မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

တစ်ရံရောအခါက စိတ်ဝတ်အင်္ကျီ

Filed under: by: ဆည်းဆာသံစဉ်

ကျတော် ပန်းမကြိုက်တဲ့ချစ်သူကို ပန်းပေးပြီးချစ်ရေးဆိုခဲ့ဖူးတယ် ။
ဘာဖြစ်ခဲ့မယ်လို့ ခင်ဗျားထင်လည်း ...?

"ငြင်းဆိုခံလိုက်ရတာပေါ့ဗျာ"
"ပက်ပက် စက်စက်"

ခင်ဗျားအမြင် ကျတော်ကြေကွဲသင့်တယ်လို့ ထင်လား ...?

"နည်းနည်းပေါ့'

နည်းနည်းလေးဆိုပေမယ့် ကျတော် တစ်ကယ်ကိုကြေကွဲခဲ့ရတာပါ ။
ဒါပေမယ့် သူမအချစ်တွေ တစ်စုံတစ်ယောက်ကိုမပေးလိုက်မခြင်း ကျတော် သူ့အချစ်ကိုရဖို့ ကြိုးစားပိုင်ခွင့် ရှိနေသေးတယ်မဟုတ်လား ။
ချစ်တာကို ချစ်တယ်လို့ပြောပြီး တစ်ကြိမ်ငြင်းဆိုခံလိုက်ရရုံနဲ့ နောက်ဆုတ်လိုက်မယ်ဆို ပြောမိတဲ့ ကျတော့အချစ်ဆိုတာက ကောင်းကင်ဆီမှာ ထလက်တဲ့ လျှပ်စီးမှ မဟုတ်တာ။
ဒါကို သူမနားလည်အောင်ကြိုးစားဖို့ ကျတော့မှာ တာဝန်ရှိနေပါတယ် ။
တစ်ကယ်တော့ သူမငြင်းဆိုလိုက်တာဟာလည်း ကျတော့ကိုမှ မဟုတ်တာ ။
သူမငြင်းဆိုလိုက်တာဟာ လွဲမှားမှုတစ်ခုကို ဒါမှမဟုတ် ကျတော့ ညံ့ဖျင်းမှု သက်သက်ကိုပါ ။
ဒါ့ကြောင့် .. ကြေကွဲမှုပါးပါးလေးယစ်မူးလာတဲ့ ရီဝေေ၀ညနေခင်းလေးတစ်ခုမှာပေါ့ ...ကျတော် ကျနေတဲ့စိတ်ဓါတ်တွေကို ပြန်ပြီးကောက်ယူလိုက်တယ် ။
ဟုတ်တယ်လေ ... စိတ်ဓါတ်ဆိုတာ တစ်ကြိမ်ကျရုံနဲ့ ကွဲကြေသွားစရာမှ မဟုတ်တာ။
************

ဒဏ်ရာတိုင်းတွင် နာကျင်မှုရှိသည်ဟု ကျတော်ထင်ပါသည် ။
သို့သော် ဒဏ်ရာသက်သာလာသည်နှင့်အမျှ နာကျင်မှုတို့သည်လည်း သက်သာလာရမည် ။
ဒဏ်ရာပျောက်ကင်းသည့်အခါ နာကျင်မှုတို့သည်လည်း ပျောက်ကင်းရမည် ဖြစ်ပါသည် ။
တစ်ကယ်တမ်းပြောရမည်ဆိုလျှင် ဒဏ်ရာမပျောက်ကင်းမီအချိန်၌ပင် နာကျင်မှုတို့ ပျောက်ကင်းသင့်ပါသည် ။

"အမာရွတ်"

ခင်ဗျားက အမာရွတ် (Scar) အကြောင်းပြောချင်သေးလို့လား ...?
ဒါဆို ကျတော် တစ်ခွန်းတည်း အပြတ်ပြောလိုက်ပါ့မယ် ။

"အချစ်စိတ် ဒဏ်ရာတွင် အမာရွတ် မရှိပါ ။"

