မသိနိုင်သော အသံဖြစ်သည်။
သူမလေးတို့ သည် ဆိုင်ရှင် Ms-ရိတ်ကြီး ၏ today special အမည်တပ်ထားသော တစ်ပါတ်အတွင်း အရောင်းထိုင်း စားသောက်ဖွယ်ရာများကို Booking လုပ် ဈေးကြီးပေး၍ သောက်စားကြရင်း ရယ်သံလွင့်လွင့်များ တွတ်တွတ်ထိုးသံလေးများ ပျော်ရွှင်စည်းကားနေတော့သည်။
သူမတို့  စားသောက်ပြီး၍ Brithday cake လှီးမည့် အချိန်ဖြစ်သည်။
သူအလုပ်သော ဆိုင်လေးတွင် မွေးနေ့ ပါတီများအတွက် ထူးခြားချက်လေး တစ်ခုရှိသည်။
ထိုထူးခြားချက်လေးမှာ မွေးနေ့ ရှင်များ ယူလာသော မွေးနေ့ ကိတ်အား သူတို့ စားသောက်နေချိန်တွင် ဆိုင်မှယူ၍ သိမ်းထားပေးပြီး မွေးနေ့ ကိတ်လှီးတော့မည့်ဆိုမှ ပြန်ထုတ်ပေးခြင်းဖြစ်သည်။
ထိုသို့ ထုတ်ပေးရာတွင်လည်း လက်ဖြင့်ယူ၍ သွားပေးခြင်းမျိုးမဟုတ်ပါ။
ဆိုင်မှ ဖယောင်းတိုင်ထွန်းပေးပြီးသား မွေးနေ့ ကိတ်လေးအား အထူးပြုလုပ်ချက်ဖြင့် အလှဆင်ထားသော တွန်းလှည်းလေးပေါ်တင်၍ မတိမ်းမစောင်း အထိန်းအကြောင်း ပိုင်နိုင်စွာဖြင့် ဆိုင်ဝန်ထမ်းမှ တွန်းထွက်လာချိန်တွင် ဆိုင်ရှိ လင်းအားကောင်း မီးများအားလုံးကို မှိတ်ပြစ်လိုက်သည်။
ပြီးမှ လင်းတစ်ချီ မှိတ်တစ်လှည့် ရောင်စုံမီးများနဲ့ အတူ Happy brithday နောက်ခံတီးလုံးလေး ဖွင့်ပေးခြင်းဖြစ်သည်။ သူအင်မတန်မှ မြင်ပြင်းကတ်လှသော ဆိုင်ရှင် Ms-ရိတ်ကြီး၏ တစ်ခုတည်းသော လေးစားစရာ အိုင်ဒီယာလေးဖြစ်သည်။ ဒီလိုနှင့်သူ Brithday cake လှည်းလေး တွန်းထွက်လာခဲ့ပြီ။ သူသိသိသာသာ တစ်မျိုး မသိမသာတစ်ဖုံ အမျိုးစုံရှုထောင့်စုံမှ ငေးနေမိသောထူးထူးခြားခြားလေးတို့  စားပွဲပေါ်သို့  သူ Brithday cake လေးအား အသာအယာ သေသပ်စွာတင်ပေးလိုက်သည်။
ဤတွင် ကျန်က(၉)ယောက်သောသူတို့ဆီမှ Happy brithday to you ဟူသော ဆုတောင်းသီချင်းလေး ချိုလွင်စွာ လွင့်ပျံ့လာတော့သည်။
သို့သော် ထိုမွေးနေ့ ကိတ်လေးပေါ်မှ Doni ဟူသော နာမည်လေးက သူ့ အားအတွေးများစွာပေးနေသည်။
ထို Doni ဆိုသော နာမည်လေးမှာ သူမွေးနေ့ ရှင်ဟု ထင်ထားသော ထူးထူးခြားခြားလေး၏ နာမည်ပဲလား။
သို့ သော် ထို့ သို့ သော နာမည်မျိုးသည် မိန်းခလေးတယောက် နာမည်မဖြစ်နိုင်ဟုလည်း သူခံစားသိနေသလိုလိုရှိသည်။ ဒီလိုဆိုရင်ဖြင့် အဝေးတနေရာသို့  ရောက်နေသော သူလေးချစ်သူ၏ မွေးနေ့ အား သူလေးမှ အားအားယားယား လုပ်ပေးခြင်းပေပဲလား....။
သူ၏အတွေးတို့  အဆုံးမသတ်ခင်လေးမှာပင် အဆုံးသတ်သွားသော မွေးနေ့ ဆုတောင်းသီချင်းလေးနဲ့ အတူ ထူးဆန်းလွန်းသော မြင်ကွင်းလေးတစ်ခုကြောင့် သူ့ စိတ်တွင် "သေပြီ...ဆရာ" ဟု အခါသန်းတစ်ရာလောက်ပင် ထိုင်အော်ပြစ်ချင်သွားတော့သည်။
မြန်မာပြည်ရှိ မော်ဒယ်သရုပ်ဆောင်များ အားလုံး လဲသေရလောက်အောင် လှရက်နိုင်လွန်းသော ထူးထူးခြားခြားလေးသည် အလွန်ပျော်မြူးတက်ကြွသော အမှူအရာလေးနှင့် Happy Brithday Doni ဟုဆိုကာ သူမ၏ခွေးလေးအား ပွေ့ ကာဖက်ကာနှင့် Mouth to mouth brithday kiss ပေးလိုက်သောကြောင့်ဖြစ်သည်။
လျှာတစ်လစ်ထွက် နောက်ထပ် အတွန့် တက်ချင်နေဟန်ရှိသော ခွေးမသား ခွေးအားကြည့်ရင်း သူ့ စိတ်တွင် ခွေးဖိုး လျှော်ကြေးပေးနိုင်ပါက မသေမချင်း လည်ပင်းညှစ်သတ်ချင်နေမိတော့သည်။ ကျန်(၆)ယောက်သော ခွေးသခင်မလေးများမှာလဲ သူမတို့ ၏ ခွေးလေးများကို ပွေ့ ချီကာ ခွေးမသားခွေး Doni အားနမ်းစေကြပြန်သည်။ သို့ သော် မွေးနေ့ ရှင်ဟု ထင်ထားသော ထူးထူးခြားခြားလေးလိုတော့ သူမတို့ ကိုယ်တိုင်ကိုယ်ကျ နမ်းတာမတွေ့ ရပေ။
"အင်း" ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်စကား နားလည်သော ဒီခွေးတွေ...ခွေးဝတ်စုံ အမှန်အကန်အကောင်းစားတွေ ၀တ်နိုင်တဲ့ ဒီခွေးတွေ ..မြန်မာပြည်က ခွေးတွေလို မျက်နှာစိမ်းခွေးမြင်တိုင်း မာန်ဖီရန်မလုပ်ကြဘူး။
