မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

"သူမရောက်မလာခဲ့ပါ"

Filed under: by: ဆည်းဆာသံစဉ်

ဒီဘလော့ခ်လေးမှာတော့ ၀ိုင်းရေးမယ့်သူ တစ်ယောက်တိုးလာပြန်ပါပြီ...။ နှောင်းဝဿန် မြန်မာပြည်ပြန်ပြီးတည်းက ပြန်ပေါ်မလာတော့ပါဘူး..။ အခုတင်မယ့်ပို့ စ် ကို ရေးတဲ့သူကတော့ အရင်ကလည်း သူ့ ပို့ စ်လေး (ဒီမှာ) တစ်ခု တင်ဘူးပါတယ် ။ အခုလည်း နောက်ထပ် ပို့ စ်လေးတစ်ခုပါ ။ နောက်ကို လည်း သူ့ ပို့ စ်လေးတွေကို ဒီနေရာလေးမှာ တင်ဖြစ်နေပါ ။ အားပေးလိုက်ကြပါအုံးဗျာ ။


"သူမရောက်မလာခဲ့ပါ"
။။။။။။။။။။။။။။။။။။။။။။။။။။

( ၁ )
မနေ့က.....
မနေ့က သူထုံးစံအတိုင်းသူမနဲ့ လျှောက်လည်တာပေါ့။သူမဆိုတာက
သူ့ရည်းစားတော့လည်းမဟုတ်ပါဘူး။ ရည်းစားမဟုတ်ပေမယ့်လည်း ရည်းစားတွေလို
အနည်းဆုံး တစ်လ နှစ်ခါလောက်လျှောက်လည်ဖြစ်ကြတဲ့ သူနဲ့ သူနကြားက ဆက်ဆံမှု၊
နားလည်မှု။

ဒါပေမယ့် မနေ့ကတော့ သူမ သူ့ကို တော်တော်လေးစိတ်ဆိုးသွားခဲ့တယ်။
သူပြောမိတဲ့စကားအမှားလေးအတွက်လည်း သူ နောင်တရမဆုံးတော့ဘူး။ သူနားမလည်တာက
ဒီစကားလေးပြောမိရုံနဲ့ သူမ ဘာ့ကြောင့်ဒီလောက်စိတ်ဆိုးသွားရသလဲဆိုတာ ။
သူပြောခဲ့မိတဲ့ စကားအမှားလေးဆိုတာကလည်း တစ်ကယ် အတည်ကြီး
ပြောလိုက်မိတဲ့စကားမှမဟုတ်တာ။
နောက်နောက်ပြောင်ပြောင်ပြောထွက်သွားမိတဲ့စကားလေးရယ်ပါ။

သူပြောမိလိုက်ပြီဆိုတာနဲ့ သူနဲ့ ရယ်ရယ်မောမော စကားပြောနေတဲ့ သူမ မျက်နှာ
ဖျတ်ကနဲတည်သွားတာ။ ပြီးတော့ မုန်တိုင်းကျတော့မယ့်ကောင်းကင်လို
နီမြန်းလာတာ။ တစ်နေ့ နင်ငါ့ကို ဒီစကားမျိုးပြောလာမှာ သိသားပဲလို့ပြောပြီး
သူမ ဘာ့ကြောင့် ငိုချလိုက်တာပါလိမ့် ။

"ငိုလိုက်တာမှ ရှိုက်ကြီးတငင်..."

သူလည်းဘယ်လိုမှ မချော့တတ်တော့သလို ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိတော့အောင်
ကြောက်လန့်ထူပူသွားရတာ။ မျက်ရည်လေးတွေ သုတ်ပေးပြီးချော့ရအောင်ကလည်း သူနဲ့
ကောင်မလေးဆိုတာက ချစ်သူရည်းစားတွေလည်း မဟုတ်။

"ခက်တော့ ခက်ပြီ..."

မယ်မင်းကြီးမကတော့ ခွက်ထဲကရေ သွန်ချလိုက်သလို ဗြဲကနဲငို၊ တိကနဲတိတ်သွားပြီး ...