တစ်ကယ်တမ်းပြောရလျှင် သူမ၏ ငြင်းဆိုခံလိုက်ရခြင်းအတွက် ကျတော့တွင် ခပ်ပါးပါးလေးတော့ ဒဏ်ရာရခဲ့ပါသည် ။
ထို့ကြောင့် နာကျင်နေရသောအခိုက်အတန့်အတွင်းမျာတော့ ကျတော် သူမကို လုံးဝ မတွေ့လိုပါ ။
သို့သော် ငေးနေကျမျက်ဝန်းလေး၏အငေးထဲတွင်တော့ သူမရှိနေမြဲဖြစ်ပါသည် ။
လူချင်းမတွေ့ဖြစ်ကြသည်မှာ တစ်ပါတ်ခန့်ကြာပြီဖြစ်သော်လည်း သူမ ကျတော့ထံ လုံးဝ ဖုန်းမဆက်ခဲ့ပါ ။
ထိုသို့ သူမဘက်မှ အဆက်အသွယ်လုပ်မလာခြင်းတွင် ကျတော်၏ခေါင်းထဲ၌ အက်ဒီဆင် ပထမဆုံး စမ်းသပ်အောင်မြင်ခဲ့သော မီးသီးလို အတွေးတစ်ခုက ရုတ်တရက် ထ၍လင်းတော့သည် ။

"အချစ်ကိစ္စတွင် တစ်စုံတစ်ယောက်ကြောင့် ဒဏ်ရာရခဲ့သည်ဆိုပါက ထိုဒဏ်ရာအား ထိုတစ်စုံတစ်ယောက် မမြင် မြင်အောင် ပြသရပေလိမ့်မည် ။"

ထို့ကြောင့် ကျတော် သူမဆီ ဖုန်းပြန်ဆက်ဖြစ်ခဲ့သည် ။
သူမကတော့ လတ်တလောဖြစ်ပျက်ခဲ့ခြင်များကို အတိတ်မေ့နေသလိုလို ရွှေပျောက်နေသလိုလိုလုပ်ကာ မသိကျိုးကျွံပြုနေသည် ။
ပြီးတော့ မတွေ့တာကြာပြီဖြစ်ကြောင်းနှင့် ဘယ်ရောက်နေလဲဟုသာ မေးရှာသည် ။

"ကျတော် ဘာပြန်ပြောဖြစ်ခဲ့မယ်လို့ ခင်ဗျားထင်ပါသလဲ"

ဘာမှ မယ်မယ်ရရလုပ်စရာမရှိသော ကျတော့လိုဝေလေလေကောင်မှာ တွေ့ကရာသူငယ်ချင်းနှင့် ၀ါးလားလားလုပ်ခြင်းဖြင့်သာ အချိန်တွေကုန်နေခဲ့ပါသည် ။
သို့သော် .. သူမကိုတော့ ပင်လယ်ဘက် ခရီးထွက်ရန်ပြင်ဆင်နေ၍ မအားလပ်ကြောင်းပြောခဲ့မိသည် ။
သူမက ဘာ့အတွက်ကြောင့်သွားမှာလဲဆိုတာနဲ့ ဘယ်လောက်ကြာမှာလဲလို့တော့မေးရှာသည် ။
ကျတော့တွင်ရှိနေသော ဝေဒနာပြတိုက်တစ်ခုလုံး ပင်လယ်ဘက်ဆီသွားရောက်စွန့်ပြစ်ဖို့ဖြစ်ကြောင်း ကျတော် သူမကို ခပ်ပြတ်ပြတ်ပဲ ပြန်ပြောဖြစ်လိုက်သည် ။

"သူမ တစ်စုံတစ်ရာ ခံစားသွားရလိမ့်မယ်လို့ ခင်ဗျားထင်လား"

ခင်ဗျား အထင်ရှိခဲ့မယ်ဆိုရင် ကျတော်လည်း အဲဒီလို မျှော်လင့်ခဲ့မိတာကိုတော့ မရှက်စတမ်း ၀န်ခံပါသည် ။
တစ်ကယ်တမ်းသူမပြန်ပြောလာတာက "ကောင်းတာပေါ့တဲ့။"
ကုန်းမြေပေါ်မှာ ဝေဒနာပြတိုက်တစ်ခုလုံး စွန့်ပြစ်မယ်ဆိုရင် မြို့တော်စည်ပင်ဥပဒေနှင့် မညီညွတ်သောကြောင့် ပြသနာဖြစ်နိုင်ကြောင်း သူမကပင် ပြန်၍ ရှင်းပြနေသေးသည် ။
ဒါပေမယ့် ဟန်ဆောင်ခြင်းထဲတွင် ဘယ်လိုပဲ သွေးအေးအေးနှင့် ၀င်ရောက်ပုန်းခိုနေစေဦးတော့ သူမ၏ ဆန္ဒတစ်စွန်းတစ်စကိုတော့ ကျတော် တွေ့မြင်လိုက်ရသည် ။

"ပြန်ရောက်လျှင်တော့ ရောက်ရောက်ခြင်းဖုန်းဆက်ပါတဲ့"

