မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

"ရေခဲတုံးလေး"

Filed under: by: ဆည်းဆာသံစဉ်

( ၁ )
ည....
ညရောက်ပြီဆိုရင် ကျတော် ဒီချောက်နက်ကြီးထဲကို ပြုတ်ကျနေကျ။ ကူပါကယ်ပါလို့
အကူအညီတောင်းရအောင်လည်း ဘယ်သူကယ်လို့မှ ကျတော် ဒီချောက်နက်ကြီးထဲက
လွတ်မြောက်မှာ မဟုတ်ပါဘူး။ ဒီချောက်နက်ကြီးထဲ ကျတော့ကို ပစ်ချသွားသူကသာ
ကျတော့ကို ကယ်တင်နိုင်စွမ်းမယ့်သူပါ။
"အို...."
ဒါဟာလည်း ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ လတစ်စင်းကို
ရူးသွပ်နေခြင်းသက်သက်ပါ။ တစ်ကယ်ဆို ကျတော် ဒီချောက်ကြီးထဲကို
ပြုတ်ကျရအောင် သူမ ကိုယ်တိုင်ပဲ သံယောဇဉ်ကို ကြိုးဖြတ်ပစ်ခဲ့တာပဲ
မဟုတ်လား။

"ငါ...သိပ်စွဲလန်းခဲ့ရတဲ့ ... တစ်ချိန်တစ်ခါဆီက မျက်နှာလေးရယ် ...
ငါ ... နင့်ကို မမုန်းပါဘူး ...
ခုထိမေ့မရလို့ ... ငါ့ကိုယ်ငါပဲ မုန်းနေတာပါ ... "

ဒီအတွေးနဲ့ ဒီသတိရမှုက ရင်ကိုလာရိုက်ခတ်တိုင်း ရော်ရွက်ဝါလေးတွေလို အချစ်က
တဖွဲဖွဲကြွေတယ်။ ဒီအချစ်ဆိုတဲ့အရာကလည်း ခက်တော့ခက်သား။ သူမခေတဲ့အကြောင်း
အရွက်ကျရာ အပင် ထပေါက်ပြချင်နေတာ။

"လှုပ်ခုန်မနေပါနဲ့ကွယ် ....
ဘယ်လိုပဲ ... ကြိုးစား ... ကြိုးစား...
အသံမြည်လာမယ့် ရင်ခုန်သံတွေမှ မဟုတ်တာ ..."

ဒီလို သတိတရားလေးနဲ့ ကိုယ့်နှလုံးသားလေးကိုယ်နှစ်သိမ့်ရင်း ခိုင်မြဲဖို့
ဖြစ်လာတိုင်း ဖြတ်တောက်ပစ်ခဲ့ရတဲ့ သံယောဇဉ် အပိုင်းပိုင်းအစစတွေ။
ဒီသံယောဇဉ်တွေသာ ကြိုးတစ်ချောင်းအဖြစ် ခိုင်မြဲလာခဲ့ရင် ကျတော်
ဒီချောက်နက်ကြီးထဲက လွတ်မြောက်ခွင့် ရချင်ရလာမှာ။
"အို...."
ဒါလည်း မဖြစ်နိုင်ပါဘူး။ အချစ်က အရွက်ကျရာ အပင်ပေါက်ဖို့ ကြံနေရုံရှိသေး။
ကိုယ်က နောက်ထပ် လတစ်စင်းကို ရူးသွပ်လျင်နေပြန်ပြီ။

"အဝေးက ငေးမျှော်နေခွင့်ရရုံသက်သက်နဲ့ပဲ
တိမ်ညစ်မည်းတွေ မဖုံးလွှမ်းရအောင်
ဆုတောင်းနေတတ်ခဲ့ပြီ လမင်းငယ်"

ငါ ....
ည...ည ...ပြုတ်ပြုတ်ကျနေရတဲ့ အထီးကျန်ဆန်မှုချောက်ကမ်းပါးကြီးတွေ
ဘယ်လောက်နက်နက်ပါ။ ငါ့ အတွက်က ရေခဲတုံးလေးတွေ ရှိနေခဲ့ပြီပဲ မဟုတ်လား။



( ၂ )

ကျတော် ရေခဲတုံးလေးတွေနဲ့ စတင်ရင်းနှီးခွင့်ရတဲ့နေ့က
နှစ်သက်ဖါယ်စကားလေးတစ်ခွန်းရဲ့ ဆွဲဆောင်မှုနောက်ကို လိုက်သွားခဲ့မိတယ်။