"နင် နောက်ထပ် ငါနဲ့ ခုလို လျှောက်လည်ကြဖို့ ဘယ်တော့မှ မချိန်းနဲ့တော့ဟာ...."

ဒီစကားလေးပဲ တုံးတိတိပြောပြီး ကောက်ကာငင်ကာ ထပြန်သွားတာ။ အဲဒီနေ့က သူတို့
တစ်ယောက်ကိုတစ်ယောက် နှုတ်မဆက်ပဲ လမ်းခွဲခဲ့တဲ့နေ့ပေါ့။ အရင်ကဆို
သူကိုယ်တိုင် သူန အိမ်အရောက် ပြန်လိုက်ပို့ပေးနေကြ။ သူသိပ်ကို နောင်တရ
ကြေကွဲနေခဲ့ရပြီ။ တစ်ကယ်ဆို ဒီစကားမျိုး နောက်ပြောင်ပြီးတော့တောင် သူမကို
မပြောသင့်မှန်း သူလည်းသိတော့ သိပါရဲ့။ ဒါပေမယ့် ဒီစကားလေးပြောဖြစ်ဖို့
ပယောဂက အိမ်ကထွက်လာကတည်းက သူနဲ့ ကပ်ပါလာရတာ။

"ဒီလောက်မုန့်ဖိုးများများ တောင်းနေတာ ရည်းစားမဟုတ်၊ ဘာမဟုတ်
ဟိုကောင်မလေးနဲ့ လျှောက်လည်ဦးမလို့လား..."

သူအိမ်က မုန့်ဖိုးတောင်းစဉ်တုန်းက သူ့အမေ ပြောတဲ့စကား ။ ဒီရည်းစားမဟုတ်
ဘာမဟုတ်ဆိုတဲ့ စကားက သူ့ရင်ကို ၀င်ရောက် ပူးကပ် နှောက်ယှက် နေတဲ့ပယောဂ။
ခုတော့ ဒီပယောဂကြောင့် သူမ သူ့ကို အမုန်းကြီးမုန်းသွားပြီလား...။

သူပြောမိခဲ့တာကလည်း "ငါ ..နင့်ကို ချစ်များချစ်မိနေပြီလားမသိဘူးဟာ "
ဆိုတဲ့ နောက်နောက်ပြောင်ပြောင် စကားလေးတင်ပါ ။

( ၂ )
ခုတော့ ကုတင်တစ်လုံးထက်မှာ ပက်လက်ကြီးမျောနေသော သူ သေရတော့မည်ဟုထင်သည်။
သူ့ရဲ့လက်တွေမှာလည်း အပ်တန်းလန်း၊ ပိုက်တန်းလန်းနှင့် ။ နှာခေါင်းမှာလည်း
အောက်ဆီဂျင်ပိုက်က တန်းလန်း။ သူ ပထမဆုံး သတိထားမိတာက မျက်နှာကျက်
ဖြူဖြူတွေ။ ပြီးတော့ လည်နေတဲ့ ပန်ကာတွေ ။ ဒီနေရာဟာ သူ့အိမ်မဟုတ်တာတော့ သူ
သေချာသိလိုက်ရပြီ။

ဘေးဘီကို မျက်စိကစားကြည့်တော့ သောကတွေ ဖြိုင်ဖြိုင်ဝေနေရတဲ့ မိသားစုတွေ။
ပြီးတော့ သူ့ထက်တောင် ငယ်ဦးမယ်ထင်ရသည့် nurse မလေးတစ်ယောက်။
အ၀င်တံခါးဝဆီက တစ်စုံတစ်ယောက်ဝင်လာလို့ သူကြည့်လိုက်တော့
ပါတိတ်ဝမ်းဆက်လေးပေါ်မှာ duty coat အဖြူလေးဝတ်လို့ ၊ နားကျက်လေး
လည်ပင်းမှာဆွဲထားတဲ့ ဆရာဝန်မလေး ။ အခန်းထဲရောက်တော့ သူ့ကို ဟိုစမ်းသပ်၊
ဒီစမ်းသပ်လုပ်ရင်း သူမ ရှင်းပြနေသမျှ သူ သေသေချာချာကြားနေရတော့တယ်။
သူ့အမေကို အဓိကထား ရှင်းပြနေတာပါ။