သို့သော် ကျတော် ပင်လယ်ဆီ တစ်ကယ်မသွားဖြစ်ခဲ့ပါ ။
ကျတော် သူမဆီ ဖုန်းဆက်ဖြစ်မယ့်နေ့ဟာ ကျတော်ပင်လယ်မှပြန်ရောက်သောနေ့ဟု သူမ အလိုလိုယုံကြည်နေလိမ့်မည် ။
ကျတော်ဖုန်းဆက်ဖြစ်တော့ သူမက တွေ့လိုကြောင်းပြောလာသည် ။
သို့သော် သူမပြောလာသောတွေ့လိုမှုတွင် အကြောင်းပြချက်တစ်ခုနှင့် အကာအကွယ်ယူထားပြီးသားဖြစ်သည် ။
ကျတော် သူမနှင့် မတွေ့ဖြစ်သည်မှာ တစ်လခန့်ကြာခဲ့ပြီ ။
ထို့ကြောင့် ပင်လယ်မှပြန်လာသည်ဆိုသောကျတော် အသားမဲသွားလား ၊ပိန်သွားလား စသဖြင့် မြင်လိုပါသည်ဟု သူမ ပြောလာသည် ။
ကျတော် သူမ၏အလုပ်ပြန်ချိန်လေးတွင် သွား၍ စောင့်နေခဲ့မိပြီ ။
ကျတော့ကိုတွေ့လျှင် တွေ့တွေ့ခြင်းပင် အနည်းငယ်ပို၍ ပေတိပေစုပ်ဖြစ်သွားကြောင်း သူမက အားမနာစတမ်း ပြောပါသည် ။
သူမဆီ ပုံမှန်လာ၍စောင့်နေရန်မလိုသော အချိန်တစ်လခန့်တွင် ကျတော် အပူအပင်ကင်းမဲ့စွာ လေချင်သလို လွင့်နေမိ၍ဖြစ်လိမ့်မည် ။

****************

မုဆိုးလည်း သားကောင်ဖြစ်နိုင်၍ သားကောင်လည်းမုဆိုးဖြစ်နိုင်သည်ဟူသော ကံကြမ္မာတွင် ကံအခွင့်သင့်ခြင်းတစ်ခုတော့ပါရလိမ့်မည်ဟု ကျတော်ထင်ပါသည် ။
ကျတော်၏ ကံအခွင့်သင့်ခြင်းတစ်ခုမှာ ဆူနာမီဖြစ်သည် ။
သို့သော် ထိုကံအခွင့်သင့်ခြင်းတွင် ကျတော့်ကိုယ်ကျတော် မုဆိုးလော သားကောင်လော မခွဲခြားတတ်ခဲ့ပါ ။

"မိမိကိုယ်မိမိတော့ မုဆိုးလို့ပဲ ယုံကြည်ခဲ့တာပေါ့ဗျာ"

ကျတော်ဆူနာမီလို့ပြောတာနဲ့ ဆူနာမီဘာဆိုတာ ခင်ဗျားလည်းသိပြီးသားပါ ။
အဲသည်နေ့က ကျတော် ပင်လယ်မှပြန်ရောက်ပြီးသော ဒုတိယနေ့ဟု သူမ ယုံကြည်ထားတဲ့နေ့။
ကျတော် သူမကိုသွားစောင့်နေကျ ရွှေဝါရောင်ညနေခင်းလေးမှာ ဆူနာမီသတင်းက ပွက်ပွက်ဆူနေပြီဖြစ်သည် ။
ရုပ်မြင်သံကြား သတင်းတွင်လည်း ဆူနာမီ ။
ရေဒီယိုသတင်းတွင်လည်း ဆူနာမီ။
သတင်းစာ ၊ ဂျာနယ် ၊ စာစောင်များမှအစ လူတွေပြောသမျှ စကားအားလုံးသည်လည်းဆူနာမီ ။
နောက်ဆုံး သူမပြောသော စကားလုံးများအားလုံးသည်လည်း ဆူနာမီသာဖြစ်နေတော့သည် ။
သို့သော် ကျတော် ဆူနာမီအကြောင်းလုံးဝ မပြောဖြစ်ခဲ့ပါ ။
ကျတော် ပြောဖြစ်ခဲ့သည်မှာ " ခုတော့ ကိုယ်တစ်ကယ် စိတ်မကောင်းဖြစ်ရပြီကွာ " ဟုသာဖြစ်သည် ။
ထိုအခါ " ဟင် " ဆိုသော စကားလေးတစ်ခွန်းဖြင့် သူမ ရုတ်တရက် တွေဝေသွားခဲ့သည် ။

