မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

"ဘ၀..လမ်းဆုံ"

Filed under: by: ဆည်းဆာသံစဉ်

"အဖွင့်စကား"

ကျနော်စာမရေး ဖြစ်တာတော့ အတော်ကြာနေပါပြီ ။ ရေးဖို့ လည်း စိတ်ကူးက မရှိဘူး ။ ဒါကြောင့် စိတ်ကိုလေချင်သလိုလေ ပေချင်သလိုပေ ဆိုးပြီးနေခဲ့တယ်။ ဘလော့ခ်လေးကိုလည်း ပစ်ထားလိုက်မိတယ် ။ ဒါကြောင့် ရေးဖော်ရေးဖက်တွေနဲ့  လာလည်နေတဲ့ စာဖတ်သူ သူငယ်ချင်းတွေက ပြောကြတယ် ။ ဝေမင်းတစ်ယောက် အပြင်မှာနေသာလို့  အိမ်ထဲထီးဆောင်းနေတယ်တဲ့ ။ တချို့ ကလည်း ဝေမင်းတစ်ယောက် ရှိမှ ရှိသေးရဲ့  လားတဲ့  ငရဲပြည်များရောက်နေပြီလားလို့  မေးကြတယ် ။ ကျနော်ရှိပါတယ် စာမရေးဖြစ်တာကလွဲလို့ ပေါ့ ။ အခုတော့လည်း ခံစားချက်က ရင်ထဲဝင်ပြီး မီးတောက်လို ဗလောင်ဆူနေရှာတဲ့ နှလုံးသားဝေဒနာသည် တစ်ယောက်ရဲ့  ခံစားချက်ကို ရူထောင့်တစ်နေရာကနေ ပြန်လည်တင်ပြ ထားတာပါ ။ မြည်းစမ်းကြည့်ပါအုံးဗျာ ။

"ဘ၀လမ်းဆုံ....အပိုင်း (၁)"



အထုပ်ဟောင်းထဲက ဓါတ်ပြားတစ်ချပ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



ကျွန်တော်ဆိုတဲ့ ကျနော်ဟာ အချစ်မှာ ကံပဲခေတာလား..ဘ၀ပေးကုသိုလ်ကပဲ မကောင်းတာလားတော့ မသိဘူး ။ ချစ်ခြင်းမေတ္တာ ၊ သံယောဇဉ်တွေကို ၅၂၈ ထက်ကျော်လာပြီး ၁၅၀၀ ထဲကိုဝင်လာပြီ ဆိုတာနဲ့  ချစ်တဲ့သူထားခဲ့လို့  ကျန်ရင်ကျန် မကျန်ရင်တော့ အဆင်မပြေတာတွေနဲ့  လမ်းခွဲ ဒါပါပဲ။ ဒါဆို စာဖတ်သူအနေနဲ့  ပြောလာစရာတွေ မေးချင်လာစရာတွေ ရှိပါလိမ့်မယ်.... " မင်းက မကြင်နာတတ်..မချစ်တတ်လို့ နေမှာပေါ့.." ။ ဒီလိုမေးလာရင်တော့ ကျနော်က ပြန်ဖြေမှာပါ ။ " ကျနော် အရမ်းချစ်တတ်တာပေါ့..ကျနော့် ချစ်သူကို အမြဲတမ်းပျော်နေတာပဲ မြင်ချင်နေသူ တစ်ယောက်ပါ.." ။ (ဥပမာ) သူမကသူမရှေ့မှာ ဖြတ်သွားတဲ့ ကြောင်ကလေးတစ်ကောင်ကို အဲဒါဟာ ကျားတစ်ကောင်ပါ ဆိုရင်တောင် ကြောင်မှန်းသိလျှက်နဲ့  အင်း.. အဲဒါကျားပဲ လှလိုက်တဲ့ကျားကြီးလို့  ပြောပြီး ခေါင်းညိတ်လိုက်တယ် ။ ပြီးရင် သူကျေနပ်နေတဲ့ မျက်နှာလေးကိုကြည့်ပြီး ကျနော်လည်း ပျော်နေတတ်ခဲ့တယ် ။ ဒါပဲလား လို့ မေးရင်တော့...ဘယ်ကလိမ့်မလဲ ထိုင်ရေးရင် ( ၃) ရက်လောက်ရေးရမယ် .. ။ ကဲ..ဒါတွေထားပါ လိုရင်းကို ဆက်လိုက်ရအောင်..။ မဖွင့်တာကြာပြီဖြစ်တဲ့  အထုပ်ဟောင်းထဲက ဓါတ်ပြားတစ်ချပ်ဖွင့်ကြည့် လိုက်ရအောင်..။ မိုတော့တက်နေပြီ.. ။

