မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

အချစ်တအုပ်

Filed under: by: ဆည်းဆာသံစဉ်

"အဖွင့်စာမျက်နှာ"


တံခါးမရှိ ဓါးမရှိ
ဝင်ထွက်ခွင့် ရှိခဲ့တဲ့ ခင်မင်ခွင့်လေးမှာ
တံခါးလေး
တင်းတင်းစေ့ထားတာ မြင်ရုံနဲ့
ကောင်လေးတစ်ယောက်
ကျောခိုင်းလှည့်ပြန်သွားခဲ့သည်။

စာမျက်နှာ( ၁ )

ဒို့ကမ္ဘာကို ဘယ်လိုစိုက်ပျိုးမလဲ...?

စစ်မက်မကင်းတဲ့ကမ္ဘာမှာ
အချစ်နဲ့ မကင်းနိုင်တဲ့စစ်
ကမ္ဘာဦးစမှ ယနေ့ထိတိုင်
ဒို့ကမ္ဘာဟာ
ဒီလိုပဲ ရှင်သန်လာခဲ့ရတာပါ။

ဒို့နှလုံးသားတွေကို ဘယ်လိုစိုက်ပျိုးမလဲ...?

သူရဲကောင်းမှန်ရင် အချစ်တလင်းထွက် စစ်ခင်းပါတဲ့...
တိုက်ပွဲကခေါ်နေပြီ...
စွဲကိုင်ရမယ့် လက်နက်က ဓနဥစ္စာ
အသုံးပြုရမယ့် ဗျူဟာက ရူပါ...

ဘာလက်နက်ကိုမှစွဲကိုင်စရာမရှိပဲ
တိုက်ပွဲဝင်ရဲခဲ့သူဟာ
ရန်သူ့ရှေ့မှောက်
ဒူးထောက် လက်မြှောက်...

ရှုံးနိမ့်ခဲ့ရသူတစ်ယောက်ကိုမှ
မင်းက အရသာခံ ပြုံးနေမယ်ဆို
ရယ်သံလေးတွေ လွင်နေပါစေ။

ငါ့ရဲ့ တစ်ဘ၀စာ လုံလောက်တဲ့ နာကျင်မှုဟာ
မင်းအတွက်
ဟာသတစ်ကွက်ဆိုရင်လည်း ကျေနပ်တယ်။


စာမျက်နှာ ( ၂ )

ပြတင်းတံခါးလေးအဖွင့်
ဆံပင်ဖားလျှားချ ညနေခင်းလေး
မြင်ကွင်းထဲ ဖြတ်လျှောက်သွားရုံနဲ့
ရင်တစ်ခွင်လုံး ဟင်းလင်းပွင့်သွားတယ်။

သြော်...
ဒဏ်ရာဆိုတာဟာ
မံမီရုပ်လောင်းလို ဆေးစိမ်ထားစရာမလိုပဲ
လတ်ဆတ်နာကျင်နေတတ်တဲ့ အရာလား...?

မိန်းမလှဆိုတာဟာ
အညတရတို့ရဲ့ ဦးညွှတ်ရာ
သူရဲကောင်းတို့ ဆွတ်ယူရမယ့် ဆုလာဘ်...

ဦးညွှတ်လှည့်ထွက်ခဲ့ရသူကိုမှ
လက်ပြနှုတ်ဆတ်လို့
နောက်ထပ် မျှော်လင့်ချက်တွေ ရှိနေတတ်အောင်
တုပ်နှောင်မထားပါနဲ့တော့။

မင်းဘ၀တစစ်အုပ်မှာ
သမိုင်းတစ်ပုဒ် ဖြစ်ခွင့်မရခဲ့တဲ့ ငါဟာ
လေလိုရာ လွင့်ခွင့်
အပြည့်အ၀ ရှိသင့်တယ် မဟုတ်လား...?