" ဟုတ်တယ်လေ "
" တစ်ကယ်ဆိုရင် ကိုယ်ပင်လယ်ဆီသွားပြီး စွန့်ပြစ်ခဲ့တဲ့ ကိုယ့်ဝေဒနာလှိုင်းတွေစုပေါင်းပြီး အခုလို လောကသဘာဝအလှနဲ့ လူသားတွေအတွက် အင်အားကြီးမားလှတဲ့ အန္တရာယ်ဆိုးကြီး ဖြစ်လာလိမ့်မယ်လို့ ကိုယ်လုံးဝ မတွေးခဲ့မိဘူး "

ကျတော့ စကားအဆုံးတွင် သူမ လုံးဝ ခေါင်းငိုက်စိုက်ကျသွားတော့သည် ။
ပြီးမှ မပွင့်တပွင့်အသံလေးနှင့်ပြန်မေးလာတာ " ဒါတကယ်ပဲလားရှင် " တဲ့ ။
ကျတော် သူမကို ဘာမှပြန်မပြောဖြစ်ပဲ အဝေးတစ်နေရာကို ခပ်တွေတွေလေး ငေးနေမိလိုက်သည် ။
သူမထံမှ " ခွင့်လွှတ်ပါရှင် " ဟူသော စကားလေးနှင့် နွေးထွေးအိစက်သော သူမ၏လက်အစုံသည် ကျတော့ ညာလက်မောင်းအား ခပ်တင်းတင်းလေး ဆုပ်ကိုင်တောင်းပန်လာသည် ။

"တစ်ကယ်ပါ "
" ပွဲတော်ရာသီ မဟုတ်ပေမယ့် ကျတော့ရင်ထဲ ဘင်ခရာတီးဝိုင်းလှည့်တီနေတာ "

မှတ်မှတ်ရရ အဲဒီနေ့က ဆူနာမီနေ့ပေါ့ ။
သူမ ကျတော့ကို ချစ်သွားခဲ့ပြီလား ....?
ကျတော်တို့ ချစ်သူတွေဖြစ်သွားကြပြီလား ....?
ကျတော်ကိုယ်တိုင် မသိလိုက်ပေမယ့် သူမရဲ့ပါးပြင်ထက်မှာတော့ အဦးဆုံးနှင်းဆီတစ်ခင်းကို ခပ်ပြင်းပြင်းလေး စိုက်ပျိုးပြစ်လိုက်မိသည် ။
္တ္တ္တ္တ္တ................................

"ခင်ဗျား အိပ်မက် မက်ဖူးလား ....?"
"မက်ဖူးတယ်ဆိုရင် အိပ်မက်တစ်ခုကို ခင်ဗျားစိတ်တိုင်းကျ မက်ခွင့်ရဖူးလား....?"

တစ်ကယ်တော့ အချစ်ဆိုတာ ကိုယ်က မက်ခဲ့ရတယ်ဆိုပေမယ့် သူမက်ချင်သလို သူမက်ချင်သလောက်သာ မက်ခွင့်ရတဲ့ အိပ်မက်တစ်ခုပဲ ။
ကျတော် ဒီခံစားချက်တွေကို ကျတော့သူငယ်ချင်း ကျားတစ်ကောင်ကို ပြောပြခဲ့ဖူးတယ် ။
သူပြန်ပြောလာတာက အချစ်ဆိုတာ မတော်တဆ ခလုတ်တိုက်မိကြသလို နာကျင်မှုတစ်ခု မဟုတ်ရင် တစ်သက်စာ အမှားပြင်ဆင်ခွင့်မပါတဲ့ ဇာတ်ညွှန်းတစ်ခုတဲ့ ။
ဒါ့ကြောင့် အိပ်မက်တစ်ခုကို မက်ခွင့်ရနေစဉ် မှာ စိတ်တိုင်းကျ မက်ပိုင်ခွင့်ရှိရမယ်ဆိုသော သူ၏အမြင်နှင့် သူ၏ပြောစကားများတွင် အချစ်၏အရသာမှာ စပ်ပူစပ်လောင် ခါးသီးလှသည် ။
တစ်ကယ်တမ်း ကျတော်ခံစားနေသောအချစ်မှာ သာယာချိုမြိန်ခြင်းသက်သက်များသာ ဖြစ်နေခဲ့သည် ။
ဤတွင် ကျတော်၏နှလုံးသားတစ်နေရာ၌ အဟာရမျှတခြင်းဝေဒနာကို ကျတော် စတင်ခံစားခဲ့ရသည် ။
ဒါကို သူမတော့ မရိပ်မိခဲ့ပါ ။
ထိုစဉ်က ကျားတစ်ကောင်ပြောပြလာသော မကြားဝံ့မနာသာစကားများကို ကြားဝံ့နာသာဖြစ်စေရန် ကျတော် ကျားခေါင်းမျက်နှာဖုံးတစ်ခုစွပ်၍ နားထောင်ခဲ့ရခြင်းဖြစ်သည် ။
သို့သော် ထိုမျက်နှာဖုံးအား ကျတော်ပြန်၍ ချွတ်ခဲ့သော်လည်း ကျတော်၏အသိတရားတွင် ကျားတစ်ကောင်၏ညာဉ်အား ဆက်လက်ဝတ်ဆင်ထားခဲ့မိသည် ။
ပြသနာမှာ ကျတော်သည် သူမအတွက် ကျားစစ်စစ်တစ်ကောင်လည်း မဖြစ်ခဲ့ပါ ။
..................................