ကျနော်ငယ်စဉ်က မိဘရင်ခွင်မှာ အေးချမ်းစွာ သာမာန်ကလေးတွေ လူတွေလိုပဲ အချိန်တွေကို ဖြတ်ကျော်လာခဲ့တာပါ ။ အဲဒီလို အချိန်တွေကိုဖြတ်ရင်း..ရင်ခုန်တတ်စအရွယ်ကို ရောက်လာခဲ့တယ် ။ ကျနော်ရင်ခုန်လာတဲ့ ကောင်မလေးက ကျနော်နဲ့  မနီးမဝေးကပေါ့ ။ သူမဘာတွေပဲလုပ်လုပ် ကျနော် မျက်စိဒေါက်ထောက် ကြည့်နေခဲ့မိတယ် ။ ဒါကို သူမလည်း ရိပ်မိပုံပေါ်တယ် ။ သူမဆီကအပြုံး တချို့  ပြန်ပြတယ် ။ ဒါကိုပဲ နွားပြာကြီး အောက်သွားမရှိတဲ့ ပုံစံနဲ့  ကျနော်နေပျော်ခဲ့တယ် ။ ခံစားတတ်လာတဲ့ နှလုံးသားက ၀ါသနာနဲ့ ဗီဇကို မြေတောင် မြှောက်ပေးသလို မတတ်တခေါက်နဲ့  ကဗျာတွေရေးတတ်လာတယ် ။ ဒါဆိုမင်းက ကဗျာဆရာကြီးလားလို့ မေးလာရင်တော့ ..ကျနော်ကဗျာဆရာကြီး မဟုတ်သလို စာရေးဆရာလည်း မဟုတ်ပါဘူး ။ ၀ါသနာနဲ့  ဗီဇကို အရင်ပြုပြီး စာစီကုံးတတ်တာလောက်ပါပဲ ။ အဲဒီတော့ သူမအတွက် ကဗျာတွေရေးတယ် ။ ရင်ထဲရှိသမျှကို ဒဏ္ဍရီလေးအဖြစ်ရေးပြီး သိမ်းဆဲတယ် ။ ကြာလာတော့ နေမြင့်လေ အရူးရင့်လေပေါ့ဗျာ ။ သူမကိုလည်း ပါးစပ်ကဖွင့်မပြောရဲ... ရုပ်ရှင်ထဲက သူကြီးသားလို ရွာထဲက ကြိုက်တဲ့မိန်းကလေး လက်ညိုးထိုးပြီး မိဘရဲ့ သူကြီးပါဝါနဲ့  လိုက်တောင်းခိုင်းလို့ ရရင်လည်းကောင်းသား ။ ဖြစ်ချင်တော့ သူ့ မိဘတွေကလည်း သမီးနဲ့ သားလေးကို အဖေနဲ့ အမေဆီမှာ ထားပြီး နယ်မြေခြားမှာ အလုပ်သွားလုပ်နေသူတွေ...သူကတော့ အဖိုး၊အဖွားနဲ့  နေသူဆိုပါတော့ ။ ကိုယ်တိုင်ကလည်း ပညာမစုံသေးတော့ အိမ်မှာအဲဒါတွေ သွားပြောရင် လိုက်မတောင်းပေးပဲ အဗျင်းတောင်ခံရအုံးမှာ ။

အဲဒီတော့လည်း ဘေး၊ဘယ်ညာက ရှိတဲ့ ဘော်ဒါတွေကို ဖွင့်ပြောပြီး ဘယ်လိုလုပ်ရမလဲတိုင်ပင်တာပေါ့ ။ ဘော်ဒါတွေသိမှတော့ သိတဲ့အတိုင်း အချွန်နဲ့  ပင့်တော့တာပေါ့ ။ ဒါဆို ဖွင့်ပြောလိုက်ရောလားမေးရင်..ဘယ်ရမလဲ ပြောတာပေါ့ဗျ..။ ဖွင့်မပြောခင် သူမကို ကျနော်ရှောင်နေခဲ့တယ် ။ ဒါကို ဘယ်သူက သွားဖွထားလဲတော့ မသိဘူး ။ သူမက ကြိုသိနေပုံရတယ်..ပြောမယ့်နေရောက်တော့ ဘာတွေပြောရမလဲ စဉ်းစားပြီး ပြောမယ့်စကားတွေကို ပုဒ်စာတစ်ပုဒ်လို အလွတ်ကျက်နေမိတယ် ။ ကျနော့်အတွက်တော့ အဲဒီနေ့ တွေဟာ အမှတ်တမှတ်ကနေ အမှတ်တရ ဖြစ်နေခဲ့တဲ့ ရက်တွေပါ ။ သူမကျောင်းကနေ ပြန်လာတာကို ထိုင်စောင့်ပြီး သူမလာတာတွေ့ မှ ရှိသမျှအား အကုန်စိုက်ပြီး သူမအနားရောက်အောင်သွားတယ်။ စာမေးပွဲခန်း ၀င်တော့မယ့် ကျောင်းသားတစ်ယောက်လို ကျနော့်ပုံစံကဖြစ်နေတယ်။ ဖြစ်ချင်တော့ သူမအနားရောက်မှ ခလုတ်ကတိုက်တယ် ။ ကိုယ့်အဖြစ်ကို ကြည့်ပြီး သူမက ရယ်ကျဲကျဲနဲ့  ဘာဖြစ်လာတာလဲတဲ့ ။ ဘာမဖြစ်ပါဘူး ..ငါနင့်ကိုပြောစရာရှိလို့ ပါ ဆိုပြီး ခပ်တည်တည် ပြန်ပြောမိလိုက်တယ် ။ စူးစမ်းတဲ့ မျက်လုံးတွေနဲ့  နင့်စကားက အထူးအဆန်းပါလား...ဘာပြောမလို့ လဲ ပြောလေတဲ့  ။ သူမက ခွင့်ပေးလာပြီ ဆိုတော့လည်း သူယ်ချင်းထက် ကျော်လွန်လာတဲ့ စကားတွေကို ကျနော်ပြောမိလိုက်တယ် ။ နင်ဟာကလည်းဟာ တစ်မျိုးကြီးပါလား..ငါစဉ်းစားပါရစေအုံး ဆိုပြီး ခြေလှမ်းသွက်သွက်နဲ့  လျှောက်ထွက်သွားတဲ့ သူမကျောပြင်ကို ကျနော်ငေးရင်း ဆက်လိုက်မသွားပဲ မတ်တတ်ရပ်ကျန်နေခဲ့တယ် ။ နောက်နေ့ တွေမှာ သူမကျနော့်ကို ရှောင်နေခဲ့တယ် ။ ဒါပေမယ့်သူမ ကျနော့်ကို ကြာကြာရှောင်းပုန်းနေလို့ မရခဲ့ပါ ။


သူမကို ကျနော်ထိပ်တိုက် တွေ့ တဲ့တစ်ရက် အဲဒီနေ့ က သူရိန်နေမင်းတောင် တော်တော်လေး အလင်းဖျော့နေပြီ ။ လူစီကားနေတဲ့ ရပ်ကွက် လူတွေ ဟိုဟိုဒီဒီ သွားနေတာတောင် လေပြေညှင်းကလည်း ခပ်သဲ့သဲ့လေး တိုက်ခတ်နေသလို ခံစားမိတယ် ။ သူမကျနော့်ကိုတွေ့ တော့ ခေါင်းလေးငုံ့ သွားတယ် ။ ကျနော်လည်း ညှင်သာတဲ့ လေသံနဲ့  ခပ်ပြတ်ပြတ်လေးမေးလိုက်တယ် ။ ဘာတွေမေးလိုက်တာလဲလို့  စာဖတ်သူက မေးအုံးမှာလား...ဒါဆိုပြောပြရမှာပေါ့ ။ ငါပြောထားတဲ့ စကားတွေ အတွက် နင်အဖြေကို ငါသိချင်တယ် ။ နင်..စဉ်စားပြီးပြီလားလို့ မေးတော့ သူမခေါင်းလေး ညိတ်ပြရှာတယ် ။ ဒါဆိုရင် နင့်အဖြေကဘာလဲလို့  ဆက်မေးဖြစ်သွားတယ် ။ ဖြေးဖြေးလေး နောက်ထပ်တစ်ခါခေါင်းညိတ်ပြပြီး ..ပြောဖို့ လိုသေးလားဟယ် ဆိုပြီး ခေါင်းငုံ့ ပြီး ခြေလှမ်းမှန်မှန်ဆက်လျှောက်နေရှာတယ် ။ ဒါကိုနားမလည် သလိုလုပ်ပြီး.... ဒါဆိုနင့် အဖြေက ငါ့ကို ချစ်တယ်ပေါ့.... ။ ဘာတွေလာမေးနေမှန်း မသိဘူးဆိုပြီး ရှက်ပြုံးလေးနဲ့  နောက်ထပ်တစ်ခါ ထွက်ပြေးသွားပြန်တယ်...။ ဒါဆိုရင် ရှင်းပါပြီ သူမနဲ့ ကျနော် ချစ်သူတွေ ဖြစ်ခဲ့ကြပြီပေါ့ ..။

ချစ်သူတွေဖြစ်လာတော့ အတူဆုံဖြစ်တဲ့ အချိန်လေးတွေကို ပျော်ရွှင်စွာနဲ့  ဖြတ်သန်းခဲ့ပါတယ် ။ ဘယ်လိုတွေ ဖြတ်သန်းခဲ့တယ် ဆိုတာကိုရေးရင်တော့ အပေါ်မှာ ပြောခဲ့သလိုပဲ (၃) ရက်လောက်ထိုင်ရေးရမှာ ။ ဒီလိုနဲ့  မတတ်တခေါက် ရေးထားတဲ့ ကဗျာလေးတွေကိုလည်း သူမအတွက် လက်ဆောင်မွန်အဖြစ် ပေးအပ်ခဲ့တယ် ။ အမှန်ပြောရရင်တော့ သူမလည်း ကျနော့်ကို အတော်လေး ချစ်ခဲ့ သံယောဇဉ် ရှိခဲ့ပါတယ် ။ သူမနဲ့ ကျနော် လောကကြီးသာယာနေတဲ့ နေ့ တနေ့  ဆည်းဆာချိန်မှာ ကဗျာတပုဒ် ရေးဖွဲ့ ခဲ့ဘူးတယ် ။ ဘာကဗျာလဲလို့ တော့ မမေးနဲ့ နော် စာဖတ်သူရေ...။ ပြောပြ၀ူးးးးးးးးးး...သိချင်ရင် ၀ယ်ဖတ် တစ်ပုဒ် တစ်ထောင်ပဲ...ဟားဟားးးး ။ ဒါဆိုရင် အားလုံးအမြင်မှာ သူမကလည်း ကျနော့်ကို ချစ်တယ်..ကျနော်ကလည်း သူမကိုချစ်တယ် ။ သူတို့ နှစ်ယောက် အပြန်အလှန်ချစ်ကြတယ်..ဒါဆိုရင် "အချစ်စစ်" မကြာခင် သူတို့ တွေ လက်တွဲပြီး ဘ၀ခရီးကို အတူလျှောက်ကြတော့မယ် ။ အဲဒီလိုတွေးရင်တော့ ဒီဇတ်လမ်း ဒီမှာတင် တစ်ခန်းရပ်လို့  နိဂုံးချုပ်သွားလိမ့်မယ် ။

ကျနော်တို့  ချစ်သူနှစ်ယောက် ခွဲခွါရအောင် ကံကြမ္မာဆိုးက ကျနော်တို့ ဘ၀ထဲကို မြန်မာပြည်မှာ တိုက်ခတ်သွားတဲ့  နားဂစ်မုန်တိုင်းလိုပဲ မထင်မှတ်ပဲ ၀င်ရောက်လာတယ် ။ နယ်မြေခြားမှာ အလုပ်သွားနေတဲ့  သူ့ မိဘ နှစ်ပါးက သူ့ တို့ တွေကို လှမ်းခေါ်တယ် ။ အဲဒီလို လှမ်းခေါ်တော့ အားလုံးကလည်း လိုက်သွားဖို့ ကို အမြန်ဆုံးဖြစ်အောင် စီစဉ်နေကြတော့တာပေါ့ ။ ဒီအကြောင်းတွေကို ကျနော်သိလာတော့ သူမကို မေးဖြစ်တယ် ။ အင်း...ဟုတ်တယ် ဖေဖေနဲ့ မေမေက ခေါ်နေပြီတဲ့  ဒါလေးပဲပြောပြီး စကားလွှဲရှာတယ် ။ သူမစိတ်ဆင်းရဲမှာ စိုးတာနဲ့  အဲဒီစကားကို ဆက်မပြောဘဲ ထားလိုက်တယ် ။ ကျနော်သိနေပါပြီ ဒီလောက်ဆို သူမကျနော်ကို ခွဲခွါတော့မှာပေါ့ ။ နောက်ပိုင်းတော့ သူမကျနော့်ကို ရှောင်နေခဲ့တယ် ။ ကျနော်သူမနဲ့  တွေ့ အောင် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပါတယ် ။ ခိုင်လူံမှု့  မရှိတဲ့ အကြောင်းပြချက်တွေနဲ့  သူမရောက်မလာခဲ့ဘူး ။ ကိုယ်ချင်းတော့ စာနာမိတယ်..အဝေးမှာ မတွေ့ တာကြာပြီဖြစ်တဲ့ သူ့ မိဘကို သူလည်းတွေ့ ချင်ရှာမှာပဲ ။ အတူလည်းနေချင်မှာပဲလေ မဟုတ်ဘူးလား ။ ဒီလိုနဲ့  သူမရေမြေခြားသွားရမယ့် ရက်တွေက နီးလာတယ် ။ မထွက်ခင် တစ်ရက်အလိုမှာတော့ သူမက ကျနော့်ကို တွေ့ ချင်တဲ့ အကြောင်းကို ဘော်ဒါနဲ့  ပြောခိုင်းလိုက်တယ် ။ ချိန်းတဲ့အချိန်က မနက် ( ၉း၃၀ )....
နေရာကတော့ ကန်ဘောင်ပေါ။့ သူမချိန်းတဲ့ နေရာကို ကျနော် သွားခဲ့ပါတယ် ။ သူမကျနော့်ကို နူတ်ဆက်တော့မယ် ဆိုတာကိုလည်း သိနေတယ်လေ ။

ဖြစ်ချင်တော့ အဲဒီနေ့  မနက်အစောကြီးထဲက မိုးတွေကလည်း ရွာနေလိုက်တာ ခွဲခွါတော့မယ် ချစ်သူနှစ်ယောက်ကို ၀မ်းနည်းခြင်းတွေနဲ့  နမိတ်ပြပေးနေသလိုပဲ ။ မိုးအေးနေပေမယ့် ကျနော်ရင်ထဲမှာ မအေးနိုင်ခဲ့ဘူး ။ ( ၈း ၀၀ ) နာရီ ကျော်ကျော်လောက်မှာတော့ မိုးတိတ်လို့  နေရောင်မြင်လာတယ် ။ မိုးတိတ်တော့ ကျနော်လည်း ထွက်လာပြီး ချိန်းတဲ့နေရာကို သွားခဲ့တယ် ။ အနည်းငယ်ကြာတော့ သူမရောက်လာတယ် ။ စောင့်နေရတာ ကြာပြီလားတဲ့..မျက်နှာငယ်လေးနဲ့  မေးရှာတယ် ။ သူမအမေးကို ကျနော်မဖြေခင် သူမမျက်နှာကိုကြည့်ပြီး ကျနော် မေးခွန်းပြန်ထုတ်လိုက်တယ် ။ မျက်နှာလည်း မကောင်းပါလား.. ဘာဖြစ်လာတာလဲ ။ ဘာမှပြန်မပြောပဲ နူတ်ဆိတ်ပြီး ကျနော့်ဘေးမှာ လာကပ်ထိုင်တယ် ။ အတန်ကြာနူတ်ဆိတ်နေကြမိတယ် ။ ကန်ရေပြင်ကို ကြည့်ငေးရင်းကနေ တိတ်ဆိတ်ခြင်းကို ကျနော်ကပဲ စတင်ဖြိုခွင်းလိုက်တယ် ။ xxသွားရတော့မှာလား ဘယ်တော့သွားရမှာလဲလို့ မေးမိတယ် ။ အင်း...သွားရတော့မယ် မနက်ဖြန်ဆိုသွားပြီတဲ့ ။ ကျနော်ကြိုတင် ခံစားထားတဲ့ ဝေဒနာတွေဟာ ဒီနေ့ တော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာပါပြီ ။ မကြားချင်တဲ့ စကားတွေဖြစ်နေပေမယ့် ကြားနေရပြီလေ. ။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းပြီး ထပ်မေးလိုက်တယ် ။ ဒါဆို လာနူတ်ဆက်တာပေါ့နော် ..။ သူမရဲ့ အဖြေကတော့.. အင်း..ဟုတ်တယ်..လာနူတ်ဆက်တာ သူမအနေနဲ့  မရှိတော့တဲ့နောက်ပိုင်းမှာ သူမကို သတိရနေဖို့  ဆိုတာလောက်သာ ကျနော် ကောင်းကောင်းကြားနိုင်ခဲ့တယ် ။ ကျန်တာတွေ ဘာပြောမှန်းမသိသလို ကျနော့်အနေနဲ့ လည်း ဘာမှ ဆက်မပြောဖြစ်တော့ဘူး ။ မျက်ရည်တွေနဲ့  ဘေးနားကနေ ထွက်သွားတဲ့ သူမကျောပြင်ကို ငေးကြည့်ရင်း အသက်မဲ့သူ တစ်ယောက်လို ထိုင်နေဖြစ်ခဲ့တယ် ။

အချိန်တွေ ဘယ်လောက်ကြာသွားတယ် ဆိုတာတောင် မသိဘူး ။ လေပြေရိုင်း တစ်ချက်က ကန်ရေပြင်ကို တိုက်ခတ်ဖြတ်ကျော်လာပြီး ခန္ဓာကိုယ်လာထိတော့မှ အသိစိတ်ကပြန်ဝင်လာတယ် ။ ဒီတော့မှ ထပြီးအိမ်ပြန်ဖြစ်တယ် ။ အရင်တုန်းကဆို အခုလိုတွေ့ ပြီးပြန်တိုင်း အပြန်လမ်းမှာ နှစ်ယောက်အတူ ပြန်ဖြစ်တယ် ။ အခုတော့ အပြန်လမ်းမှာ ငွေ့ ရည်ဖွဲ့ သောကတွေနဲ့  အတူ လေပြေညှင်းသာ ပခုံးထက် အဖော်ပြုလို့  လိုက်ပါလာတယ် ။ ဒါဆိုအားလုံးအမြင် ကျနော် အသဲကွဲပြီပေါ့ ။ ခင်ဗျားတို့ အမြင် မမှားပါဘူး ကျနော် လက်ခံပါတယ် ။ ကျနော်ချစ်ရတဲ့ သူမတစ်ယောက် ကျနော်ကို စွန့် ခွါသွားပြီဆိုတော့ အသဲကွဲတာပေါ့ဗျာ ။ ဒီလို နဲ့  သူမများ ဆက်သွယ်လာမလားလို့  စောင့်မျှော်နေမိတယ် ။ အချိန်နဲ့  ရာသီတွေ ပြောင်းလွဲခဲ့တယ် ဘာဆိုဘာမှကိုသူမ အကြောင်းမကြားသလို သတင်းသဲ့သဲ့တောင် မရခဲ့ပါဘူး ။ သူမကတော့ ဘယ်လိုနေမယ် မသိပါဘူး ။ ရွှေဝါရောင်ပါးနုနုကို နမ်းလိုက်မိတဲ့ ကျနော်အတွက်တော့ လွမ်းဆွတ်ခြင်း ဒဏ်ရာတွေနဲ့  ပြည့်နှက်နေတာပေါ့ ။ ဒါကြောင့်လည်း အိပ်စက်မရတဲ့  ညတွေနဲ့  မိုးရွာတဲ့ညလေးတွေမှာ...သူမ..မုန်းတဲ့ အလွမ်းအဆွေးကဗျာ လေးတွေကို နိစ္စဓူဝ လူပ်ရှားရုန်းကန်နေရတဲ့  နှလုံးသား တစ်စုံနဲ့  ရေးမိနေတုန်းပဲ ။
အဲဒီအချိန်ကစပြီး ဂဲမှန်ဘူးတဲ့ စာသူငယ် တစ်သေဘူးထိဘူး ပျဉ်ဘိုးနားလည် ဆိုတဲ့ စကားလိုပဲ အချစ်အတွက်ကြောင့် နာကျင်သွားရတဲ့ နှလုံးသားဟာ ရင်ခွင်တံခါးလေး သော့ခတ်ပြီး အိပ်စက်သွားရပါတော့တယ် ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စာသားလက်ဆောင်
{ အချိန်လွန်နောင်တနဲ့ အိမ်ပြန်နောက်ကျသူ....တစ်ယောက်အတွက်တော့
သော့ခတ်ထားတဲ့...ရင်ခွင်အိမ်ရဲ့ ...နောက်ကွယ်က....နာကျင်နေတဲ့.....
အသဲနှလုံးဟာ..မင်းအတွက် တံခါးဖွင့်ပေးဖို့ ရာကြတော့...သော့ပျောက်နေခဲ့ရရှာတယ်..
} စိတ်ကူးယဉ်အတွေး

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

"ဘ၀..လမ်းဆုံ" အပိုင်း ( ၂ ) ....မကြာမှီမျှော် ။


( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)

3 comments:

On August 8, 2010 at 11:33 AM , wewe said...

Well done. I like your writing but looking forward to read next story.

 
On August 10, 2010 at 9:15 AM , Anonymous said...

အချစ်အတွက်ကြောင့် နာကျင်သွားရတဲ့ နှလုံးသားဟာ ရင်ခွင်တံခါးလေး သော့ခတ်ပြီး အိပ်စက်သွားရပါတော့တယ် ။

( မနိုးသော အိပ်ချင်းနဲ့ အိပ်သွားတာလားဟင် ... ကိုဝေမင်းနှလုံးသားက)

မနိုးတော့ဘူးဆိုရင်တော့ရှယ်ပဲ...
ကောင်မလေးတွေ ကံကောင်းပြီ...

 
On August 14, 2010 at 6:33 AM , ဒေါင်းမင်း said...

အပိုင်း(၂)မျှော်နေတယ်ဗျာ၊ဒီလိုမျိုးခွဲခွာမှုမျိုးကိုကျွန်တော်တော့မလိုချင်ဘူး...မျှော်နေတယ်အပိုင်း(၂)တင်ရင်
လက်တို့အုံး