"ဒီရောဂါမျိုးက Pre Coma အမျိုးအစားပါ။
လူနာရဲ့ အရက်အလွန်အကျွံ သောက်မှုကြောင့် အာရုံကြောလေးတွေ အလုပ်မလုပ်တော့ပဲ
သတိမေ့နေတာပါ။
တစ်ကယ်လို့သာ ဆေးရုံအချိန်မှီရောက်ခဲ့မယ်ဆိုရင်
ဦးဏှောက်သွေးကြောထိခိုက်မှာ မဟုတ်ပါဘူး။
ခုတော့ ဆေးရုံရောက်နောက်ကျခဲ့လို့ ဦးဏှောက်သွေးကြောလေးတွေ ထိခိုက်သွားရတာပါ ။ "

တာဝန်ကျ ဆရာဝန်မလေးရဲ့ စကားအဆုံးမှာတော့ သူ့အမေထံမှ ထိန်းမရနိုင်တော့တဲ့
ရှိုက်ငင်သံတစ်ချို့ လွင့်ပျံ့လာပါတော့ရဲ့။ သူဘယ်လောက်ပဲ ဆိုးခဲ့
..ဆိုးခဲ့ပါ။ သူ့အမေ ငိုတဲ့မျက်ရည်ကိုတော့ ဘယ်သောအခါကမှ သူ
မကြည့်ရက်ခဲ့တာ။ သူက မကြည့်ရက်ပါဘူးဆိုကာမှ သူ့အမေရယ်လေ...
သွေးဆုတ်အေးစက်နေပြီဖြစ်တဲ့ သူ့လက်ချောင်းလေးတွေကို ဆွဲယူလို့
သူမပါးပြင်မှာဖိကပ်ထားပြီး ... သားရယ် ... အမေတို့ကိုခွင့်လွှတ်ပါလို့
တဖွဖွ တောင်းပန်နေတာ။ သူ့အမေလုပ်ရက်ကြောင့် သူ့ရင်ထဲ
စိတ်မကောင်းကြီးစွာဖြစ်ရပြီ။ ဖြစ်နိုင်ရင် သူကိုယ်တိုင် လူနာကုတင်ပေါ်က
ကုန်းရုန်းထပြီး....

" အမေရယ် ..သားသေချင်သေပါစေ "
"အမေလုံးဝ မငိုနဲ့နော်.."

ဆိုပြီး သူ့အမေကို ပြန်တောင်းပန်ချင်နေတော့တာ။ ဒီအချိန်မှာပဲ
သူ့ကုတင်ဘေးနားမှာ ငူငူကြီးထိုင်နေရှာတဲ့လူကြီးဟာ ရုတ်တရက် အပြင်ကို
ထထွက်သွားရဲ့။ အိမ်မှာ သူ အပြစ်တစ်ခုခုလုပ်မိပြီဆိုတာနဲ့
ကြိမ်လုံးဆွဲပြီး ရိုက်တတ်တဲ့လူကြီးပါ။ အဲဒီလို သူ့ကိုရိုက်တိုင်း
ဒီလူကြီးပြောတတ်တဲ့စကားက ...

"မင်းတောင် အပြစ်လုပ်ရဲသေးတာ ...ငါက ဘာလို့ မရိုက်ရက်ကမှာလဲတဲ့ "

အမြဲတမ်း အကောင်းအဆိုးမခွဲခြားပဲ လုပ်ချင်ရာကို
တဇွတ်ထိုးလုပ်တတ်တဲ့သူ့အကျင့်ကြောင့် ဒီလူကြီးက အပြစ်လို့ မြင်ပြီး
ရိုက်မယ်ဆိုရင် သူ သေချင်သေသွားပါစေ ။ ရိုက်ပေါ့။ သူ ဒီလူကြီးကို
အဖေလို့ခေါ်ရတာ မြတ်မြတ်နိုးနိုးမရှိလှပေမယ့် ဒီလူကြီးဟာ သူ့အဖေ
စစ်စစ်ဖြစ်တယ်လို့တော့ သူ အကြွင်းမဲ့ယုံကြည်ပါတယ်။ခုတော့
ဒီလူကြီးဘယ်ထွက်သွားပါလိမ့်။
ကြိမ်လုံးများသွားဆွဲနေသေးလားဆိုတဲ့သိလိုစိတ်နဲ့ သူကြည့်မိတော့....