မြန်မာပြည်ကခွေးတွေလို ခွေးမလှလှလေးမြင်တိုင်လည်း ပေါက်လွှတ်ပဲစား မိတ်လိုက်လိုစိတ် မရှိကြဘူးဟုသာ ခွေးများကို စိတ်ထဲမှ ကောင်ချီး ထောပနာပြုရင်း သူ၏တစ်ညတာ ဘ၀စေရာတာဝန်တွေ ကျေပွန်စွာ ထမ်းဆောင်ပြီးဆုံးခဲ့ရသည်..။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)
မိုးမလင်းတလင်းမှာ အအေးဒဏ်ကြောင့် အိပ်ရာက နိုးလာခဲ့တယ်..။ အခန်းထဲမှာ အဲယားကွန်း မဖွင့်ထားပေမယ့် ပန်ကာဖွင့်ထားတယ်..။ကျွန်တော်နေတဲ့ နေရာမှာက ရာသီဥတု မမှန်ဘူး..။ နေပူချင်လည်း ပူတယ် ၊ မိုးရွာချင်ရင်လည်း ချက်ခြင်းပဲ..။ မနေ့ ညက ရွာထားတဲ့ မိုးအရှိန်ကြောင့် အပြင်မှာလည်း အေးနေတယ်..။ အခန်းထဲမှာလည်း ပန်ကာဖွင့်ထားတော့ အအေးဓာတ်က ကြီးဆိုးနေတာပေါ့..။ အအေးဓာတ်က ကြီးဆိုး နေပေမယ့်လည်း အိမ်ရာကထပြီးတော့ ပန်ကာပိတ်ချင်တဲ့ စိတ်မရှိဘူး..။ သူငယ်ချင်းတယောက် စင်္ကကာပူကနေ ကျွန်တော်တို့ ဆီ လာလည်တယ် (၃) ရက်နေပြီး ပြန်တော့မယ် ဆိုတော့ သူငယ်ချင်တွေစုပြီး ဘီယာသောက်ကြတယ်..။ ရှေ့ဟောင်းနှောင်းဖြစ် တွေပြောကြတယ်..။ နူတ်ဆက်ပွဲမှာ သောက်လာတဲ့ ဘီယာတန်ခိုးကြောင့် ခေါင်းတခုလုံး အုံခဲနေတယ်..။ ဒါကြောင့် ပန်ကာထမပိတ်ပဲ စောင်ကိုသာ မေးစိထိရောက်အောင် ဆွဲခြုံလိုက်တယ်..။
အာရုံဦးဆိုတော့ ကျေးငှက်တွေကလည်း တစာစာနဲ့  အာရုံဦး တေးသီချင်းတွေ ဆိုနေကြလေရဲ့ ..။ အာရုံဦးမှာ ငှက်ကလေးတွေ တေးသီချင်းဆိုတာကို ကျွန်တော် မခံစားဖြစ်ခဲ့တာ ကြာပြီ..။ တချိန်ကတော့ အိပ်ရာကနိုးတာနဲ့  ဒါတိုက်မထသေးပဲ သက်ဆိုင်သူ ကောင်မလေးအကြောင်း မှိန်းလို့ တွေးရင်း သာယာစွာ တေးသီနေတဲ့ ငှက်ကလေးတွေရဲ့ အသံကို နားစွင့်ရင်းပေါ့...။ အခုချိန်မှာတော့ သူနဲ့  လမ်းခွဲခဲ့ရတာလည်း ကြာပြီ ..။ ပြီးတော့ ကိုယ့်ဘ၀ကိုယ် ရပ်တည်နေချိန်လည်း ဖြစ်တယ်..။ အတိတ်တွေလည်း နှောင်းခဲ့ပြီဆိုတဲ့ အသိနဲ့  မတွေးတော ဖြစ်ခဲ့သလို ကျေးငှက်တွေရဲ့ သံစဉ်ကိုလည်း အာရုံ မစိုက်ဖြစ်တော့ပါဘူး..။ ဒါပေမယ့် ဒီနေ့ တော့ ကျေးငှက်တွေကတေးသီ ၊ ဘေးအိမ်က ခွေးကလည်း ဘာကိုတွေ့ လို့  ဟောင်နေတယ်တော့ မသိဘူး...ပြန်အိပ်လို့ ကို မရတော့ဘူး..။ ဘီယာအရှိန်နဲ့  ခေါင်းကလည်း ကိုက်နေတော့ အိပ်ရာကလည်း ထလို့  မနိုင်ဘူး..။ ဒါနဲ့ မှိန်းနေရင်းကနေ အခု ကျွန်တော်ဆီ လာလည်ပြီး ဘေးခုတင်မှာ အိပ်နေတဲ့ သူငယ်ချင်းဟာ ကျွန်တော်နဲ့  တယောက်နဲ့ တယောက် ယခင်က ရန်ဖြစ်ခဲ့ဘူးတာလေးကို ပုရိပ်အဖြစ် မြင်ယောင်ရင်း တွေးနေမိနေတယ်..။
တချိန်တုန်းက သူနဲ့ ကျွန်တော် သူငယ်ချင်း မဖြစ်ခင် ဒီကောင်က ကျွန်တော် မတော်လိုက်ရတဲ့ ရွှေယောက်ဖလောင်းကြီးရဲ့ သူငယ်ချင်း ဆိုပါတော့..။ တစ်ရက် ကျွန်တော်နဲ့ ကျွန်တော် ကောင်မလေး အတန်းမတက်ပဲ ရုပ်ရှင်သွားကြည့်တယ်..။ ရုပ်ရှင်ရုံမှာလည်း ဇတ်ကားကောင်း ဆိုတော့ လူတွေတန်းစီနေတာ အပြည့်ပဲ..။ မှောင်ခို လတ်မှတ်ကလည်း ၀ယ်လို့ မရတော့ဘူး..။ ဒီတော့ သူများနည်းတူ တန်းစီ နေရတာပေါ့..။ အဲဒီအချိန်မှာ ဘယ်ကနေဘယ်လို ရောက်နေမှန်း မသိတဲ့ ယောက်ဖလောင်း အသံက နောက်ကနေ ထွက်လာတယ်ဗျာ..။ " ဟဲ့...မိသိမ့် နင်က အတန်မတက်ပဲ ဒီမှာလာပြီး အကြည်ဆိုက်နေတယ်ပေါ့ ဟုတ်လား..သွားအခုပြန် ငါလုပ်လိုက်ရရင်တော့ နာတော့မှာပဲ"..။ အဲလို ပြောတဲ့ အသံကြားတော့ ကျွန်တော်တို့  နှစ်ယောက်လုံး နောက်ကို လှည့်ကြည့်လိုက်တယ်..။ ကျွန်တော်စိတ် အထင်ကတော့ ကောင်မလေးဟာ သူ့ အကို စကားကို ကြောက်ကြောက်နဲ့  နားထောင်ပြီး ကုတ်ကုတ်လေး ပြန်သွားမယ် ထင်တာ..။ အထင်နဲ့  အမြင် တလွဲစီဖြစ်သွားတယ်..။
"ဘာဖြစ်လို့ ပြန်ရမှာလဲ...ကိုယ့်ဟာကိုယ့် ရုပ်ရှင်လာကြည့်တာ ကိုကြီးနဲ့ ဘာဆိုင်တုန်း.."