"တောင်းပန်ပါတယ်"

ငါ့လားရာကို ညွှန်းစေသူဟာ
ငါ.. အမြတ်တနိုး ဆုပ်ကိုင်ထားခွင့် မရှိတဲ့
မင်းရဲ့ ...
လက်တစ်ဖက် မဖြစ်ပါစေနဲ့။


စာမျက်နှာ ( ၃ )

မိသားစုပြက္ခဒိန်မှာ အားလပ်ရက်မရှိတဲ့
ငါ့ရဲ့..ဘ၀အရသာ...
ဒါဟာ....
အချစ်တစ်ခုကို ထုဆစ်မလှပနိုင်တဲ့ ရှင်သန်မှုရဲ့ ပုံကြမ်း
ဒီလိုမပြောဘူးဆိုရင် ဖြစ်ခဲ့ပြီးသား အပျက်
ဘယ်လိုဆက်လက်ထုဆစ်လို့မှ
အချစ်တစ်ခုဖြစ်မလာနိုင်တဲ့အခါ
ငါဟာ...
နှလုံးသားမရှိတော့တဲ့ လူသားရင်ကွဲတစ်ယောက်ပါ။

မလွမ်းတတ်လို့ ကမ်းမကပ်တဲ့ လှိုင်းတွေ
မုန်တိုင်းဆင် မောက်မာနေချိန်မှာ
စက္ကူလှေငယ်ရဲ့
ကြေကွဲခြင်းပင့်သက်တွေကို ကြားနိုင်စွမ်းမရှိတော့တာ
သဘာဝကျပါတယ်လေ...

ကိုယ့်ရင်မှာ ပျိုးခဲ့တဲ့ပန်း
ကိုယ်တိုင်နမ်းခွင့် မရှိခဲ့သူတစ်ယောက်ဟာ
ဒီရင်မှာ အလိုမတူပဲ ခိုးယူမွေးထားမိတဲ့
ရွှေရောက်အိပ်မက်တွေကို
ကြိုးဖြေပေးလိုက်ပါတော့မယ်။

"မင်း...ပျော်နေနိုင်ပါစေ"


စာမျက်နှာ ( ၄ )

ငါ့အခန်းလေးထဲက
ဘယ်လိုသင်သင် တီးမတတ်ခဲ့တဲ့ ဂစ်တာလေး
ဘယ်လိုသံယောဇဉ်နဲ့ ကြိုးညှိရမှန်း မသ်တော့တဲ့အခါ
ဒိုင်ယာရီလေးထဲမှာ
ဘယ်လိုပြင်ပြင် အပြီးမသတ်ခဲ့တဲ့ ကဗျာလေးဟာ
ရုပ်ဆိုးစွာပဲ ပုပ်သိုးသွားရရှာတယ်။

ဆောက်တည်ရာမရတဲ့ စိတ်တွေ
ကောင်းကင်ဘက်ထွက် အမဲလိုက်ရင်း
"လ"ကိုဖမ်းလို့
ပြတင်းပေါက်လေးထဲ ဘောင်ခတ် အကျဉ်းချထားမိတဲ့အခါ
ကောင်းကင်ဟာ
ကြယ်စင်တစ်စက်ကျစာမျက်ရည်နဲ့ ငိုရှာတယ်။

"၀ဋ်လည်တာများလားကွယ်...."

အိပ်စက်မပျော်ခြင်းကို
နာရီလက်တံပေါ်တင် ချော့သိပ်ထားရက်နဲ့
အိပ်စက်မပျော်တဲ့ ညတွေမှာပေါ့...

သတိရနေတတ်ခြင်းတွေက
ငါ့ကိုပြန်အမဲလိုက်ကြပြီး
ချည်နှောင်ခွင့် မရှိတော့ပြီဖြစ်သော
အတိတ်ဆီက ချည်တိုင်လေးဆီမှာပဲ
ငါ့ကိုပြန်ပြန်ပြီး
ချည်နှောင်အကျဉ်းချထားခံရတဲ့အခါ
ငါဟာ...
သုံးစက္ကန့်ကျစာ မျက်ရည်နဲ့
ပြန်ပြန်ငိုနေရတယ်။

"မင်း သိဖို့တော့ မရည်ရွယ်ဘူး"


စာမျက်နှာ ( ၅ )