"ဘုရား...ဘုရား..."

လူနာဆောင်အပြင်ဘက် ၀ရန်တာထောင့်မှောင်ရိပ်လေးမှာ ဒီလူကြီး
ရှိုက်ကြီးတငင်ငိုလို့ပါလား။ သူ့အသက် ၂၀ကျော်အရွယ်ထိ ဒီတစ်ခါပဲ
ဒီလူကြီးငိုတာ သူမြင်ဖူးတာ။ ဒီလူကြီးရဲ့ဘေးမှာတော့
အိမ်ကိုမကြာခဏ၀င်ထွက်တတ်တဲ့ ဒီလူကြီးရဲ့သူငယ်ချင်း ဦးလေးကြီးတစ်ယောက်။
ဒီလူကြီးကို ပုခုံးလေးဖက်လိုက်၊ ပုခုံးလေးပုတ်လိုက်နဲ့ နှစ်သိမ့်နေရှာတာ။
အဲဒီဦးလေးကြီးကိုယ်တိုင်ကလည်း မျက်ရည်တွေဝဲလို့ပါလား။

ဒီလူကြီး သူငိုနေတာကို သူ့အမေနဲ့ အမမြင်မှာစိုးလို့ထင်ရဲ့။ ငိုနေတာကို
အရှိန်သတ် မျက်ရည်သုတ်ပြီး သူယူကြုံးမရဖြစ်နေရှာတဲ့ခံစားချက်တွေ
သူ့သူငယ်ချင်းဖြစ်သူ ဦးလေးကြီးကို ပြောပြနေတော့တာ။

"အရင်ကလည်း ဒီလိုပဲ မူးမူးလာတတ်တဲ့ကောင်ပါဗျာ ...."
"အရက်မသောက်ဖို့ အမြဲဆုံးမနေတဲ့ကြားက မနေ့ကထပ်ပြီးမူးလာလို့ သေချင်သေ၊
နေပါလေ့စေဆိုပြီး ပစ်ထားမိတာ ..."

ခုတော့ဗျာ ကျတော့သားလေးဆိုပြီး ဘယ်လိုမှ ထိမ်းမရတော့ပဲ
ဒီလူကြီးထပ်လို့ငိုပြန်ရဲ့ ။ ဒီတစ်ခါတော့ သူ့ရင်ထဲက
တစ်ကယ့်မြတ်နိုးရိုသေမှုနဲ့ ဒီလူကြီးနားကပ်ပြီး အဖေလို့ ခေါ
်လိုက်မိတော့တယ်။ ဒါပေမယ့် သူခေါ်နေတာကို သူ့အဖေလည်း မကြားနိုင်တော့ပြီ။
သူဝမ်နည်းခြင်းကြီးစွာနှင့် သူ့အဖေကို တင်းတင်းကြပ်ကြပ်သိုင်းဖက်ပြီး
သူကိုယ်တိုင်လည်း ငိုမိတော့သည်။ အရင်ကဆို သူ့အဖေ ဘယ်လောက်ရိုက်ရိုက် သူက
မငိုပဲ အံကြိတ်ခံလို့ ပိုပြီးဒေါသထွက်၊ ပိုပြီးရိုက်တတ်တဲ့သူ့အဖေ ။
ခုတော့ သူ့အဖေကို သိုင်းဖက်ထားတဲ့သူ့လက်အစုံဟာ
လေထုပုံဆောင်ခဲလိုဖြစ်နေတော့ သူ့အဖေလည်း သူ့ကို မသိနိုင်တော့ပြီ။
သူ့စိတ်ထဲမှာတော့ သူ့အဖေက သူ့ကိုပြန်ပြီးဖက်ထားထာကို ခံယူခြင်နေမိတာ။