သူ့ စကားကြောင့် ကျွန်တော်တောင် ပြူးသွားတယ်..။ တော်တော်လည်း ချစ်ကြောက်ရိုသေပုံရတယ်လို့ တောင်ထင်မိတယ်....။
'အောင်မာ...နင်ကငါ့ကို အခုပြန်ပြောလာပြီပေါ့လေ...လုပ်လိုက်ရရင်တော့ သေတော့မှာပဲ...သွားအခုပြန် အိမ်ရောက်မှတွေ့ မယ်..အခုတော့နေအုံ...လူကြားထဲမှာ မလုပ်ချင်ဘူး...'
ကောင်မလေးကလည်းမခံဘူး..။
'ကြိုက်တဲ့ အချိန် တွေ့ လို့ရတယ် ..လုံးဝပဲ...I don't care..." ။ ကျွန်တော်လည်း ကြည့်နေရင်...ဟာ..ပွဲတော့ကြမ်းပြီပေါ့ ။ ကောင်မလေးကလည်း အဲလိုတွေပြန်ပြောရော ဆရာသမားက ကျွန်တော်နဲ့  လူတွေရှေ့မှာ ဆိုတော့ ဒေါသက ခြေဖျားကနေ ခေါင်းထိရောက်သွားတယ် ထင်တယ်...။ " နင်သေချင်ပြီ ဟုတ်လား..မိသိမ့် " ဆိုပြီး စောင့်တွန်းလိုက်တယ်..။ ကျွန်တော်လည်း ကြည့်မနေတော့ပဲ ကြားကနေ၀င်လိုက်တယ်..။ "အကို..အေးအေးဆေးဆေး ပေါ့ဗျာ..မောင်နှမတွေပဲ နောက်မှ ပြေလည်အောင် ရှင်းရင်လည်း...." စကားတောင်မဆုံးသေးဘူး.." ငါ့ညီမ..ငါပြောနေတာ မင်းနဲ့ ဘာဆိုင်တုန်း.." ဆိုတဲ့ အသံနဲ့ အတူ လက်သီးပါ ၀င်လာတယ်..။ ကျွန်တော်လည်း နဂိုတည်းက သတိရှိနေသူ ပီပီ ကာကွယ်တဲ့အနေနဲ့  ဘယ်လက်က ကာပြီး ညာလက်နဲ့  သူ့ ကိုတွန်းလိုက်တယ်..။ အဲဒီမှာ အခု ကျွန်တော်ဘေးမှာ အိပ်နေတဲ့ကောင်က ကျွန်တော်ကို ၀င်ထိုးပြန်ရောဗျာ..။ ၀င်လာတဲ့ လက်သီးကို မကာပဲ တိမ်းရှောင်လိုက်ပြီး တွန်းလိုက်တာ လဲကျသွားရော..။ ကျန်တယောက်ကတော့ သူနဲ့  မဆိုင်သလို ရပ်ကြည့်နေတုန်း...။ ဒါနဲ့ ကျွန်တော်လည်း ရုပ်ရှင်ရိုက်လိုက်တယ်..။ ဘေးကပ်လွယ်အိတ်ကို လက်နိုက်လိုက်ပြီး ...