တပေါင်းနေတံလျှပ်နဲ့ ထိုးနှက်လိုက်သလို
ဒီရင်ကို လောင်မြိုက်ခြင်းနဲ့ အဆုံးသတ်ရမယ်ဆို
အစောကတည်းက...
ဆောင်းဦးရင်မှာ
နှင်းပုလဲလေးတွေ သီကုန်းရသလို ပျော်ပိုက်ခြင်းနဲ့
သူငယ်ချင်းဆိုတဲ့ ပြဇာတ်ထဲမှာပဲ
ရင်ခုန်သံတွေ
စည်းဝါး နရီ မကိုက်ညီတော့ရင်တောင်
သမ္ဘာရင့် ကခြေသည်လို
ဟန်ချက်ညီညီ ဆက်ကနေမှာပေါ့။
ခုတော့...
ဖူးလာနိုးနိုး ပွင့်လိမ့်နိုးနဲ့
မျှော်ကိုးသူရင်ကို အမြစ်တွေ တွယ်စေပြီးမှ
ဥယျာဉ်တစ်ခြံလုံး ပန်းမပွင့်တော့ဘူးလား...?

မေ့မရခြင်းသက်သက်နဲ့ ထုတ်ကြည့်နေတတ်ခဲ့တဲ့
နှစ်ယောက်အတူ တွဲရိုက်ဖူးတဲ့ ဓါတ်ပုံလေးထဲကလို
ဘယ်သောအခါမှ မခွဲကြရရင် ကောင်းသား။

"တမ်းတနေတာတော့ မဟုတ်ပါဘူး"


စာမျက်နှာ ( ၆ )

မင်းနှုတ်ဖျားက လေပြေစိမ်းအဝှေ့
ငါ့မျက်ဝန်း မိုးဥတုနဲ့ တွေ့တဲ့အခါ
အိပ်မက်နင်နေရှာတဲ့ ဝေဒနာသည်တစ်ယောက်ဟာ
ထပ်ပြီး ဖျားနာရရှာတယ်။

နင်နေရတဲ့ အိပ်မက်ထဲ ရှိနေတာက
ဆန္ဒပေါ် သိက္ခာပါးပါးလေး ဖုံးအုပ်ထားတဲ့
ပေါင်မုန့်တစ်လုံး မဟုတ်ရင်
ဧဒင်ဥယာဉ်ထဲက
ပန်းသီးတစ်လုံးဖြစ်လိမ့်မယ်။

ဖျားနာခဲ့ရခြင်းဟာ
အချစ်စစ်စစ်ကို တစ်ပွင့်တည်း ပွင့်တတ်ခဲ့တဲ့
နှလုံးသားရဲ့ ၀ဋ်ကြွေးမဟုတ်ရင်
နင်..အပြစ်ပေးခဲ့ခြင်း ဖြစ်လိမ့်မယ်။

"တစ်ချိန်က လရောင်ဝါလေးရယ်
ဒီရင်မှာ .. လာသာလှည့်ပါ"

ဒါဟာ ဝေဒနာသည်းတဲ့အခါ
တစ်ကိုယ်ရည် ငြီးတွားနေသံပါ။

"မင်းကြားဖို့ မလိုဘူး"

စာမျက်နှာ ( ၇ )

လေတိုးလို့ သစ်ရွက်လေးတွေ လှုပ်တာမြင်ရင်
ရယ်ချင်တတ်တဲ့ အရွယ်ကို လွန်ပြီးမှ
ချစ်တာကို ချစ်တယ်လို့ ပြောမိရုံနဲ့
နှစ်ယောက်အတူ တွဲလျှောက်ပျော်ရွှင်နေတဲ့
လမ်းလေး မဆုံးသေးဘူး
ဒို့ဇာတ်လမ်းကို
တံခါးလေးတင်းတင်းစေ့ အဆုံးသတ်ပြစ်လိုက်ခြင်းက
ဆက်ရန်ရှိသေးသည်ဆိုတဲ့ ရုပ်ရှင်တစ်ကားမဟုတ်လေတော့
ပွဲဦးထွက် ဈေးဦးလန် အချစ်ကံ ခေခဲ့သူမှာ
အနာတရကိုပဲ
တခုတ်တရ မွေးမြူတတ်ခဲ့တယ်။
ဒီရင်ကို...
စိုက်ဝင်ဆူးနစ်လာတဲ့ မြှားစိမ်းတစ်စင်း
နင်က ခွင်းရက်မှတော့
ထောင့်ငါးရာမေတ္တာအဆိပ်က
နာကျင်ဖို့ တစ်ဘ၀စာ မလုံလောက်ရင်
သံသရာထိ...
ငါ..ဆက်ပြီးနာကျင်နေပါ့မယ်။

"မင်းကျေနပ်ဖို့ပေါ့"


စာမျက်နှာ ( ၈ )

ပန်းသီးကြွေနိယာမ
ကမ္ဘာမြေက ဆွဲအားရှိတယ်
ဒါကို နယူတန်သိခဲ့တယ်။

ငါကြွေခြင်းနိယာမ
နင်ကဆွဲအားရှိတယ်...
တစ်ဘ၀လုံးကြွေခဲ့ရတာ
မင်း...
မသိချင်ယောင်ဆောင်နေလည်းရတယ်။

အချစ်ဆိုတာက
ငါ့ဘ၀မှာ...
သေဆုံးခဲ့ပြီဖြစ်တဲ့ အဘိဓာန်
ဘယ်သောအခါမှ
ငါ...
ပြန်လှန်တော့မှာ မဟုတ်ဘူး။


စာမျက်နှာ ( ၉ )

စိုးရိမ်မနေပါနဲ့ကွယ်...
မခေါ်စေချင်သူကို
ငါကစလို့
နှုတ်မဆက်ပါဘူး။

ဒီလိုပဲ...
ပုန်းရှောင်နေသူကို ပြန်တွေ့ဖို့
ကျဉ်းနေတဲ့ ကမ္ဘာကြီး
ထပ်ပြီးကျုံ့သွားရအောင်
ငါဟာ...
ဆုတောင်းနေမှာမဟုတ်ဘူး။

မြို့တစ်မြို့အ၀င်ဆီက
ကြိုဆိုပါ၏ ဆိုတဲ့ စကားလေးနဲ့
မြို့တစ်မြို့အထွက်ဆီက
နှုတ်ခွန်းဆက်သပါ၏ ဆိုတဲ့စကားလေးဟာ
ဆိုင်းပုဒ်လေးတစ်ခုထက်မှာပဲ
ကျောခြင်းကပ်ဝေးနေရသလို
မင်းနဲ့ငါက...
မြို့လေးတစ်မြို့ထဲမှာပဲ
ဝေးခဲ့ရပြီ။


စာမျက်နှာ ( ၁၀ )

အနာဂါတ် သယ်ဆောင်ရာဆီ
ဇယာက
လိုက်ပါရင့်ရော်သွားပေမယ့်
လတ်ဆတ်ဆဲ စွဲလန်းခြင်းတွေက
ရွက်လွှင့်လိုက်ပြီဆိုတာနဲ့
ဒီသောင်ဒီကမ်းဆီကိုပဲ
ခရီးနှင်တယ်။

"အချစ်စစ်ပွဲတွေမှာ
ထွက်ပြေးသူသည် အောင်နိုင်သူတဲ့"

အားလုံးရဲ့ သတ်မှတ်ချက်အရှုံး
ငါကတော့
ပြုံးနေနိုင်ပါပြီ။

နောက်ထပ်
ဘယ်မိန်းမကိုမှ မချစ်ကြေးစာချုပ်
ငါ့အသက် ၂၁ နှစ်ပြည့်မှာ
ငါ့နှလုံးသားနဲ့ ငါနဲ့
နှစ်ဦးသဘောတူ
လက်မှတ်ရေးထိုးဖြစ်ခဲ့ပြီ။

အဆုံးသတ် စာမျက်နှာ

"ကောင်လေးတစ်ယောက်
ကျောခိုင်းလှည့်ပြန်သွားခဲ့တဲ့
တင်းတင်းစေ့တံခါးလေးရဲ့ နောက်ကွယ်မှာ
တံခါးလေးဖွင့်ဖို့
အသင့်စောင့်နေသူ ကောင်မလေးတစ်ယောက်
အငြိုးတွေကိုသာ
အခါလွန်မိုးအဖြစ်
ရွာသွန်းကျန်နေခဲ့ရသည်။"

ကျတော့်ရဲ့
"အချစ်တစ်အုပ်" အပေါ်
ခံစားမှုနှင့်အမြင်လေး ...?


( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)

8 comments:

On May 27, 2009 at 8:00 AM , chitpalone said...

စာမျက်နှာ တစ်ကနေ တစ်ဆယ်ထိကို သေသေချာချာလေး ခံစားသွားတယ်ဗျာ။ နှစ်ခေါက်တောင်။ ညီမလေး ပါးလုံး

 
On May 27, 2009 at 9:31 AM , Anonymous said...

ဟား... ဖတ်ဖူးသမျှအချစ်ကဗျာထဲ ဒီကဗျာကိုတော့ ရေရေလည်လည်ပက်ပက်၊နဲ့
စက်စက်ကို ကြိုက်သွားပြီဗျာ။ တော်ကီင်္တွေ ရေလည်လန်းတယ်။ လန်းတာမှ ယောကျာင်္းချင်း
တောင် ကြွေချင်လာပြီ... ဟီ...။
ကြွေကျရင် မြေခခင် ဖမ်းယူဖို့ အသင့်ပြင်ဗျို့
တော်ပြီဗျာ.. တော်ကြာ အခြောက်ထင်နေဦးမယ်...။ ကြိုက်တယ်ကဗျာ
ဒါပဲ........။

 
On May 27, 2009 at 4:38 PM , ရှေးစာဆို said...

အင်းးးးးးးး ဝေလေး တစ်ကယ်ကို ဆန်းတယ်၊ လန်းတယ်၊ ဂွမ်းတယ်။ မိုက်တယ်၊ ကြိုက်တယ်၊ ခိုက်တယ်။

 
On May 28, 2009 at 8:12 AM , မြစ်ကျိုးအင်း said...

ဖတ်ခဲ့သမျှထဲမှာ အရှည်ဆုံး အချစ်ကဗျာ များလား..
စာကြောင်းတွေများပေမယ့် တကြောင်းတိုင်း အားပါတဲ့ ကဗျာကောင်းလေးပါပဲ..
...ခင်မင်သောအားဖြင့်......

 
On May 30, 2009 at 7:46 AM , Nature X said...

စာမျက်နှာ အကုန်လှန်သွားတယ်

 
On May 31, 2009 at 5:16 AM , Anonymous said...

သေချာကိုဖတ်သွားတယ်သယ်ရင်း တကယ်ကိုအားကျတယ်ကွာ
အဆင်ပြေပျော်ရွှင်ပါစေ

 
On June 2, 2009 at 12:32 AM , mgnge said...

ဖျားနာခဲ့ရခြင်းဟာ
အချစ်စစ်စစ်ကို တစ်ပွင့်တည်း ပွင့်တတ်ခဲ့တဲ့
နှလုံးသားရဲ့ ၀ဋ်ကြွေးမဟုတ်ရင်
နင်..အပြစ်ပေးခဲ့ခြင်း ဖြစ်လိမ့်မယ်။

အဖွင့်ကနေနောက်ဆုံး စာမျက်နှာထိ သေချာဖတ်တယ်.. အပေါ်က စာလေးကချက်ချင်းရင်ထဲရောက်သွားတယ်
ကဗျာကရှည်ပေမယ့် ... တကယ်ဖတ်လိုက်တော့ တိုတိုး လေးလို့ တောင်ထင်ရတယ်.... စာလုံးတိုင်း အားတွေ ပါတယ်...။ ဖတ်ခဲ့သမျှအချစ်ကဗျာအရှည်တွေထဲမှာ အကောင်းဆုံးဖြစ်လိမ့်မယ်..........

 
On June 19, 2009 at 1:28 AM , Unknown said...

ngar de post ko khu mha thay char read mi tar.good tal har a kone lone. heart hti tal ha.