ဒီအချိန်မှာပဲ ဆေးရုံဝန်ထမ်းတစ်ယောက်က ဆေးရုံအုပ်ကြီး round လှည့်မယ်။
လူနာရှင်တွေ အခန်းထဲက ခဏ အပြင်ထွက်ပေးပါဆိုလို့ သူ့အမေနဲ့ အမဖြစ်သူ ...
သူရှိနေတဲ့ အခန်းထဲက ထွက်လာပါတော့တယ်။ ဆေးရုံအုပ်ကြီးဆိုသော ဆရာဝန်ကြီးက
သူရှိနေတဲ့အခန်းထဲရောက်တဲ့အခါ အရင်ဆုံး သူ့လူနာကုတင်ခြေရင်းက
ဆေးမှတ်တမ်းတွေယူပြီး ဟိုလှန်ဒီလှန်ဖတ်ကြည့်နေရှာတယ်။ ပြီးတော့
သူ့ခေါင်းကို ခပ်ဖွဖွမပြီး ပြန်ပစ်ချလိုက်၊ ပြန်မလိုက်
သုံးကြိမ်လောက်လုပ်ပြီး သူ့ရဲ့မှေးမှိတ်နေပြီဖြစ်တဲ့မျက်လုံးတွေကို
ဖြဲပြီး ဓါတ်မီးသေးသေးလေးနဲ့ ထိုးကြည့်နေပြန်တယ်။ ပြီးတော့မှ
စိတ်မကောင်းဟန်နဲ့ ခေါင်းရမ်းပြီး nurse မလေးကို မှာကြားနေတာတွေ့ရတယ်။

"သူတို့ ဘာတွေပြောနေကြပါလိမ့်"

သိချင်လို့ သူအနားသွား နားထောင်ကြည့်တော့ လူနာဖြစ်သောသူ့မှာ
ကုမရတော့ပြီဖြစ်ကြောင်း တစ်ကယ်လို့ ဆေးရုံမှဆင်းပြီး အိမ်ပြန်ခေါ
်သွားမည်ဆိုလျှင်လည်း ဆေးရုံဆင်းလက်မှတ်ထိုးပေးဖို့ ဆေးရုံအုပ်ကြီးက
မှာကြားနေခြင်းဖြစ်သည်။ ခုတော့ သူဒီရောဂါနှင့်သေရတော့မှာ သေချာနေပြီ။
ဒါပေမယ့် ဘယ်သူမှမသိသေးတဲ့အကြောင်းအရာတစ်ခုက သူမရောက်မလာသေးသ၍
သူမသေနိုင်သေးပါ။ သူမသေချင်သေးပါ။

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူလည်းသေချင်နေပါပြီ။
လုံးဝပြန်ကောင်းမလာနိုင်ပေမယ့်လည်း အိပ်ယာပေါ်ပက်လက်
အသက်မထွက်သေးတဲ့သူ့ကြောင့် မိသားစုတွေ နောက်ထပ် စိတ်ရောကိုယ်ပါ
ဒုက္ခမရောက်စေချင်တော့ပါ။ သူမ ရောက်လာရင်တော့ သူတစ်ကယ်သေဖြစ်တော့မှာပါ။
သူ့အတွက်ငိုမယ့် သူမမျက်ရည်စက်တွေဟာ သူမ သူ့ကိုတစ်ကယ်မမုန်းတဲ့
သက်သေတွေပဲမဟုတ်လား။ သူဆေးရုံတက်နေစဉ် လာကြည့် သတင်းမေးကြသော
သူ့ကိုချစ်သော သူငယ်ချင်းတွေ၊ သူကချစ်သော သူငယ်ချင်းတွေ ...
အားလုံးပင်စုံသွားခဲ့ပါပြီ။ ကျန်နေသေးသည်က သူ
မျှော်လင့်ကြီးမျှော်လင့်နေသော သူမ။ သူမ ခုထိရောက်မလာသေးပါ။ ဒါပေမယ့်
သူယုံကြည်နေတာက သူမသေခင် သူမရောက်မလာခဲ့ရင်တောင် သူ့အသုဘ မြေမကျခင်တော့
သူမ ရောက်ကိုရောက်လာမှာပါ။ ဒီယုံကြည်ချက်လေးတစ်ခုတည်းနဲ့ပဲ သူ
ရဲရဲကြီးသေပစ်လိုက်ပါတော့တယ်။
*************