"မင်တို့  တယောက်မှ ကပ်မလာနဲ့  ကပ်လာလို့ ကတော့ အသေပဲ.."ဆိုပြီး ကျိန်းလိုက်တယ်..။ ရုပ်ရှင်ရုံ လတ်မှတ် တန်းစီနေတဲ့ သူတွေကလည်း ၀င်မဆွဲတဲ့ အပြင် ၀ိုင်းတောင်ကြည့်နေသေးတယ်ဗျာ..။ လွယ်အိတ်ထဲ လက်နိုက်ထားတော့ သုံးကောင်လုံး တန့် သွားပြီး ကျွတ်သွားပုံရတယ်..။ အမှန်တော့ အထဲမှာ စာအုပ်နဲ့  ဘောလ်ပင်ကလွဲလို့  ကျန်တာ ဘာမှ မရှိဘူး..။ သူတို့ ကလည်း ညံ့ပဗျာ...ကျောင်းသားပါဆို ဒမြမှမဟုတ်တာ ဆိုပြီး ဇွတ်ဝင်လာရင် ကျွန်တော် နာသွားလောက်တယ်...။ သုံးယောက် တယောက်ဆိုတော့ နိုင်ချင်မှလည်း နိုင်မှာ ဟူတ်ဝူးလား...ဟီးဟီး..။ ဒါနဲ့  ယောက်ဖလောင်းကြီးက ပြောသွားတယ်..။
"အေးမင်းနောက်ငါနဲ့ တွေ့ မယ်...နင်လည်း အိမ်ပြန်ရောက်လို့  ကတော့ အသေပဲ" ဆိုပြီး ကျိန်သွားလေရဲ့..။ ကျွန်တော်လည်း ပြန်ရောက်တာနဲ့  လမ်းထဲက အကိုတွေနဲ့  သူငယ်ချင်းတွေကို ပြောပြတာပေါ့..။ ပြောပြတဲ့ အထဲမှာမှ အကိုကြီး တယောက်က ပြောတယ်..။ ဒီကောင်တွေနဲ့  ဖြစ်တာလား....မပူနဲ့  ငါရှင်းပေးမယ်ကွိုင်မရှိဘူး...ဒီကောင်က ငါ့သူငယ်ချင်း အရင်းကြီး ငါပြောလို့  ရတယ်ဆိုတော့မှ စိတ်အေး နိုင်တယ်..။ နောက်နေ့  အဲဒီ အကိုကြီး အကူအညီနဲ့  လဖ္ဘက်ရည် ဆိုင်မှာ သူတို့ သုံးယောက်နဲ့သွားတွေ့ တယ်..။ မတော်လိုက်ရတဲ့ ရွှေယောက်ဖဖလာင်းကြီးကတော့ သိပ်မကြည်ဘူး..။ ကျန်တယောက်နဲ့ ဘေးက အိပ်နေတဲ့ ကောင်အပါဝင်ကတော့ ကျေနပ်ပြီး ငြိမ်းချမ်းရေးရသွားတယ်...။ ကောင်မလေးနဲ့  သူ့အကိုဟာလည်း..သူတို့အမေ ဖြေရှင်းပေး လိုက်တာကြောင့် အဆင်ပြေသွားတယ်..။
အခုတော့လည်း တယောက်ပခုံး တယောက်ဖက် ထမင်းတပန်းကန်ထဲ နှစ်ယောက်စား..ချစ်နေလိုက်ကြတာ.....သြော်..လူ...လူဆိုတဲ့လူတွေ မတည်ငြိမ်နိုင်သေးတဲ့ စိတ်အစဉ်နဲ့  နေထိုင်မူ့ အလိုက် အကျင့်စရိုက် အလိုက်နဲ့  တံငါနားနီး တံငါ ၊ မုဆိုးနားနီး ဆိုတဲ့အတိုင်း ကျင်လည်နေရတဲ့ လူသားတို့ ရဲ့ ဘ၀ ၊ ခဏချစ်လိုက် ခဏမုန်းလိုက်နဲ့  မသွားချင်းလည်းသွား ၊ သွားချင်လည်းသွားရမယ့် မပြီးဆုံးသေးတဲ့ ခရီးတခုကို တနေ့ လျှင် စိတ်ပေါင်း ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ပေါင်းများစွာနဲ့ ကျင်လည်နေရပါလား...။ အတွေးကမဆုံးသေး....ဖုန်းဆီမှ နိုးစက် အလာ့တ်က ထမည်လာသည် ။ 8 : 45 မိနစ် ဆိုရင် စကာင်္ပူပြန်မယ့် သူငယ်ချင်းကို လိုက်ပို့ ရတော့မယ်..။ ဒါနဲ့  ခေါင်းကိုက်လည်း မတတ်နိုင်ဘူး ဆိုပြီး အားတင်းထကာ ဖုန်းထဲက အဆိုတော် လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော် စီးရီးထဲက စာမျက်နှာ (၁၅) ဆိုတဲ့ သီချင်းလေးကိုဖွင့်ပြီး သူငယ်ချင်းကိုလည်း အိပ်ရာကနိုး ...ကျွန်တော်လည်း ရေချိုးခန်းထဲ ၀င်ခဲ့ပါတော့တယ်...။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်..... ဝေမင်း......)
အလုပ်က မအားတော့ စာရေးချိန်တောင် မရဘူးဖြစ်နေတယ် ။ သူငယ်ချင်းဝေမင်းကတော့ မင်းငါ့ကို တစ်ယောက်ထဲ ပစ်ထားတယ် ရက်စက်လိုက်တာတဲ့ …. Blog ကိုမေ့ထားတာမဟုတ်ပါဘူး…. အလုပ်လုပ်နေရင်တောင် ကိုယ့် blog လေးကိုစိတ်ရောက်နေတာ .. ဘာလေးရေးမယ် ဘယ်လိုလေး ရေးလိုက်မယ်ဆိုပြီး .. ဒါပေမယ့် အိမ်ကို ပြန်ရောက်တော့ ရေးချိန်မပြောနဲ့ ဖတ်ချိန်တောင် မနည်း ယူ လိုက်ရတယ် ….ပြန်ရောက်တာနဲ့ ရေမိုး ကမန်းကတမ်းချိုး စာလေး အလုအယက်ဖတ် ပြီးရင် ကပြာကယာ အိပ်ရတော့တာပဲ…..မနက်မိုးလင်းတော့ နှိုးစက်က အသံမြည် အိပ်ချင်မူးတူးနဲ့ ပိတ် ပြီးတော့ ကသုတ်ကယက် အိပ်ယာထ မြန်မြန်လေး မျက်နှာသစ် ပြီးတော့ လစ်တော့အလုပ်ကို………. နိင်ငံခြားဘဝ ဒီလောက်လှမယ် မှန်း အစက မသိခဲ့တာနာတယ် လို့ တောင် ညည်းမိလေရဲ့
ဒီနေ့ မနက် အိပ်ယာနိးတော့ မိုးကတော်တော် အုံ့နေတာ… လေတွေကလည်းတိုက်နေတာ အရမ်းပဲ အေးကအေးနဲ့ဖြစ်နိင်ရင် အိပ်ယာထဲကွေးနေချင်လိုက်တာ… သြော် သူ့ဆန်စား ရဲမှပေါ့… မျက်နှာသစ်သွားတိုက် ထမင်းတောင်မစားနိင်ပါဘူး .. နောက်ကျနေပြီဆိုပြီးထွက်လာလိုက်တာ ထီးယူခဲ့ဖို့မေ့သွားတယ်.. အိမ်အပြင်ရောက်မှ ထီးကျန်ခဲတာ သတိရတော့ ပြန်လှည့်ယူမယ်အလုပ် ညကသတင်း ထဲမှာလာတာကိုသတိရသွားမိတယ်လေ……..မိုးမရွာဘူးတဲ့ …. ပြန်လှည့်ရင်လည်း နောက်ကျတော့မယ်….ကဲမထူးပါဘူးဆိုပြီး ဇွတ်ထွက်လာလိုက်တာ တကယ်ပါဗျာ တစ်နေ့လုံး မိုးကိုတစ်စက်မှမရွာခဲ့ဘူး …မိုးကတော့ အုံ့နေတာပဲ လေကတော့တိုက်နေတာပဲ ရေမပါတာခက်တယ်လို့တောင်ညည်းမိတယ် .. တောင်ကလာမှမိုးဆိုတော့ ဒီကောင်ဘယ်ကထွက်လာလို့မိုးမဟုတ်တာလည်းမသိဘူး ……
အသွားတုန်းကတော့ မိုးမရွာလို့တော်သေးရဲ့ အပြန်ကျရင်ကောမိုးမိအုံးမှာလားလို့ စိတ်ကတွေးနေမိတာတော့ အမှန်ပါ…..မိုးကလည်းတစ်နေကုန်ကို အုံ့နေတာ ဟိုးအဝေးမှာမြင်နေရတဲ့တောင်တန်းလေး တောင် မျက်စိအောက်ကနေပျောက်နေတယ် .. အရင်တုန်းကဆို အလုပ်လုပ်နေရင်း အဲ့ဒီတောင်တန်းလေးကို ကြည့်မိရင် စိတ်ကအတိတ်ကိုရောက်ရောက် သွားမိတာ အမှန်ပဲ ….ဒီနေ့တော့ တောင်တန်းကြီးကို မတွေ့မိတော့ စိတ်ထဲမှာတစ်ခုခုလိုအပ်နေသလိုပါပဲ…………မိုးကအဲ့ဒီလောက်တောင်အုံ့မှိုင်းနေတာ……ဒီအချိန်တောက်တဲ့အော်လို့ကတော့ လိုက်ရည်ပြီးသားပဲ… မိုးလားလေလား လို့ …..
တကယ်ပါဗျာ … ဒီနေ့လေ မိုးတစ်စက်မှမရွာခဲ့ဘူး…….ဒါပေမယ့် ကျွန်တော့်နားထဲမှာတော့ ရွာရန်ရွာနှုန်း ၅၀ ရှိသည်ဆိုတာကြီးကို သတိရမိနေတုန်းပဲ ……………..
{နှောင်းဝဿန်}
ဒီင်္ဝတ္ထုတိုလေးဟာ ကျွန်တော်ကိုယ်ပိုင်တော့ မဟုတ်ပါဘူး ....။ ဒါပေမယ့် ကျွန်တော်ကြိုက်နှစ်သက်တာနဲ့  ပြန်လည်မျှဝေ တင်ပြပေးပါတာ ခင်ဗျာ...။ ဒီဝတ္ထုကို ရေးတဲ့သူကတော့ ဒတ္တကျော်စွာ စာအုပ်အမည်ကတော့ ဂမ္ဘီရစာရွက်....ဖော်ပြပါ ၀တ္ထုကတော့ အပိုင်း(၃) မှ ဖိနပ်ပုံပြင် ဖြစ်ပါတယ်.....။ ဖတ်ပေးသွားကြပါအုံးခင်ဗျာ....။
ပညာရှိတယောက်ဟာ ဖိနပ်ခူပ်သမားဆီ ရောက်လာတယ်...။ သူ့ ဖိနပ်တွေစုတ်သွားလို့  ပြင်ခူပ်ဖို့ ပေါ့ ။ သူဟာဒီနယ်တစ်ဝှမ်းမှာ အင်မတန် ကျော်ကြားနေတဲ့သူဖြစ်တယ်...။ ရှေးက ထင်ရှားခဲ့တဲ့ ကျမ်းကြီး ကျမ်းငယ် အသွယ်သွယ်ကို အာဂုံဆောင်နိုင်သူ အလွတ်ရွတ်ပြပြီး ပြန်လည် သင်ကြားပြသနိုင်သူဖြစ်နိုင်လို့  နယ်သူနယ်သား အားလုံးက လေးစားနေရသူပေါ့ ။ ပညာရှိ ဖိနပ်ခူပ်ဆိုင်ထဲ ၀င်လာတာနဲ့ ပဲ ဆိုင်ထဲရှိနှင့်သူအားလုံးက ခရီးဦးကြို့ပြုကြတယ်...။နေရာထိုင်ခင်းပေးကြတယ်..။ ပညာရှိဟာ မော်ကြွားတဲ့ မျက်နှာထားနဲ့  သူ့ အတွက်ပေးတဲ့ နေရာမှာ ၀င်ထိုင်ပြီး ဖိနပ်ခူပ်သူကို သူ့ ဖိနပ် ထိုးပေးလိုက်တယ်....။