ကျတော်ဝတ်ဆင်ထားမိသော ကျားတစ်ကာင်၏ညာဉ်နှင့် သူမကို ခပ်ရဲရဲလေးချစ်တတ်လာသောနေ့ရက်များသည် အရသာကုန်စပြုလာပြီဖြစ်သော ပီကယ် ( Gum ) တစ်ခုလို မာဆတ်ဆတ်နိုင်နေခဲ့ပြီ ။
ဒီလိုနဲ့ သမရိုးကျ မပြေလည်မှုအဖုအထစ်လေးတွေကလည်း အကြီးမားဆုံးတောင်တန်းကြီးဖြစ်ဖို့ အသင့်ပြင်လို့ ။
သာမန် ဝေးကွာမှု တဒင်္ဂလေးတွေကလည်း အဝေးဆုံးကို ဆွဲဆန့်ပြစ်ဖို့ အသင့်ဖြစ်လို့ ။
သို့သော် ကျန်ရှိနေသေးသော ချိုမြိန်ခြင်းတစ်စုံတစ်ရာအတွက် နောက်ထပ် ၀ံပုလွေတစ်ကောင်၏ ညာဉ်ကို ကျတော်
ဝတ်ဆင်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည် ။

" ခင်ဗျားမှာ ချစ်သူတစ်ယောက်ခြင်းစီအတွက် အမှတ်တရနေ့လေးတွေ သိမ်းထားဖူးလား ....? "

ကျတော့မှာတော့ သူမနဲ့ပါတ်သတ်လို့ သိမ်းထားတဲ့ အမှတ်တရနေ့လေးတစ်နေ့ ရှိခဲ့သည် ။
မှတ်မှတ်ရရ အဲဒီနေ့က ဥသြငှက်တစ်ကောင်တောင် ဆိုနေကျအလွမ်းတေးကို မေ့သွားရမယ့် နွေဆိုမှ နွေတဲ့နေ့ ။
သူမ ကျတော့ဆီ ဖုန်းဆက်လာသည် ။

" သူမ အလုပ်နေ့တစ်ဝက်ပဲဆင်းရသည် ... လာကြိုပါတဲ့ "

အဲဒီနေ့က ကျတော်ဝတ်နေကျ ၀ံပုလွေညာဉ်ကို ၀တ်ဆင်ပြီး သူမကို သွားစောင့်နေခဲ့မိသည် ။
သူမနဲ့တွေ့တော့ ထုံးစံအတိုင်းမေးလာတာ " ဘယ်သွားကြမလဲပေါ့ "
တစ်ကယ်တမ်းပြောရလျှင် သွားနေကျ ပန်းခြံတွေဆိုတာက သိပ်ကို ပျင်းဖို့ကောင်းနေခဲ့ပါပြီ ။
သူမပြောနေကျ တွတ်တီးတွတ်တာစကားတွေကိုလည်း ကျတော် တစ်ကယ်ကို ငြီးငွေ့နေခဲ့ပါပြီ ။
ဒါ့ကြောင့်ပဲ ကျတော် သူမနားကိုကပ်ပြီး စကားလေးတစ်ခွန်းပြောဖြစ်လိုက်သည် ။
ဤတွင် လှချင်ယောင်ဆောင်နေသော ရုပ်ဆိုးမလေး သူမထံမှ အနည်းငယ်ပြူးသယောင်ယောင်ရှိသော မျက်ဝန်းအစုံတို့သည် သိသိသာသာကြီး ၀ိုင်းစက်သွားကြသည် ။
သူမထံမှ စကားလုံးတွေ ဆွံ့အသွားတဲ့တစ်ဒင်္ဂလေးမှာတော့ ရွက်ကြွေသံမှတစ်ပါး တစ်နွေလုံး တိတ်ဆိတ်လို့။
ပြီးမှ အင်မတန်မှလေးလံလွန်းလှဟန်ရှိသော သက်ပြင်းချသံတစ်ခုနှင့် သူမ စကားပြန်ပြောလာခဲ့သည် ။
သူမ ပြောလာတာက " ဒါဆိုရင်လည်း လက်ထပ်ကြရအောင်လား ကိုရယ်တဲ့ "