( ၃ )


ဒီနေ့........
ဒီနေ့ဆိုရင် သူ့ကို အသုဘချမယ့်နေ့။ ခဏနေရင် ရေခဲတိုက်ထဲက သူ့အလောင်းကို
လာယူကြတော့မယ်။ ရေဝေးသုသာန်ရဲ့ ခန်းမဆောင် ၃ မှာ သူ့ကို
အလောင်းပြင်ကြတော့မယ်။ လူတွေသိထားကြတာက သူဆေးရုံမှာသေတဲ့နေ့ကတည်းက
ဆေးရုံရေခဲတိုက်မှတစ်ဆင့် ရေဝေးသုသာန် ရေခဲတိုက်ထဲ
ပို့လိုက်ကြတယ်ဆိုတာပါပဲ ။ သူတစ်ကယ်ရှိနေတာက သူ့အိမ်ရဲ့ အ၀င်အဝ
တံခါးပေါက်လေးနားမှာ။ အဲဒီနေရာလေးကနေ သူ့အိမ်ရှေ့လမ်းမပေါ်ကို အချိန်ပြည့်
ငေးမျှော်စောင့်ကြည့်နေတာ။ သူမ ဘယ်တော့ ရောက်လာမလဲလို့ပေါ့ ။ ဒါပေမယ့်
ခုထိ သူမရောက်မလာသေးဘူး။ သူ့မှာကလည်း သူမကို နောက်ထပ် ထပ်စောင့်နေဖို့
အချိန်မရှိတော့ဘူး။ နောက် ၁ နာရီလောက်ဆို သူ့ကို မီးသဂြိုဟ်ကြတော့မှာ။
မီးသဂြိုဟ်ပြီးသွားပြီဆိုရင်တော့ သူဆိုတဲ့ ရုပ်လောင်းကြီးလုံးဝ
ပျောက်ကွယ်သွားရတော့မှာ။ သူ့ရဲ့နောက်ဆုံးမျှော်လင့်ခြင်းဟာ သူမ သူ့အတွက်
ငိုမယ့်မျက်ရည်တွေ မဟုတ်တော့ပါဘူ။ သူမရောက်လာတာမြင်ရလျှင်ပဲ
သူကျေနပ်နိုင်ပါပြီ။

" သူမ ဘာ့ကြောင့် ခုထိရောက်မလာရသေးတာလဲ ..."
" သူမ သူ့ကို အရမ်းမုန်းသွားပြီဆိုတာ သေချာသွားပြီလား ..."
" သူမ ဘာ့ကြောင့်သူ့ကို ဒီလောက်ထိ မုန်းသွားရတာလဲ..."