" ဒါကိုခပ်မြန်မြန်လေး ခူပ်ပေးစမ်းပါ "
သူ့ပုံက ဖိနပ်ခူပ်သမား အနေနဲ့  သူ့ ဖိနပ်ခူပ်ခွင့် ရတာကိုပဲ ဆုလဒ်တခုလို မှတ်ယူရတော့မယ့်ပုံ....။ ဖိန်ပ်ခူပ်သမားကလည်း ဖိနပ်ကို ရိုရိုသေသေပဲ ယူကြည့်လိုက်တယ်..။ ဖိနပ်က တော်တော်စုတ်နေပြီ..။ လွယ်လွယ်ကူကူ ပြင်ခူပ်ဖို့  မရနိုင်တော့ဘူး...။
" ဆရာကြီး ဖိနပ်တွေကို အသစ်အတိုင်း ပြန်လိုချင်တယ်ဆိုရင်တော့ သုံးလေးရက်လောက် အချိန်ယူမှရမယ် "
" ဒီထက်မြန်အောင် လုပ်ပေးလို့ မရဘူးလား "
" မရဘူး ဆရာကြီး ၊ ဖိနပ်ခူပ်ဖို့  သားရေကို ဖြတ်ရ ၊ အနံ့ ပျောက်အောင် အခြောက်လှမ်းရမယ် ၊ ပြီးရင်ကော်သုတ်ရမယ် ၊ ကော်ကိုလည်း အခြောက်ခံရအုံးမယ် "
ပညာရှိ တော်တော် စိတ်ပျက်သွားတယ်....။
" ဒါဆို ငါတော့ ဒုက္ခပဲ။ ငါက ဒီသုံးလေးရက်လုံး ဖိနပ်မစီးပဲ နေရတော့မှာလား ၊ ခု သုံးလေးရက် အတွင်းမှာ ဒီနယ်သူ နယ်သားတွေကို သင်ကြားပေးဖို့ အတွက် သွားစရာ လာစရာတွေက အများကြီး ၊ ဖိနပ်သာ မရှိရင် ငါသွားလာဖို့ ဒုက္ခပဲ "
သက်ပြင်းတွေ တချချ လုပ်နေတဲ့ အခါ ဖိနပ်ခူပ်သမားက မနေနိုင်တော့ပဲ အတွင်းခန်းထဲက ဖိနပ်တခို့  သွားထုတ်လာတယ်...။
" ဒီဖိနပ်တွေထဲက စီးကြည့်ပါဦး ၊ ဆရာကြီးနဲ့  တော်တာပါသလားလို့  "
သူပေးတဲ့ ဖိနပ်တွေထဲက စီးကြည့်တဲ့အခါ တစ်ရံဟာ ပညာရှိနဲ့  ကွက်တိ သွားတော်နေတာ တွေ့ တယ်...။
" ကွက်တိပဲဟ့ ၊ ငါနဲ့  တိုင်ခူပ်ထားသလား အောက်မေ့ရတယ် "
" ဒါဆိုလည်း အဲ့ဒီဖိနပ်ကို ဆရာကြီး စီးသွားပေါ့ ။ ဆရာကြီး ဖိနပ်ခူပ်ပြီးမှပဲ ပြန်လာလဲယူလေ "
ပညာရှိကြီး ကျေနပ်သွားတယ် ။
ဒီအကြံ မဆိုးဘူး ဆိုပြီး ထိုဖိနပ်ကို စီးသွားဖို့  ပြင်တယ် ။ နောက်မှ အတွေးတခုရပြီး လှည့်လာတယ်...။
" မထူးပါဘူး ၊ ဒီဖိနပ်သစ်ပဲ တစ်ခါတည်း ငါ့ကို ရောင်းလိုက်ပါတော့လားကွာ "
" ဒါတော့ မဖြစ်ဘူးထင်တယ် ဆရာကြီး ၊ အဲ့ဒီ ဖိနပ်က သူများက ခူပ်ဖို့ လာအပ်ထားတာ ၊ ခုဆရာကြီးမှာ အခက်ခဲ တွေ့ နေတာနဲ့  ကျွန်တော်က ခဏပေးစီးထားတာပါ "
သူဝတ်ထားတဲ့  ဖိန်ပ်ဟာ အသစ်မဟုတ်မှန်း သိတာနဲ့  ပညာရှိကြီးက ရွံ့ရှာသလို အလျင်အမြန် ချွတ်လိုက်တယ်...။
"မင်းကွာ ၊ ငါက ဖိနပ်အသစ် အောက်မေ့လို့  ၊ သူများဖိနပ်ကြီး ငါ့ပေးစီးစရာလား "
ပြောရင်းက ပညာရှိ ပိုဒေါသထွက်လာတယ် ။
" ငါ့လို လူမိုးက သူများဖိနပ်အဟောင်ကြီး စီးမလား ၊ အဆင်အခြင် နဲလိုက်တဲ့ကောင်ကွာ ၊ ဒါ ငါ့ကို သက်သက်စော်ကားသလိုပဲ "
ဖိနပ်ခူပ်သူက အံ့အားသင့်သွားတယ်..။ ပြီးတော့ ဗလုံးဗထွေးနဲ့  အမြန်ဖြေရှင်းချက် ထုတ်တော့တယ်....။
" ဖိနပ်ဟောင်းရော ဘာဖြစ်လဲ ဆရာကြီးရယ် ၊ဆရာကြီးဟာ ရှေးက ဥာဏ်ပညာ ဖိနပ်ဟောင်းတွေ အများကြီး ငှားစီးခဲ့ပြီးပြီ ၊ ဒီဖိနပ်ကို ထပ်စီးယုံနဲ့  ဘာဖြစ်သွားမှာမို့ လို့ လဲဗျာ "......ပြီးပါပြီ....။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်..... ဝေမင်း......)
မြို့လေးတစ်မြို့ ……ဘီလူးတစ်ကောင်စောင့်တယ်တဲ့ …. ဘီလူးကိုတော့ကြောက်တယ်ဗျာ..ဒါပေမယ့်ဘီလူးကိုတွေ့ဖူးချင်လို့ မြို့လေးကိုသွားလည်မယ်လို့ ဆုံးဖြတ်လိုက်တယ်… တားတဲ့သူတွေကဝိုင်းတားကြတယ် …ဒါပေမယ့်သူတို့မျက်နှာတွေက ပြန်လာရင်တော့သူတို့ကို ပြန်ပြောပြပါဆိုတဲ့ ပုံစံမျိုးတွေနဲ့…….
