ဆန်ဖရန်စစ္စကို - မိုက်ခရိုဆော့ဖ်၏ အချက်အလက်ရှာဖွေရေး ဝန်ဆောင်မှုသစ် ဖြစ်သည့် Bing ကို မေလ ၂၈ ရက်နေ့တွင် မိုက်ခရိုဆော့ဖ်မှ တရားဝင် ထုတ်ပြန်ကြေငြာခဲ့သည်။ လူအများ အင်တာနက်တွင် ရှာဖွေသည့် သတင်းအချက်အလက်ကို ခံစား နားလည်နိုင်အောင် နှင့် အဆိုပါ ဝန်ဆောင်မှုနယ်ပယ်၏ ဘုရင်တစ်ဆူဖြစ်နေသည့် ဂူဂယ်လ်ကို စိန်ခေါ်နိုင်ရန်အတွက် Bing ကို မိုက်ခရိုဆော့ဖ်မှ ပုံစံထုတ်တည်ဆောက် ထားခြင်းဖြစ်သည်။
အမေရိကန်အခြေစိုက် ဆော့ဖ်ဝဲလ် ကျွမ်းကျင်သူများက Bing အား ကိုယ်ပိုင် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသော ဝန်ဆောင်မှု အဖြစ် ရှုမြင်ကြပြီး ယခုအခါ အဆိုပါ ဝန်ဆောင်မှုအား စတင်သုံးစွဲနိုင်နေပြီ ဖြစ်သည်။
"ဒီကနေ့ တွေ့မြင်နေရတဲ့ အချက်အလက်ရှာဖွေရေး ဝန်ဆောင်မှုတွေဟာ လူတွေကို အင်တာနက်တလွှား လှည့်ပတ် သွားလာနိုင်အောင် နဲ့ လိုအပ်တဲ့ အချက်အလက်တွေ ရှာဖွေပေးဖို့အတွက်ဆိုရင်တော့ အတော်လေး စွမ်းဆောင်နိုင်ကြပါတယ်။ ဒါပေမယ့် လူတွေရရှိလာတဲ့ အချက်အလက်တွေကို ဘယ်လိုသုံးစွဲရမယ်ဆိုတာနဲ့ ပတ်သက်လို့တော့ အကူအညီ ပေးနိုင်စွမ်း မရှိကြပါဘူး" ဟု မိုက်ခရိုဆော့ဖ်မှ အဆင့်မြင့် အမှုဆောင်အရာရှိ စတီးဗ်ဘောလ်မားက ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "ကျွန်တော်တို့ Bing ကို စပြီး တည်ဆောက်တဲ့အချိန်မှာ လူတွေ အင်တာနက်ကို ဘယ်နည်းဘယ်ပုံ အသုံးပြုချင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး လေးလေးနက်နက် နားလည်နိုင်အောင် သေသေချာချာ ကြိုးစားခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
မိုက်ခရိုဆော့ဖ်၏ အဆိုအရ Bing သည် စာလုံးများသာမက စာကြောင်းများ၏ အဓိပ္ပာယ်ကိုပါ နားလည်နိုင်အောင် တည်ဆောက်ထားသဖြင့် Bing သည် စာလုံးတစ်လုံးချင်းစီကို သိရှိနားလည်ရုံမက စကားစုများကိုပါ နားလည်နိုင်စွမ်းရှိသည်ဟု သိရသည်။
အစဉ်အလာအားဖြင့် အဆိုပါ ရှာဖွေရေး ဝန်ဆောင်မှုများသည် အသုံးပြုသူ ရှာဖွေသည့် စာလုံးများကို အင်တာနက် စာမျက်နှာများတွင် ရှာဖွေတွေ့ရှိသော စာလုံးများနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ခြင်းအပေါ်၌ မှီခိုနေရသည်။
ဝါရှင်တန်ပြည်နယ် ရက်ဒ်မွန်မြို့တွင် အခြေစိုက်သည့် မိုက်ခရိုဆော့ဖ်၏ အဆိုအရ Bing သည် ယနေ့ အချက်အလက်ရှာဖွေရေး ပုံစံထက် သာလွန်သည်။ Bing သည် အချက်အလက်ကို အသိအမှတ်ပြု နားလည်နိုင်စွမ်းရှိပြီး အသုံးပြုသူရှာဖွေလိုသည့် အကြောင်းအရာကို လိုက်လျောညီထွေ တုံ့ပြန်နိုင်စွမ်းလည်း ရှိသည်ဟု သိရသည်။
ဝန်ဆောင်မှုသစ် Bing ၏ အဓိကပစ်မှတ်မှာ မိုက်ခရိုဆော့ဖ်၏ အကြီးဆုံးယှဉ်ပြိုင်ဘက် ဖြစ်သည့် အင်တာနက် အချက်အလက် ရှာဖွေရေး ဈေးကွက်တစ်ခုလုံးအား ကောင်းစွာထိန်းချုပ်ထားနိုင်သည့် ဂူဂယ်လ်ပင် ဖြစ်သည်။ ဂူဂယ်လ်နှင့် ရာဟူး တို့ပြီးလျှင် ခပ်လှမ်းလှမ်း တတိယနေရာတွင် ရှိနေသည့် မိုက်ခရိုဆော့ဖ်၏ MSN Live Search ကို Bing ဖြင့် အစားထိုးရန် မိုက်ခရိုဆော့ဖ်မှ ရည်ရွယ်ထားသည်။
ှSource & Photo: AFP
နောက်ဆက်တွဲ - Bing Search Engine ၏ အစမ်း Beta version ကို ဒီနေရာ တွင် အသုံးပြုနိုင်ပြီး ဇော်ဂျီယူနီကုဒ် စာလုံးများကို အသုံးပြု၍လည်း မြန်မာလို ရိုက်၍ ရှာဖွေနိုင်သည်။
မှတ်ချက်။ ။ ဤသတင်းအား သံလွင်အိမ်မက်မှ ကူးယူဖော်ပြပါသည်။
( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်.... ဝေမင်း......)
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
1 comments:
အင်း... အသစ်အသစ်တွေပေါ်လာတော့လဲ သုံးကြည့်ရတာပေါ့ဗျာ။ ကျေးဇူးပါ။