သူကတော့ သူနဲ့သူမရဲ့အကြောင်းလေးတွေပြန်စဉ်းစားရင်း ခုထိ
သူမရောက်မလာခြင်းအတွက် သူငိုနေမိတာ။
တစ်ကယ်တော့ ....
သူမဆိုတာက သူ ၈တန်းကျောင်းသား ဘ၀တည်းက ခင်လာရတဲ့ သူ့ရဲ့ တစ်ဦးတည်းသော
သူငယ်ချင်းမလေးပေါ့။ တွေ့စက သူ သူမကို နည်းနည်းလေးမှ ကြည့်လို့ ရခဲ့တာ
မဟုတ်ဘူး။ ကျောင်းသားအသစ်အဖြစ် သူတို့ကျောင်းကို ရောက်လာပြီး သူနဲ့
စာသင်ခန်းတစ်ခန်းတည်းလာကျတဲ့ သူမပုံစံကိုလည်းကြည့်ဦး။ ဆံပင်ပုံစံက
သူတို့ ၈တန်းကျောင်းသားနှစ်လောက်မှာ ခေတ်စားနေတဲ့ ထိုင်းအဆိုတော်
ထုံချိုင်းကေ တိုနံ့နံ့နဲံ။ ဒါကထားတော့ ။ သူ့စိတ်နဲ့
နည်းနည်းလေးမှထောင့်မတည့်တာက သူမ ကျောင်းမှာ ထမီဝတ်တဲ့ပုံစံပါပဲ။
မိန်းခလေးဖြစ်ပြီး ထမီကို ထမီလိုမ၀တ်တာ သူကြည့်မရဆုံး ။ အမြင်ကပ်ဆုံး။
ထမီကို မိန်းမပတ်တော့ ပတ်ဝတ်ပါရဲ့။ အထက်ဆင်စကို တစ်ခြားမိန်းခလေးတွေ
ဝတ်သလို ခါးကြားထိုးဝတ်တာမဟုတ်ပဲ ဘုန်းကြီးသင်းပိုင်ဝတ်သလို လိပ်
လိပ်ချထားတာ။ ကျောင်းစည်းကမ်းအရ မိန်းခလေးတွေဝတ်ရတဲ့ ခါးတို ရင်ဖုံးအင်္ကျ
ီနဲ့၊ သူမ ထမီဝတ်ပုံ၊ သူမဆံပင်ပုံစံ၊ သူမအပြုအမူ၊ အားလုံက သူ့အတွက်တော့
လက်သီးတယားယား။ ဒါက ကျောင်းမှာတွေ့ရတဲ့ သူမပုံစံ။ ကျူရှင်တက်ရင်တွေ့ရတဲ့
သူမပုံစံက အမြဲတမ်း ယောက်ျားဝတ် ရှပ်အကျီနဲ့ မဟုတ်ရင် တီရှပ်နဲ့။ အောက်က
အမြဲတမ်းဘောင်းဘီတို ၇ှူးဖိနပ်နဲ့။ ဆောင်းတော့ လျှာထိုးဦးထုပ်၊ လွယ်တော့
ကျောပိုးအိတ်။ လမ်းလျှောက်ရင်က ဂဏာမငြိမ် မြောက်ဆွ၊မြောက်ဆွနဲ့။ လမ်းပေါ်က
ခဲလုံး၊ ရေသန့်ဘူး၊ ပြောင်းဖူးရိုး၊ စတာတွေကိုလည်း မလွတ်တမ်း အရှက်မရှိ
ဘောလုံးကန်သလို လိုက်ကန်တတ်သေးတာ။

တစ်နေ့ပေါ့....
သူကျူရှင်သွားဖို့ကားစောင့်နေတုန်း အနောက်က "ဟေ့ ကောင်... ဟေ့ကောင် "
နဲ့လှမ်းခေါ်လို့လှည့်ကြည့်မိတော့ ..

"အားပါး"
"မျောက်နာမ"

ရုပ်ကလည်းမချိုမချဉ် ရှုံ့တွတွနဲ့ ။ သူက " ဘာလဲ " လို့
ဘုတောတောလိုက်တော့မှ တစ်ပြားဖိုးလောက် အချိုးပြင်ထားတဲ့ရုပ်နဲ့ ငါ့မှာ
အဖေါ်မရှိလို့ နင်နဲ့အတူ ကျူရှင် အသွားအပြန် အဖေါ်လုပ်ချင်လို့တဲ့။
သူကြည့်မရတဲ့ဒင်းကို ဒီလောက်လွယ်လွယ်နဲ့တော့ သူ
ဘယ်လိုက်လျှောလို့ဖြစ်မလဲ။

" နင်က မိန်းခလေးပဲ"
" မိန်းခလေးအဖေါ်တွေနဲ့ အတူသွားပေါ့ "

သူက အပြတ်အသတ်ငြင်းလိုက်တော့မှ သူမမျက်နှာလေး တစ်ကယ်
ဝမ်းနည်းညှိုးငယ်သွားပြီး ပြန်ပြောလာတာ။

" သူတို့နဲ့သွားရင် ဟိုကောင်လေးက လိုက်စကားပြော .."
" ဒီကောင်လေးက လိုက်စကားပြောနဲ့ ..."
" ငါရှက်လွန်းလို့ပါဟာတဲ့ "