ကောင်လေး မင်းကိုလှိုက်လှည်းစွာကြိုဆိုပါ၏တဲ့ ။ ဆိုင်းဘုတ်ကြီးကလှမ်းပြောတာပါ …သူ့ပုံစံက စားသောက်ဆိုင်က ဧည့်ကြိုပုံစံလေးပါ…ကျွန်တော်ကလည်းသူ့ကိုခပ်တည်တည်ပဲပြန်ကြည့်လိုက်တယ်…စိတ်ထဲမှာတော့ပြန်ရင် ဘောနပ်စ်ပေးရအုံးမယ်လို့ တွေလိုက်မိလေရဲ့………………
မြို့အဝင် သစ်ပင်ကြီးအောက်မှာ ကလေးတွေကစားနေကြတယ်ဗျာ…. ၄နှစ်၅နှစ်သားတွေပါ …သူတို့ကစားတာကထူးဆန်းနေလို့ ခဏရပ်ကြည့်နေမိတယ်……ကောင်လေးကကောင်မလေးကို မေးတယ် …………မောင့်ကိုချစ်လားတဲ့…….ကောင်မလေးက သူ့ကိုပြန်ဖြေတယ်…..အရမ်းချစ်တယ်မောင်ရယ်တဲ့ …ကျွန်တော်အံသြသွားတယ်….ဒီအရွယ်လေးတွေကဗျာ…….သူတို့ဆက်ပြောမယ်ကြံပြီးမှ ကျွန်တော့်ကိုတွေ့သွားတယ်…… ကောင်လေးက ကျွန်တော့ကို လှည့်ကြည့်ပြီး အတွဲလာမချောင်းနဲ့ ကိုယ့်လူ …ကိုယ့်ဘာသာကိုကြိုးစားတဲ့ …ကျွန်တော်လည်းတော်တော်လေးကိုစိတ်ဆိုးသွားတယ် …ဒါပေမယ့် ကလေးတွေနဲ့ ရန်မဖြစ်ချင်လို့ လှည့်ထွက်လာလိုက်တယ်….လူကြီးတွေတော့ဘယ်လိုနေမယ်မသိဘူး….ခလေးတွေကတော့လက်စွမ်းပြနေပြီလို့တွေးလိုက်မိပါရဲ့
ဒီလိုနဲ့လမ်းဆက်လျှောက်လိုက်တာ ကြီးမားတဲ့ ဓမ္မာရုံတစ်ခုနားရောက်လာတယ် အထဲမှာလည်း လူကြီးတွေ အများကြီးပဲဗျ… သူတို့တရားဆွေးနွေးနေတာ ကိုခဏ ရပ်နားထောင်နေလိုက်တော့
ဟစ်တလာကတော့ဗျာ
ဟိုနိင်ငံ ကဒီလိုဗျို့
ကူဖီအာနန်က အသားမည်းတယ်နော်
တက်သစ်စမင်းသမီးလေးအကြောင်းသိပြီးပြီလား ကျောင်းဒကာရေတဲ့….သြော် ဒုက္ခ ဒုက္ခ
ဘာမှကိုနားမလည်လိုက်ပါဘူး…..ဒီလိုငေးကြည့်နေတုန်း ရှေ့မှာ ဘွားခနဲ့ဆို နတ်တစ်ပါးပေါ်လာတယ် …ကျွန်တော်လန့်သွားတာပဲ…သူကပြုံးပြုံးလေးကြည့် ရင်းနှတ်ဆက်တယ်
မလန့်ပါနဲ့ကွ….ငါက ဒုတိယလက်ထောက်စမ္မာရုံစောင့်နတ်ပါ
ဟင်….ဓမ္မာရုံစောင့်နတ်က ဘယ်နှစ်ပါးတောင်လည်း
ကုသိုလ်ကောင်းမှူလုပ်တဲ့သူတွေများလာလို့ ဘုံဗိမ္မာန်ပေးဖို့ကနေရာမရှိတော့ဘူးလေ
ဒါကြောင့် ငါတို့ဓမ္မာရုံမှာတင် ဓမ္မာရူံစောင့်နတ် ရာထူး ၁၀ ခုနဲ့ နတ် ၁၀ ပါးရှိတယ်ကွ
အမှန်ဆို ငါက ဓမ္မာရုံစောင့်နတ်ကြီးဖြစ်သင့်တာပါကွာတဲ့…သူ့မျက်နှာက တစ်ခုခုကို မကြေနပ်နေသလိုပါပဲ…ကျွန်တော်ကစကားဖြတ်တဲ့အနေနဲ့မေးလိုက်တယ်
ဒါဆိုတခြားနတ်မင်းတွေကရောဗျာ
ရှိတယ်ကွ …. သူတို့တွေ ဖဲရိုက်နေလို့
ဗျာ………………………………………………………………..
………………………………………။…………………………………………………..
ကျွန်တော် အသာလေးလစ်ထွက်လာခဲ့ရတယ်….သူ့ပုံစံက ၃၁ဘုံရှိသမျှနတ်တွေအကြောင်း အကုန်ပြောပြမယ့်ပုံစံမျိုး… တော်တော်လေးလျှောက်လာတော့ ဈေးတန်းတစ်ခုကိုတွေ့လေရဲ့ ………………..
ငါးဝယ်နေတဲ့သူနဲ့ငါးရောင်းနေတဲ့သူအပြန်အလှန်စကားပြောနေတာကိုနားထောင်မိလိုက်တယ်…ငါးရောင်းနေတဲ့မိန်းမကြီး က အလေးသေးသေးလေးတစ်တုန်း ကိုကိုင် ပြီး ပြောနေတယ် တစ်ပိဿာ အပြည့်ပါတယ် အလေးမခိုးပါဘူးနဲ့ …ဝယ်တဲ့မိန်းမကလည်း ငါးဆယ်ကောင်လောက်ကိုကိုင်ပြီးပြောနေတယ် … ဒါလေးတော့အဆစ်ပေးပါ…အဆစ်ထည့်ပေးပါနဲ့
သူတို့ပြောပုံက စာအုပ်ထဲက သင်ရိုးညွှန်းတမ်းတွေကို အလွတ်ကျက်ထား တဲ့ ကျောင်းသားတွေလိုပါပဲ….ဈေးသည်မကြီးက ကျွန်တော့်ကို တွေ့သွားပြီး လှမ်းမေးတယ် ကောင်လေး ငါးတွေဝယ်သွားအုံးမလားတဲ့ …အလေးပြည့်တယ် အဆစ်တွေအများကြီးပေးမယ်တဲ့ ….ကျွန်တော်က ခေါင်းခါပြလိုက်တယ် ဟုတ်တယ်လေ ကွမ်းသီးလုံးလောက် အလေးနဲ့ တစ်ပိဿာ ပြောရောင်းနေတာ ကို ဘယ်လို အဆစ်ပေးအုံးမှာလည်းလို့ စိတ်ထဲမှာတွေးမိနေပါရဲ့….
ဒီလိုနဲ့ ဈေးကိုကျော်လာပြီး မြို့ထဲကို လျှောက်နေမိတယ်ဗျာ … မြို့ လေးမှာကြေငြာဆိုင်းဘုတ်တွေအများကြီးပဲ …
ဆရာ ဂုရု မတတ်မချင်းရိုက်သင်သည်
ဆရာ ပေါက်စ တပည့်များနှင့်ပျော်ရွှင်စွာ ပေါင်းသင်းသည်
ဟိုတယ်မှထမင်းများမှာကြွေးမည် … မေးခွန်းထုတ်ပေးမည် စတာတွေပဲများတယ်ဗျာ
ဗေဒင်ကြေငြာတွေကလည်းအများကြီးပဲ
ဇာတာစစ်ပေးသည် ..ယတြာခြေပေးသည် တစ်ကိုယ်လုံးစစ်ပေးသည် စုံနေတာပဲ….
လိုက်ကြည့်နေရင်းနဲ့ ဗိုက်ကဆာလာတာနဲ့ ဆိုင်ကြီးကြီးတစ်ဆိုင်ကိုဝင်ထိုင်လိုက်တယ်ဗျာ
ဆိုင်ကြီးကတော်တော်ခန်းနားတာပါ … ကောင်မလေးတွေက အတင်းထွက်ကြိုကြတယ် ဗျ……..ဆိုင်ထဲမှာလည်း စတိတ်စဉ်ပေါ်မှာ ကောင်မလေးတွေသီချင်းဆိုပြီးဖျော်ဖြေနေတာ ဗျာ မြိုင်ဆိုင်နေတာပဲ ….
ဝိတ်တာလေးတစ်ယောက်ကအနားတိုးလာပြီးမေးတယ် .. ဆရာဘာသုံးဆောင်မလည်းတဲ့ ကျွန်တော်လည်း ထမင်းကြော်တစ်ပွဲမှာလိုက်တယ် …….သူက menu စာအုပ်အကြီးကြီး ပေးတယ်ဗျ .. အထဲမှာ ထမင်းကြော်နာမည်တွေအများကြီးပဲ ….အမေရိကန်ထမင်းကြော် .. ပီကင်းထမင်းကြော် … အိန္ဒိယ မှ ဘာဘူကြီးကြော်သော ထမင်းကြော် ..အများကြီးပဲဗျ …ကျွန်တော်မြန်မာထမင်းကြော်မှာလိုက်တော့မရှိဘူးဗျာ….ဒါနဲ့ပဲအဆင်ပြေတာလေးချပေးပါလို့မှာလိုက်ရတယ်
…စတိတ်စဉ်ပေါ်ကကောင်မလေးတွေကတော့ဗျာ ငါ့အသည်းကိုမြန်မြန်ခွဲပါ .. ပန်းကုံးတွေများများစွပ်ပါဆိုတာတွေကို အပြိုင်အဆိုင် အော်နေကြတယ် ဗျ…..ခဏကြာတော့မှာထားတဲ့ ထမင်းကြော်ရောက်လာတယ်ဗျာ… ပန်းကန်လေးသေးသေးလေးမှာ အသားတုံးသေးသေးလေးနဲ့ လာချပေးသွားတယ်ဗျာ.. ပြီးတော့ ပန်းကုံးယူအုံးမလားဆရာတဲ့….ခေါင်းလေးခါပြလိုက်တော့လူကိုလှည့်တောင်မကြည့်တော့ဘူး…ကျွန်တော်လည်းထမင်းကြော်ကို မြန်မြန်လေးစားရင် ဘေလ်တောင်းလိုက်တယ် ………….လင်ဗန်းကြီးထဲမျာဘေလ်တစ်ထပ်ကြီးကိုင်ပြီး စာပွဲထိုးလေးတစ်ယောက်က လာပေးတယ်ဗျာ .. ကျွန်တော် မျက်လုံးပြူးသွားတယ် ထမင်းကြော်တစ်ပွဲကို ဂဏာန်း ၅ လုံးပေးလိုက်ရတယ်….ပြီးတော့ ထမင်းကြော်က အိမ်က ထမင်းဆီဆမ်းလောက်တောင်မကောင်းဘူး…သြော်သူ့မြို့ပဲ …ဘာမှမပြောတော့ပါဘူး ကျသမျှကိုထုတ်ပေးလိုက်ပါတယ် .. ဆိုင်ထဲမှာတော့ မမြင်ရတဲ့ အငွေ့တွေ ပြည့်နှက်နေလို့…မှော်ဆရာတစ်ယောက်ရဲ့ရယ် သံကိုလည်းသဲ့သဲ့ ကြားလိုက်မိပါရဲ့
ဆိုင်အပြင်ထွက်လိုက်တော့ ဘူဇွာရုပ်ပေါက်နေတဲ့ ဗိုက်ရွဲရွဲ လူဝကြီးတစ်ယောက်က သူ့ဘေးနားကကောင်မလေးတစ်ယောက်ကို ပြောနေတာ နားစွန်နားဖျားကြားလိုက်ရတယ် ..ဒီမြို့မှာမင်းတို့ဆိုင်ကအရသာအရှိဆုံးပဲတဲ့…..
ကျွန်တော်လည်းစိတ်ရှုပ်တာနဲ့ ပြန်ဖို့ဆုံးဖြတ်လိုက်တယ် …ဒီလိုနဲ့ စောစော ကကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်နားရောက်လာတယ်….ဆိုင်းဘုတ်နားမှာ ထူးခြားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်ဗျ…..ဆိုင်းဘုတ် ကြီးနဲ့စကားပြောနေတာ…သူ့ကိုမြင်တော့ဘီလူးဆိုတာကိုသိလိုက်တယ်….ဒါနဲ့မေးလိုက်တယ်ဗျာ ….ခင်ဗျားမြို့ထဲမှာမစောင့်ပဲ ဒီမှာဘာလုပ်နေတာလည်းလို့…..သူကစိတ်ပျက်တဲ့လေသံလေးနဲ့ပြန်ပြောတယ် ဗျာ…မြို့ထဲကလူတွေကိုကြောက်လို့ အပြင်မှာထွက်ရှောင်နေတာပါတဲ့………ကျွန်တော်သူ့ကိုနားလည်ပေးလိုက်ပါတယ်………………………………
.ဆိုင်းဘုတ်ကြီးကကျွန်တော့်ကို လှမ်းပြောလိုက်တယ်…
ကောင်လေးရေ နှတ်ခွန်းဆက်သပါ၏တဲ့……………………………..
{နှောင်းဝဿန်}