"ခင်ဗျားမှာ ချစ်သူတစ်ယောက် ရှိခဲ့ဖူးလား ...? "
" ရှိခဲ့ဖူးတယ်ဆိုရင် အဲဒီချစ်သူက လက်ထပ်ဖို့ တောင်းဆိုခဲ့ဖူးလား ...? "
"တောင်းဆိုခဲ့ဖူးတယ်ဆို ခင်ဗျား ဘယ်လိုခံစားခဲ့ရလည်း ....? "

ကျတော်ကတော့ ဖုံးကွယ်မရတဲ့ အလိုမကျစိတ်နဲ့ သူမကို အသံခပ်မာမာ ခပ်ဆတ်ဆတ်လေး ပြန်ပြောဖြစ်ခဲ့သည် ။

" မယုံရဲရင် ဒဂုံထဲထိ မလိုက်ခဲ့ပါနဲ့ ခင် "
" ကြိုးတံတားကြီးက လှုပ်စိလှုပ်စိနဲ့ "
" စိတ်ချရတာ မဟုတ်ဖူး "

ကျတော့ စကားအဆုံးမှာတော့ သူမထံမှ " ဟက် " ကနဲ လှောင်၇ယ်သံတစ်ခုနဲ့ သူမပြန်ပြောလာတာ " ဒါဆိုရင်လည်း အိမ်ပြန်မယ်တဲ့ "
ကျတော် အလိုမတူသူကို ဘယ်သောအခါကမှ မသိမ်းသွင်းခဲ့ဖူးပါ ။
သူမက ပြန်မယ်ဆိုတော့လည်း ကျတော်က " အေး .... မင်းပြန်တော့ပေါ့ "
ဒါပေမယ့် ကျောခိုင်းလှည့်ထွက်သွားတဲ့ သူမကျောပြင်လေးကိုတော့ ကျတော် မျက်စိတစ်ဆုံး ငေးနေခဲ့မိသေးရဲ့ ။
သူမကတော့ ကျတော့ကို လုံးဝ ပြန်လှည့်မကြည့်တော့ပါ ။
အဲသည်နေ့က သူမကျောခိုင်းသွားခြင်းသည်လည်း ဘယ်သောအခါမှ ပြန်မဆုံနိုင်တော့သော ကျောခိုင်းခြင်းဖြစ်လိမ့်မယ်လို့ ကျတော် လုံးဝတွေမထားခဲ့မိပါ ။
ထိုသို့ သူမ ကျောခိုင်းသွားပြီးသည့်တိုင် ကျတော် သူမနှင့်တွေ့ဆုံခွင့်ရတိုင်း ၀တ်ဆင်နေကျ ကျားနှင့် ၀ံပုလွေညာဉ်တို့အား ပြန်၍ ချွတ်မထားခဲ့မိပေ ။
ထိုညာဉ်တို့၏ ပရောဂကြောင့်ပင် ကျတော့ကိုယ်ကျတော် ဘာကောင်မှန်း မသိတော့ခြင်းက ခက်နေသည် ။

" တစ်ဆိတ်လောက် "
" ကျေးဇူးပြု၍ "
" ခင်ဗျားသိရင် သေသေချာချာလေး ပြောပြခဲ့စမ်းပါဗျာ "
" ကျတော် ဘာကောင်လည်းဆိုတာကိုပေါ့ "
................................................

ခုတော့ သူမ မရှိတော့ပြီဆိုတဲ့အသိနဲ့ ကမ္ဘာမြေက ဒီရင်ကိုမှ ဆွဲအားပိုနေလား ......?

" လေးလိုက်တာ "

သူမ မရှိတော့တဲ့ ညနေခင်းတွေဟာလည်း ရွှေအိုရောင်မလှပတော့။
သူမ မရှိတော့မှ သူမကို သိပ်တမ်းတနေမိတဲ့အကြောင်း ပြောပြချင်လိုက်တာ။
ဒါပေမယ့် ပြီးခဲ့တာတွေ ပြီးပါစေတော့ ။
" အိမေခင် "ဆိုတာကလည်း ကျောင်းတုန်းကလို ဆရာ၊ ဆရာမ စာမေးခံရတိုင်း ကတုန်ကရင်နဲ့ ကျက်ထားသမျှစာတွေ မေ့သွားတတ်တဲ့ ကောင်မလေးမှ မဟုတ်တော့တာ ။
မကျေနပ်လို့ တစ်ကပြန်စတယ်ပဲထားဦး ... ဘယ်လိုမှ အသစ်ကပြန်စလို့ မရတော့ပြီဖြစ်တဲ့ဇာတ်လမ်း ။
ဇာတ်သိမ်းခန်းပြီးဆုံးခဲ့တာကလည်း တစ်လကျော်ကြာခဲ့ပြီ ။
ခုတော့ ကျတော် သီချင်းဆိုချင်နေသည် ။
ဖြစ်နိုင်လျှင် တယောလေးထိုးပြီး ဝေဒနာကို မျှင်းမျှင်းလေးညည်းချင်နေတာပါ ။
အရင်ကဆို သီချင်းတစ်ပုဒ်ညည်းဖို့ တစ်ညလုံး မူးနေရတဲ့ ကျတော် ။
ခုတော့ ဆိုချင်နေခဲ့တာမှ တစ်ခါတစ်ပါးကမှ မဆိုဖူးတဲ့ တစ်ကယ့် အလွမ်းအဆွေးသီချင်း ။
ဒီလိုနဲ့ ဆောက်တည်ရာမရ ဆွဲကိုင်မိတဲ့ ဂစ်တာတစ်လက်နဲ့ အလွမ်းအဆွေးသီချင်းကို မဆိုညည်းတတ်တော့ ငေးမိငေးရာ ငေးနေခဲ့မိသည် ။
ထိုသို့ ငေးနေမိရာလမ်းမပေါ်မှာပေါ့ လူတွေ ဟိုတစ်စု ဒီတစ်စုနှင့် တစ်နေရာရာ ဦးတည်သွားနေကြတာကို သတိပြုမိလာသည် ။
စိတ်ထဲ နည်းနည်းတော့ ထူးဆန်းသလိုခံစားမိလို့ မျက်မှန်းတန်းမိသူတစ်ယောက်ကို မေးမြန်းစပ်စုကြည့်တော့မှ " ပင်လယ်ရဲ့ မျက်လှည့်ပြပွဲကို သွားကြည့်ကြမလို့တဲ့ "

" တစ်ကယ်ပါဗျာ "

ဘုရားပေးပေး ကျမ်းပေးပေး ကျတော်နေတဲ့မြို့မှာ ပင်လယ် မရှိတာ အသေအချာပါ ။
ကျတော်လည်း စိတ်ဝင်စားသွားမိပြီး ထိုလူတွေနဲ့အတူ လိုက်လျှောက်လာမိတော့သည် ။
တစ်နေရာအရောက်မှာတော့ လူတွေ ညွှန်ပြလာတဲ့ ပင်လယ်ဆိုတာကို ကျတော် အငမ်းမရ လှမ်းကြည့်မိလိုက်သည် ။
အဲဒီမှာ ကျတော့ကို စေ့စေ့ကြည့်နေသော မျက်ဝန်းတစ်စုံနဲ့ ဆုံမိတဲ့အခါ မျက်နှာကို မိုက်တိုင်စန် လက်သီးနဲ့ထိုးလိုက်သလို အမြင်အာရုံတွေ ပြာဝေမှောင်မိုက်သွားရသည် ။

" ဘုရား ... ဘုရား ... "

လူတွေ ၀ိုင်းညွှန်ပြနေကြတာ ကျတော့ရဲ့ သိပ်မကြာသေးသော တစ်ချိန်တစ်ခါဆီက သူမ .... ပြီးတော့ သူမသည် ပင်လယ်ဖြစ်သည်တဲ့ ။
ကျတော် သူမနဲ့ ဇာတ်လမ်းပေအရှည် တစ်နှစ်နီးပါးကြာခဲ့တာတောင် သူမ ပင်လယ်ပါလို့ သိခွင့်မရခဲ့တာ ....
ကျတော် ပင်လယ်ဆီ တစ်ကယ်မသွားဖြစ်ပဲ သူမကို လိမ်ခဲ့ဖူးတာ ....
ခုတော့ မြောက်များလှစွာသော လူတွေကြားထဲ ကျတော်တစ်ယောက်တည်း ဆောက်တည်ရာမဲ့နေခဲ့ရပြီ ။
ဟုတ်မှဟုတ်ပါ့မလားဟူသော သံသယ ...
မဖြစ်နိုင်ပါဘူးဟူသော မယုံကြည်စိတ်တို့ဖြင့် သူမကို နောက်တစ်ကြိမ်ကြည့်မိသောအခါ သူမ ကျတော့ကို ပြုံးပြနေခဲ့သည် ။
သူမ၏ ထိုအပြုံးတွင် ၀ိုင်းအုံငေးကြည့်နေကြသော လူပရိတ်သတ်အားလုံးထံမှ " ဟာ " ကနဲ " ဟင် "ကနဲ အာမေဋိတ်သံများ လွင့်ပျံထွက်ကျလာတော့သည် ။

" ဘာ့ကြောင့်ပါလိမ့် "

ကျတော်နှင့် ကောင်တူဆိုးဖက်ပေါင်းနေကြသော သိုးငယ်တစ်အုပ်ကပင် ကျတော့အား အပြစ်ရှိသူတစ်ယောက်လို ငေါက်ငေါက်ထိုးလက်ညှိုးတွေနဲ့ ၀ိုင်းထိုးနှက်ဖို့ ... ဟားတိုက်လှောင်ရယ်သံတွေနဲ့ ၀ိုင်းအုပ်ဖမ်းဖို့ ကြိုးစားလာကြသည် ။
ထို့ကြောင့် ကျတော် အဲသည်နေရာနှင့်ဝေးရာ အဝေးဆုံးဆီသို့ သွေးရူးသွေးတန်း အရှက်လု ပြေးထွက်ခဲ့ရပြီ ။
ဒါတောင် ခပ်သဲ့သဲ့ စကားသံတစ်ချို့က ကပ်ပါလာသေးရဲ့ ။

" အပြုံးလေးတစ်ချက်တည်းနဲ့တင် သိုးငယ်တစ်ကောင်ကို ကျားခေါင်းမျက်နှာနဲ့ ၀ံပုလွေကိုယ်လုံးဖြစ်သွားအောင် လုပ်ပြစ်လိုက်တာ "

" စွမ်းလိုက်တဲ့ ပြကွက်ကွာတဲ့ "

" တစ်ကယ်ပါဗျာ "
" ကျတော့ကိုယ်ကျတော် သိုးငယ်တစ်ကောင်ဆိုတာကို လုံးဝ မေ့နေမိတာပါ "

ခုတော့ လူပရိတ်သတ်အလယ်မှာ ကျတော်ဘာကောင်ဆိုတာ ဗူးပေါ်သလိုပေါ်ရအောင် သူမ အစွမ်းပြလိုက်ပေမယ့် ကျားခေါင်းမျက်နှာနဲ့ ကျားတစ်ကောင်လို မဟိန်းတတ်တဲ့ ကျတော်ဟာ ၀ံပုလွေညာဉ် နဲ့ ၀ံပုလွေတစ်ကောင်လိုလည်း မအူတတ်ပြန်ဘူး ။

" ဘယ်လိုလဲ "
" ခင်ဗျားကိုယ်တိုင်ကရော ကျတော့ အဖြစ်အပျက်ကို ပြုံးနေသေးလား "

ခင်ဗျားအနေနဲ့ပေါ့ဗျာ ...
တစ်ခါတစ်လေမှာ ရင်ထဲကနှလုံးသားနဲ့ တစ်ချက်လောက် နားစွင့်ကြည့်စမ်းပါ ။
အဲဒီအခါ ....
ရှိုက်ငင်သံ သဲ့သဲ့ကြားရာအရပ်မှာ ချစ်သူအတွက် ဘယ်လိုစိတ်ဝတ်အင်္ကျီကိုမှ ၀တ်ဆင်မထားတော့တဲ့ သိုးငယ်လေးတစ်ကောင် လွမ်းဆွတ်ကြေကွဲနေရတယ်ဆိုတာလေး သိစေချင်တာပါ ။
..................................

( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)

4 comments:

On August 5, 2009 at 9:58 AM , မေလေးညို said...

ရေးထားတာလေး ကောင်းတယ်..
ဒါပေမယ့် ဇာတ်သိမ်းကို သိပ်နားမလည်ဘူးဖြစ်နေတယ်..။

 
On August 8, 2009 at 8:01 PM , ဆောင်းယွန်းလ said...

ရှယ်ပဲညီလေးရေ..

 
On August 17, 2009 at 1:12 AM , Anonymous said...

ဟား... ရှယ်ဗျာ ရှယ်.. လန်ထွက်နောတာပဲ။ သရော်သလိုလို၊ ဖွဲ့နွဲ့သလိုလိုနဲ့ ကောင်းပါပေ့ဗျာ ကြိုက်တယ် အဲဒါမျိုး..။

 
On August 24, 2009 at 4:28 AM , မြစ်ကျိုးအင်း said...

ဇာတ်သိမ်းပိုင်းကို ၂ ခေါက်ဖတ်ဖြစ်တယ်...။
ထူးခြားတဲ့ရေးဟန်လေးပါပဲ....။