ဒီတစ်ခါမှာတော့ သူ သူမကို တစ်ကယ် အားနာသနားသွားမိတာ။ ဒီလိုနဲ့
သူနဲ့သူမတို့ ကျောင်းသွားကျောင်းပြန်၊ ကျူရှင်သွားကျူရှင်ပြန်
သူငယ်ချင်းတွေဖြစ်ခဲ့ကြတာ။ အရင်က သူလုံးဝကြည့်မရတဲ့သူမဆိုတာ ခုသူနဲ့
သူငယ်ချင်းတွေဖြစ်လာကြတော့မှ ပွင့်ပွင့်လင်းလင်းလေးနဲ့
တော်တော်ခင်ဖို့ကောင်းမှန်း သူသိလာရတာ။

သူတို့ ၈ တန်းအောင်ပြီး ၉ တန်းနှစ်ကျောင်းတွေပြန်ဖွင့်တဲ့နေ့ကတော့
မှတ်မှတ်ရရ သူ့ရင်ထဲ သူမ ထိုးဖေါက်တိုးဝင်လာတဲ့နေ့လေးပေါ့။
သူမကိုမြင်မြင်ခြင်း သူ့ရင်ထဲ အသက်၇ှူရပ်မတတ်ဖြစ်သွားရတာ။ သူ့ကို
အရင်ဆုံးပြုစားလိုက်တာကတော့ မိန်းခလေးပီပီသသ ဂုတ်ဝဲမရှိတရှိ
ရှည်နေပြီဖြစ်တဲ့ သူမဆံပင်ပုံစံလေး။ ထမီဝတ်ထားပုံကလည်း သေသေသပ်သပ်
ချပ်ချပ်ရပ်ရပ်။

ပြီးတော့ ....
ပြီးတော့ တစ်ကယ့်ကို မိန်းခလေးပီပီသသ အချိုးကျကျဖွံ့ထွားလာတဲ့ သူမ
ကိုယ်ခန္ဓာ အချိုးအစားလေး။

ဒူ..ဝေ..ဝေ..ဝေ....
ဒူ..ဝေ..ဝေ..ဝေ....
ဒူ..ဝေ..ဝေ..ဝေ....

သူကတော့ သူ့ဘ၀၊ သူ့ဖြစ်ရပ်တွေကိုမေ့ပြီး သူမလာမယ့်လမ်းလေးဆီငေးရင်း
သူမအကြောင်းလေးတွေ ပြန်သတိရနေတာ။
ခုဆို ....
သူ့အိမ်က အသုဘကားတွေထွက်ဖို့ ကြေးစည်တောင်တီးနေပြီ။ သူ့ မိသားစုတွေ၊
ဆွေမျိုးတွေ၊ သူ့ကိုချစ်တဲ့သူငယ်ချင်းတွေ သူ့အတွက်
မျက်ရည်ဖြိုင်ဖြိုင်ငိုနေကြပြီ။ ခဏနေရင် ရေဝေသုသာန်ကို အသုဘပို့တဲ့
လူတွေ၊ ကားတွေရောက်လာကြတော့မယ်။ ခဏနေရင် သူ့ကိုမီးသဂြိုဟ်ကြတော့မယ်။
မီးသြ၈ိုဟ်ပြီးရင် သူဆိုတာ ရုပ်လောင်းကြီးအဖြစ်တောင် သူမလာရင်ကြည့်ဖို့
ကျန်တော့မှာမဟုတ်ဘူး။ သူမရောက်လာဖို့အတွက် သူ့တစ်ဘ၀စာရှင်သန်မှုနဲ့
လောင်းကြေထပ်လို့ သူသေပြစ်ရဲခဲ့တာ။ ခုတော့ သူ့ဈာပန
နောက်ဆုံးအချိန်ထိတောင် သူမရောက်မလာတဲ့အခါ သူဟာ ဗလောင်ဆူနေတဲ့ရင်အစုံနဲ့
တမလွန်မှာ ဘယ်လိုမှ ဆက်လက်အိပ်စက်မပျော်တော့ပဲ ရေဝေးသုသာန်
အသုဘခန်းမဆောင် ၃ မှထ ဒီအက်ဆေးကိုရေးချလိုက်တော့သည် ။


( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... နေလင်းထွန်း......)

0 comments: