မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

အစုံသုပ် အက်ဆေးများ

Filed under: by: ဆည်းဆာသံစဉ်

AIDS

(၁)
သူသည် ဥယျာဉ်မှူးတယောက်တော့ မဟုတ်ပါ.. ။
ဒါပေမယ့် သူ့မှာ သိမ်းသွင်းထားတဲ့ ပန်းတွေရှိတတ်သည်.. ။
သူသည် ပန်းတော်ဆက် ဗျတ္တတော့ မဟုတ်ပါ.. ။
ဒါပေမယ့် သူ့မှာ ပန်းဆက်ရမယ့် ဘီလူးတွေရှိတတ်သည်... ။
တစ်ကယ်တော့ သူသည် ကြောင်ပါးတစ်ကောင်လိုရှင်သန်နေထိုင်ပြီး ဂျင်းဘောင်းဘီဝတ် တတ်သော
ဝံပုလွေတစ်ကောင်သာဖြစ်သည်... ။

( ၂ )
ပန်းလေးတစ်ပွင့်သည် ရှင်သန်ရာဘ၀ပေးက ရေခံမြေခံမကောင်းခဲ့လို့ အပင်မသန်ပဲ ဖူးငုံလာရပြီ... ။
ထို့ထက်ပို၍ ကံဆိုးမိုးမှောင်ကျရအောင် လှပစွာပွင့်လာခဲ့သည်.. ။
သူရင်ဆိုင်နေရသော ရာသီဥတုသည် မိုးလင်းမိုးချုပ် အယုတ္တ အနတ္တတွေ မုန်တိုင်းထန်နေတတ်သော
ရပ်ကွက်ဈေးလေးထဲက ငါးစိမ်းတန်းမှာဖြစ်သည်.. ။
သူ၏ ဘ၀ရပ်တည်နေရပုံက ငါးစိမ်းသည်တစ်ယောက်ရဲ့ တောက်တိုမယ်ရ ကူဖေါ်လောင်ဖက်လေးမျှသာ... ။
ပက်ပက်စက်စက် ခါးသက်ပြစ်နှစ်လှတဲ့ဘ၀ဟာ သူ၏ဖခင်ပင်စည်ကြီးကို လေဓါတ်ဖေါက်ပြန်စေပြီး အောက်ပိုင်းသေစေခဲ့ပြန်သည်.. ။
ဆက်လက်မှီခိုအားထားပြီးပွင့်ရမယ့် မိခင်အကိုင်းကြပြန်တော့လည်း အချိန်ရှိသ၍ အပွင့်တွေပေါင်း ဂဏန်းတွေတွက် စက္ကူချပ်အထက်က ကုလားနှစ်ကောင်အတွက်သာ ဂရုတစိုက် အချိန်တွေ ကုန်နေတတ်သူ... ။
ထို့ကြောင့်ပင် ရပ်ကွက်ထဲလှည့်ပြီး အကြွေးသံသရာဝဲထဲ ပေါ်တစ်ချီ မြုပ်တစ်လှည့် နှင့် မိသားတစ်စုလုံး နစ်မွန်းနေကြရပြီ... ။

( ၃ )
ဝံပုလွေသည် ဘီလူးတစ်ကောင်အားပန်းဆက်ရန် အခွင့်ကြုံလာပြီဖြစ်သည်.. ။
သို့သော် ခက်နေသည်က သူ့တွင် ဆက်သဖို့ရာ ပန်းမရှိတော့ပြီ.. ။
သူပန်းဆက်ရမည့် ဘီလူးသည်လည်း နှယ်နှယ်ရရ ဘီလူးတစ်ယောက်မဟုတ်ပေ... ။
ကောင်းကင်ကကြယ်တွေတောင် သူ့ပုခုံးပေါ် ဆင်းသက်ကြွေပြီး ပုခုံးသားနှစ်ဖက်ပေါ် ကြယ်ပွင့်တွေထမ်းရင်း မောက်မာနေတတ်တဲ့ ဘီလူးတစ်ကောင် ဖြစ်သည်... ။
တိုင်းပြည်၏ တစ်စိတ်တစ်ဒေသကိုပင် အပိုင်စားရပြီး အိပ်ကပ်ထဲထည့်ထားနိုင်လောက်အောင် အာဏာစက်ပြင်းတဲ့ ဘီလူးလည်းဖြစ်သည်... ။
ဝံပုလွေသည်လည်း ထိုဘီလူးကောက်ယူမွေး၍ နေ့ချင်းညချင်း ကြီးပြင်းခဲ့ရသူ... ။
ထို့ကြောင့်ပင် ဘီလူးစိတ်တိုင်းကျပန်းကို ဆက်သနိုင်ဖို့ရာ ၀ံပုလွေသည် ပန်းအမဲလိုက်ခရီး စတင်ခဲ့ရပြီ... ။

( ၄ )
ပန်းအမဲလိုက်ပွဲတွင် ၀ံပုလွေသည် ပရိယာယ်ကြွယ်ကြွယ် လိမ္မာပါးနပ်သူဖြစ်သည်.. ။
ပန်းအမဲလိုက်ရာတွင် သူအသုံးပြုသော အဆိပ်လူးမြှားတွေဟာ ငွေဖြစ်သည်.. ။
ထိုမြှားတွေကို ဖေါဖေါသီသီပစ်နိုင်စွမ်းသူ ၀ံပုလွေသည် သားကောင်ကို ရှာဖွေတွေ့ရှိခဲ့လေပြီ... ။
"မြေနိမ့်စံဘ၀မှာ ကံဆိုးစွာလှနေရှာတဲ့ ပန်းကလေး"
ထိုပန်းကလေးသည် သူ့လိုအင်တွေ လိုလေသေးမရှိပြည့်စုံစေမည့် ပစ်မှတ် ပင်ဖြစ်တော့သည် ။
ပစ်ခတ်ဖို့ရာလည်းသိပ်ခက်ခဲမည် မဟုတ်သော ပစ်ကွင်းက အသင့် ..
ထို့ကြောင့်ပင် ၀ံပုလွေသည် အကြွေးသံသရာဝဲထဲ ပေါ်တစ်ချီ မြုပ်တစ်လှည့် နစ်မွန်းနေရှာတဲ့ ပန်းကလေးရဲ့ မိခင်အကိုင်းအား ဆယ်ယူရင်း ပန်းကလေးထံ ချည်းနင်းဝင်ရောက်လာခဲ့ပြီ...။
ဝံပုလွေသည် သူ၏ပစ်မှတ်အတွက် ၀ံပုလွေဝါ ၀ံပုလွေသဘာနှင့် သူတစ်ချက်ပြုံးလိုက်တိုင်း ပန်းတစ်ပွင့်ကြွေရစမြဲ ဆိုတာ သူ့ကိုယ်သူ ယုံကြည်ပြီးသားဖြစ်သည်.. ။
ထိုသို့ ဘယ်လိုပစ်ပစ် မလွဲနိုင်တဲ့ပစ်မှတ်ကိုမှ လူကြီးလူကောင်းမျက်နှာဖုံးနောက်ကွယ်က အကြံပက်စက်တဲ့မြှားတွေနဲ့ ဖေါဖေါသီသီပစ်ခဲ့ပြီး သားကောင်မှာ ပြေးမလွတ်နိုင်အောင်အဆိပ်တက်နေတော့မှ သူ၏ ကျေးဇူးရှင်ဂုဏ်ပုဒ်မျက်နှာဖုံးကိုခွာချလိုက်သည်...။ ထိုမျက်နှာဖုံးနှင့်အတူ စကားတစ်ခွန်းပါ ထွက်ကျလာသည် ။
"ချစ်လှပါရဲ့ ကြိုက်လှပါရဲ့ ဆိုတဲ့လေပြေလေးနဲ့ အလကားညာချွေသွားမှာထက်စာရင် သူ့ပန်းဈေးကွက်မှာ ရောင်းတန်းတင်လိုက်ပါတဲ့"
သိမ်းသွင်းလိုက်ပုံ... ။

( ၅ )
မိခင်အကိုင်းက ဦးညွှတ်နေမှတော့ ပန်းကလေးခဗျာ မငြင်းသာပြီ... ။
စိတ်ရှိသလိုသာချွေစေတော့ဟုဆုံးဖြတ်ပြီး
မျက်စိကိုမှိတ် အံတင်းတင်းကြိတ်လို့ ကြွေခဲ့ရတဲ့ မျက်ရည်တွေနောက်ကွယ်မှာ
နဂို ဓနိမိုးထရံကာ တဲသာသာယိုင်နဲ့နေသော ဂေဟာလေးသည် ယခုတော့ ပျဉ်ထောင်သွပ်မိုးနှင့် နေအိမ်ဟု ဆိုသာခဲ့ပြီ ။
မိခင်အကိုင်းမှာလဲ ရွှေတွဲရွဲ ငွေတွဲရွဲနှင့် စက္ကူချပ်အထက်က ကုလားနှစ်ကောင်ကိုဂရုစိုက်ဖို့ ချိန်းပွဲတွေ အသံမာနိုင်ခဲ့ပြီ ။
ဖခင်ပင်စည်ကြီးမှာလည်း ဆေးဝါးကုသခံ လန်းဆန်းလာပြီ.... ။
ဒီလိုသာမန်အဆင်ပြေမှုလေးပိုင်ဆိုင်ရဖို့အတွက်ပင် ဘ၀နဲ့မျက်ရည်ကို လောင်းကြေးထပ် ရင်းခဲ့ရတဲ့ပန်းလေးဟာ
ဝံပုလွေရဲ့ ပန်းဈေးကွက်ထဲမှာတော့ ဒုတိယတန်းစားနေရာကို ပြုတ်ကျသွားရရှာပြီ... ။
ရုန်းထွက်ဖို့စိတ်ကူးကြည့်ပြန်တော့လည်း ပြန်လည်တိုးဝင်ရှင်သန်ရမှာက တစ်ချိန်က အခွံဟောင်းဖြစ်သော
ငါးစိမ်းတန်း... ။
ဒီလိုနဲ့ ကြွေရာကနွမ်းလာတဲ့ပန်းလေးဟာ နွမ်းရာကထပ်ပြီး ပိုးကိုက်လာသောအခါ ပန်းဈေးကွက်မှ
စွန့်ပစ်ခြင်း ခံခဲ့ရသည်... ။

( ၆ )
နံရံမျက်နှာကျက်နဲ့ ကြမ်းပြင်ကြားမှာ ပိန်လှီပြားချပ်နေရှာတဲ့ပန်းလေးတစ်ပွင့်သည်
လူနာကုတင်တစ်လုံးထက်၌ ၀င်တစ်ချက် ထွက်တစ်ချက် ပျက်တောက် ပျက်တောက်နဲ့အသက်ရှုရင်း …
"လူတွေနဲ့ လောကကြီးက သိပ်ကိုရင်နာဖို့ကောင်းတာပဲ"ဟု
လေသံမျှင်းမျှင်းလေးနဲ့ အားတင်းပြောရင်း …
မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့မဲ့ပြုံးလေးတစ်ချက်နဲ့ ပန်းကလေး အဆုံးသတ်ကြွေသွားခဲ့ပြီ... ။
ဝံပုလွေတစ်ကောင်ရဲ့ အပြုံးတစ်ချက်မှာ ဈေးကွက်ထဲ သိမ်းသွင်းခံလိုက်ရတဲ့ ပန်းလေး ...
ဘီလူးတစ်ကောင်ရဲ့ အပြုံးတစ်ချက်မှာ ပန်းဦးပေးချွေ မျက်ရည်တွေဝေခဲ့ရတဲ့ ပန်းလေး ...
"အခုတော့"
သူ့ရဲ့ အဆုံးသတ် ခပ်ယဲ့ယဲ့မဲ့ပြုံးတစ်ချက်မှာ
အိမ်သူသက်ထားနဲ့ ချစ်သူရည်းစားအပေါ် သစ္စာမထားတဲ့ ဖေါက်လွှဲဖေါက်ပြန်တွေ
အစုလိုက် အပြုံလိုက် သူ့နောက်လိုက်လို့ကြွေရဦးမည်..... ။


( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်..... ဝေမင်း......)

1 comments:

On May 7, 2009 at 1:07 AM , flowerpoem said...

အသုတ်စုံ အက်ဆေးများ လာစားသွားပါတယ် အဲလေ ယောင်လို့ လာဖတ်သွားပါတယ်ရှင်...