"တစ်ကယ်မရောက်ခင် နတ်ပြည်အစမ်းသွားကြည့်ရအောင်ကွာ"

သူငယ်ချင်းက ဆွယ်လာတဲ့စကားလေး။ ကျတော် သိပ်သဘောကျသွားခဲ့မိတယ်။ ည..ည..
ကျတော် ပြုတ်ပြုတ်ကျနေရတဲ့ ချောက်နက်ကြီးတွေဟာ ငရဲလိုပဲမဟုတ်လား။ ခု ..
သူပြောနေတာက နတ်ပြည်။ ပြီးတော့ သူ့မှာ ပါလာတဲ့ရေခဲတုံးလေးတွေ။ ကျတော်
ရေခဲတုံးလေးတွေအပေါ် စတင်စိတ်ဝင်စားသွားမိပြီ။ သူငယ်ချင်းဖြစ်သူကတော့
ရေခဲတုံးလေးတွေအတွက် သူတစ်ယောက်တည်း ရှုပ်ယှက်ခတ်နေအောင် အလုပ်များနေတာ ။

"သူ .... ဘာတွေ လုပ်နေတာပါလိမ့်...
သူ ....ရေခဲတုံးလေးတွေကို ဘယ်လိုများ အသုံးချမှာပါလိမ့် "

သူလုပ်နေသမျှကို တစေ့တစောင်းအကဲခတ်ကြည့်တော့ သိပ်ကို
အနုပညာဆန်တဲ့အလုပ်... သိပ်ကို စိတ်ရှည်လက်ရှည်ထားပြီးလုပ်ရတဲ့အလုပ်။
ပီကယ် (GUM) လေးတွေပေါ်မှာပတ်ထားတဲ့ ငွေစက္ကူပြားလေးတွေကို စက္ကူသပ်သပ်
ငွေပြားပါးပါးလေးသပ်သပ်ဖြစ်သွားအောင် ခွာနေတာလေ။ပြီးတော့ ဆေးထိုးအပ်အရွယ်
ပိုက်လေးသေးသေးလေး ဖြစ်သွားအောင်လိပ်လိုက်ပြီး Gas မီးခြစ်လေရဲ့ gas
ထွက်ရာ ပိုက်ခေါင်းလေးမှာ ထိုးစွပ်လိုက်တာ။
"ဟာ...."
ဒါဆို ရေခဲတုံးလေးတွေဆိုတာကလည်း ကျတော် တက္ကသိုလ်ကျောင်းသားဘ၀ဆီက
နှစ်သက်ခဲ့ဖူးတဲ့ လိမ္မော်သီးလေးတွေလိုပဲနေမှာပါ ။ မိဘပိုက်ဆံ
လက်ဖြန့်တောင်းသုံးနေရတဲ့ ကျတော်တို့ ကျောင်းသားဘ၀ကပေါ့ ။ သူငယ်ချင်းတွေ
နေသာတဲ့အခါ၊ ရေလာတဲ့အခါမျိုးမှာ လိမ္မော်သီးလေးတွေ ၀ယ်စားခဲ့ကြဖူးတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျတော်တို့သိပ်ကြိုက်တဲ့
လိမ္မော်သီးလေးတွေကို တစ်ယောက်တစ်လုံးတောင် ၀၀လင်လင်မစားနိုင်ခဲ့ကြပါဘူး။
ကျတော်တို့ သိပ်ကိုနှစ်သက်ခဲ့ကြတဲ့ လိမ္မော်သီးလေးတွေဆိုတာ ကျတော်တို့
သူငယ်ချင်းတွေကြားမှာသုံးတဲ့ အခေါ်အဝေါ် သက်သက်ပါ ။ တစ်ကယ်တော့ pepsi
ပိုက်လေးထဲမှာ ဟိုဘက်ဒီဘက် မီးပိတ်ပြီး ထုပ်ထားတဲ့ လိမ္မော်ရောင်
အတုံးအခဲလေးတွေသာပဲ။

ကျတော်တို့သူငယ်ချင်းတွေစုပြီး လိမ္မော်သီးသွားစားကြတဲ့နေရာလေးကတော့
မြောက်ဒဂုံထဲက သူငယ်ချင်းတိုက်ခန်းလေးထဲမှာပေါ့ ။
အဲဒီကတည်းက ကျတော့စိတ်ထဲမှာ တိုက်ခန်းနေလူ့အသိုင်းအ၀န်းလေးကို သိပ်သဘောကျခဲ့မိတာ။
"ဟုတ်တယ်...."
တိုက်ခန်းနေ လူ့အသိုင်းအ၀ိုင်းထဲမှာက ကိုယ့်တိုက်ခန်းရဲ့
တံခါးမတစ်ချပ်ပိတ်လိုက်ပြီဆိုတာနဲ့ ပါတ်ဝန်းကျင်ဆိုတာက ကိုယ်နဲ့လုံးဝ
ပါတ်သတ်တော့တာမဟုတ်ဘူး။ ပါတ်ဝန်းကျင်က ကိုယ်နဲ့ လုံးဝမသတ်ဆိုင်တော့တဲ့အခါ
လေကကြီးဆိုတာကိုလည်း ကျတော်တို့ ကြိုက်သလို ပုံဖေါ
်ပိုင်ဆိုင်ခွင့်ရှိကြပြီမဟုတ်လား ။

အဲဒီနေရာလေးမှာ ကျတော်တို့သူငယ်ချင်းတွေစုပြီး စာရိတ္တပျက်ပြားစေတဲ့
ဆိုးဆိုးရွားရွားတွေ ဘာတစ်ခုမှ မလုပ်ခဲ့ကြပါဘူး။
ကျတော်တို့သူငယ်ချင်းတွေစုပြီး သိပ်နှစ်သက်စွဲမက်ဖွယ်ကောင်းတဲ့
လိမ္မော်သီးလေးတွေစားခဲ့ကြရုံသက်သက်ပါ။ ကျတော့စိတ်အတွေးတွေ
တစ်ချိန်တစ်ခါဆီက လိမ္မော်ရောင်အခိုးအငွေ့လေးတွေနောက်
လိုက်ပြီးပျံ့လွင့်နေမိတုန်း သူငယ်ချင်းက ...
"ဟေ့ကောင်..အဆင်သင့်ဖြစ်နေပြီ " ဆိုတော့မှ ပြန်ပြီးသတိဝင်လာတော့တယ်။

ကျတော်ဒီရောက်တော့ ဒီကောင်နဲ့ ပထမဆုံးစခင်ခဲ့တာ။ ခုမှသတိထားမိတာ
ဒီကောင်ရေခဲတုံးလေးတွေ တော်တော်နှစ်သက်ပုံရပါတယ်။
သူအဆင်သင့်ဖြစ်နေပြီဆိုတဲ့ ပစ္စည်းတွေကိုကြည့်လိုက်တော့ ...
"ကြေးဝါရောင် ရေနွေးခရားသေးသေးလေးတစ်ခု "
ရေနွေးခရားလို့သာပြောရတယ်။ တစ်ကယ်ကျတော့ ရေနွေးခရားစစ်စစ်လေးတော့
မဟုတ်ပါဘူး ။ တစ်ကယ့်ရေနွေးခရားရဲ့ ရေနွေးငှဲ့ရာ
နှုတ်သိးကောက်ကောက်လေးနေရာမှာက စင်းလုံးချော ပိုက်လေးတစ်ချောင်း ။
တစ်ကယ့်ရေနွေးခရားရဲ့ လက်ကိုင်ကွင်းနေရာမှာက အဆုံးပိုင်းမှာ
အနည်းငယ်ပြားသယောင်ယောင် နောက်ထပ် ပိုက်ရှည်ရှည်လေးတစ်ချောင်း ။
နှုတ်သီးနေရာက စင်းလုံးချောပိုက်လေးမှာတော့
ဖန်ပြွန်လေးတစ်ချောင်းထပ်စွပ်ထားလေရဲ့။
အဲဒီဖန်ပြွန်လေးရဲ့အလယ်လောက်မှာတော့ .....

"ရေခဲတုံးလေးတွေ....."
"သိပ်ကို စွဲမက်ဖွယ်ကောင်းတဲ့ ရေခဲတုံးလေးတွေ ...."

ကျတော့သူငယ်ချင်းကတော့ သူ့ရဲ့ အထူးပြုလုပ်ချက် Gasမီးခြစ်လေးကို
ခြစ်လိုက်တဲ့အခါ မီးခြစ်လေးရဲ့ Gas ထွက်ရာပိုက်ခေါင်းလေးမှာစွပ်ထားသော
ငွေပြားလိပ်ပိုက်လေးထိပ်မှာ ...

"မီးတောက်လေး ..."
"ဘယ်ကိုမှ မယိမ်းမယိုင်ပဲ တည်ငြိမ်နေတဲ့မီးတောက်လေး ..."
"သေးသေးမှ တစ်ကယ့်သေးသေးလေး ...."

ဘေးကကြည့်နေရတဲ့အမြင်မှာတော့ ငွေဖယောင်းတိုင်သေးသေးလေးထွန်းထားသလိုမျိုး
။ပြီးတော့မှ အဲဒီ မီးတောက်သေးသေးလေးနဲ့ ဖန်ပြွန်လေးထဲက ရေခဲတုံးလေးတွေကို
မီးမြှိုက်လိုက်တဲ့အခါ .... ရေခဲတုံးလေးတွေ တဖြည်းဖြည်း
အသွင်ပြောင်းလာလိုက်တာ ....

"အခဲ ... အရည် ... အငွေ့ "

တစ်ချိန်တစ်ခါဆီတုန်းက ကျတော်တို့သူငယ်ချင်းတစ်တွေ သိပ်ကိုနှစ်သက်ခဲ့တဲ့
လိမ္မော်သီးလေးတွေဆိုတာကလည်း ခုတွေ့နေရတဲ့ ရေခဲတုံးလေးတွေလိုပါပဲ ။
ဒါပေမယ့် ခုလို အခဲ.. အရည်.. အငွေ့ ..တမြည့်မြည့်
အသွင်ပြောင်းရာမှာသုံးဖို့ ဒီလိုကြေးအိုးလေးတွေရှိကြောင်းကိုတော့
ကျတော်တို့ မသိခဲ့ကြပါဘူး။ အဲဒီလောက်အဆင့်ထိတော့ ကျတော်တို့
မကျွမ်းကျင်ခဲ့ကြပါဘူး။ ကျတော်တို့ သုံးခဲ့ဖူးတာက အသားတွေ ငါးတွေ
ကင်ရာမှာ ထုပ်ပိုးအသုံးပြုတဲ့ ဘော်ငွေရောင် မီးခံပြား
အပိုင်းအစလေးတွေသာပဲ။ အဲဒီ ဘော်ငွေရောင် မီးခံပြားစလေးကို ရေတယောက်ပုံ
ခပ်ရှည်ရှည်လေးလိပ်လိုက်ပြီး လိမ္မော်ရောင်အတုံးအခဲလေးတွေတင်လို့ အောက်က
မီးစသေးသေးလေးနဲ့ မြှိုက်ပြီးသုံးခဲ့ကြတာ ။ ကျတော့ စိတ်ကူးလေးထဲမှာ
လိမ္မော်ရောင်အခိုးအငွေ့လေးတွေ တလွင့်လွင့်ရစ်ဝဲနေတုန်း ...
"အားပါး..."
ကျတော့သူငယ်ချင်းပေါ့ ... ဖန်ပြွန်လေးထဲမှာ တလူလူလွင့်ဝဲပျံတက်လာတဲ့
ရေခဲငွေ့လေးတွေကို အနည်းငယ်ပြားသယောင်ယောင်ရှိတဲ့ပိုက်လေးဆီက
တရှိုက်မက်မက် စုပ်ယူစားသုံးနေတာ။ ဖန်ပြွန်လေးထဲက ရေခဲတုံးလေးတွေကို
မီးမြှိုက်နေတဲ့လက်ကလည်း လိုသလို ရှေ့တိုးနောက်ငင်ရွေ့လျှားလို့ ။

ရေနွေးခရားလို ကြေးအိုးသေးသေးလေးထဲမှာတော့ ရေရှိမယ်ထင်ရဲ့ ။
ဖန်ပြွန်စွပ်ထားတဲ့နှုတ်သီးလေးရဲ့ဆန့်ကျင်ဘက် အနည်းငယ် ပြားသယောင်ယောင်
ပိုက်လေးဆီကနေ ရေခဲငွေ့လေးတွေကို စုပ်ယူလိုက်တိုင်း ကလုတ်..ကလုတ်နဲ့
ရေသံလေးတွေ မြည်နေတာ ။ ဒါဆို ဖန်ပြွန်လေးထဲက ရေခဲငွေ့လေးတွေကလည်း
ရေအောက်ကမ္ဘာကို ဖြတ်သန်းခဲ့ကြရမှာပေါ့။ ပြီးမှ ကျတော်တို့ အဆုပ်ဆီက
လေအိတ်လေးတွေထဲ နေရာလပ်မကျန်အောင် ဖြည့်သိပ်သိမ်းဆည်းထားရမှာ ။

ဒါဟာ... တစ်ချိန်တစ်ခါဆီက လျမ္မော်သီးလေးတွေရဲ့ကိုယ်စား ရေခဲတုံးလေးတွေ
.... ဒီရေခဲတုံးလေးတွေရဲ့ ညှို့ချက်ကနေ ရုန်းထွက်ပစ်လိုက်ဖို့ ကျတော့မှာ
သတ္တိမရှိတော့ဘူး ။

"သူငယ်ချင်း
မင်းအခုထည့်ထားတဲ့ အခဲလေးတွေကုန်ရင် ငါ့အလှည့်ကွာ ..."


( ၃ )

"အား ..."
ညည.. ကျတော် ပြုတ်ကျနေကျ ချောက်နက်ကြီးထဲ ထပ်ပြီးပြုတ်အကျ ထုံးစံပတိုင်း
လန့်ဖျပ်အော်မိခြင်းပါ။ ဒါပေမယ့် ချောက်နက်ကြီးထဲ
ဆွဲချသွားမယ့်သောကဆွဲအားတွေက ကျတော့အပေါ်မှာ အရင်ကလို
အကျိုးသတ်ရောက်မှုမရှိတော့ဘူး။ ချောက်နက်ကြီးထဲက စိတ်ကျဆူးတွေကလည်း
ကျတော့ကိုယ်မှာ စိုက်ဝင်ဆူးနစ်လာဖို့ အရင်ကလို အစွမ်းမရှိကြတော့ဘူး။
ချောက်နက်ကြီးထဲ ထုံးစံအတိုင်းပြုတ်ကျသွားရပေမယ့် ကျတော့ကိုယ်ဟာ
ဂွမ်းစလေးလို ၊ တိမ်စိုင်လေးလို ၊ လေထဲ ပေါ့ပါးလွင့်ဝဲလို့။

"ကျေးဇူးပါ ရေခဲတုံးလေးတွေရေ ..."
"ငါ့ကို နတ်ပြည်ရောက်တဲ့အထိ ဆွဲခေါ်သွားကြစမ်းပါ"

တစ်ကယ်တော့ ဒီရေခဲတုံးလေးတွေဟာ သိပ်ကို တန်ဘိုးရှိတဲ့ရေခဲတုံးလေးတွေပါ။
ဘယ်လောက်များတန်ဘိုးရှိသလဲဆိုရင် တစ်ရက်စာလုပ်အားခ အကုန်သုံးပြီး
ဝယ်တာတောင် လောက်ငှတာမဟုတ်ဘူး။ ရေခဲတုံးလေးတွေခေါ်ဆောင်ရာနောက် ကျတော်
စိတ်ရှိလက်ရှိ လိုက်ပါလွင့်မျောနေတုန်း ....

"ကြည့်စမ်း..."

ပြည့်ဝပြီးလို့ ပြန်ပြီးပိန်စပြုနေပြီဖြစ်တဲ့ လစုတ်၊ လပျက်၊ ကျတော့်
အခန်းရဲ့ ပြတင်းပေါက်လေးဆီကနေ ပြူတစ်ပြူတစ်နဲ့ သိက္ခာမရှိ ကျတော့ကို
ချောင်းကြည့်နေတာ ။

"တောက်...."

ကိုယ့်ဒေါသနဲ့ကိုယ် တက်ခေါက်လိုက်မိတာ ချောင်းကြည့်နေတဲ့လမင်းပါ
လန့်သွားတယ်ထင်ရဲ့။ ပြတင်းပေါက်လေးဆီကနေ ခပ်သွက်သွက်လေး
ခုန်တက်ပျောက်ကွယ်သွားတာ။ ပြတင်းပေါက်လေးနားသွားပြီး အပြင်ကလမင်းကို
ဒေါသတကြီး သွားကြည့်မိတော့မှ ရင်ထဲ လမင်းငယ်က တိုးဝင်ရှင်သန်လာတယ်။

"လမင်းငယ်ရယ် ..."
"ဒီအချိန် မင်းသာ ငါ့လို ကောင်းကင်ကြီးကို မော့ကြည့်ဖြစ်ခဲ့ရင်
လမင်းကြီးကို ငါမြင်နေရသလိုပဲ မင်းလည်းမြင်နေရမှာနော်"

ဒီအကြောင်းကို ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်၊ Mail
လေးတစ်စောင်လောက်ပို့ပြီးတော့ပဲဖြစ်ဖြစ် လမင်းငယ်ကို
ပြောပြခွင့်လေးရှိချင်လိုက်တာ။ ကိုယ့်မှာက
ဒီလောက်အခွင့်အရေးလေးတောင်မရှိတော့လည်း ကိုယ့်သတိရခြင်းကို
ကိုယ်တိုင်ပြန်ခေါက်သိမ်းပြီး ဖြေသိမ့်နေတတ်ခဲ့ပါပြီ။

"ငါ့အတွက်က ရေခဲတုံးလေးတွေ ရှိနေခဲ့ပြီပဲ မဟုတ်လား"


( ၄ )

"အလွမ်း..."
ဒီခေါင်းစဉ်လေးနဲ့ ထိထိမိမိ ကဗျာလေးတစ်ပုဒ်လောက်ရေးဖို့ ကြိုးစားနေတာ
အချိန်တွေ တစ်နှစ်ကျော် ကြာသွားခဲ့ပြီ။ ခုထိ ကဗျာတစ်ပုဒ်ဖြစ်လာအောင်
မရေးနိုင်ခဲ့ဘူး ။ ဒါကလည်း သိပ်တော့ မဆန်းပါဘူး။
ကိုယ့်ရင်ထဲကဖြစ်လာတဲ့အလွမ်းကိုတောင် ဘယ်ကဘာကို လွမ်းရမယ်မှန်းမသိတဲ့
အူကြောင်ကြောင် အညံ့စားတစ်ယောက်ပဲ ။ ဖြစ်နိုင်ရင်တော့
ရင်ထဲမှာရှိနေတဲ့အလွမ်းအားလုံး လမင်းငယ်ကိုသာ ပုံချပြီး
လွမ်းပစ်ချင်တာပါ။ အလွမ်းဆိုတာကလည်း တစ်နေရာရာ၊ ဒါမှမဟုတ်
တစ်ယောက်ယောက်ကို လွမ်းမယ်ဆိုရင် အချိန်အတိုင်းအတာလေးတစ်ခုတော့
ရင်းနှီးပါတ်သတ် အကျွမ်းဝင်ခဲ့ဖူးခြင်းရှိရမယ်မဟုတ်လား။

တစ်ခါတစ်လေတော့လည်း ငါနင့်ကို သတိရနေတတ်ပါတယ်ဆိုတဲ့စကားလေးထက်ပိုလို့
လမင်းငယ်အတွက် လွမ်းပိုင်ခွင့်လေးတောင်မရှိတဲ့ကျတော်ပါ။ ကျတော်
ရေခဲတုံးလေးတွေကိုပဲ မက်မက်စက်စက်နှစ်သက် ဖြေသိမ့် နေခဲ့ရတာ မှားလား။

"အလွမ်းဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကဗျာရေးဖို့ ကြိုးစားနေခဲ့တဲ့ အချိန်တွေက
တစ်နှစ်ကျော် ..."
"လမင်းငယ်ဆိုတဲ့ ကောင်မလေးနဲ့ တစ်ယောက်ကိုတစ်ယောက်
သိတယ်ဆိုရုံလေးသိခဲ့ကြတဲ့ အချိန်တွေက တစ်နှစ်ကျော် ..."

ပြန်တွေးကြည့်တော့ တစ်နှစ်ကျော်ဆိုတဲ့ အချိန်တွေဟာ မနက်ဖြန်တွေက
ဒီနေ့ဖြစ် ၊ ဒီနေ့တွေက မနေ့ဖြစ်နဲ့ ဘောင်ခတ်ထားခံရတဲ့
ပန်းချီကားတစ်ချပ်လို ပြစ်ပြစ် နှစ်နှစ် ဆေးရောင်စုံတွေပဲ။

"ပန်းချီဆိုတာက ရုပ်ရှင်မဟုတ်ဘူး ....ရုပ်သေ"

တက်လွယ်ကျလွယ်စိတ်ဓါတ်တွေက အသေ ၊ ပြောနေကျ နေ့စဉ်သုံးစကားလုံးတွေက အသေ ၊
တွေ့မြင်နေကျ အမဲ့ အပြုံးတွေက အသေ ၊ ငိုလွယ်ရယ်လွယ် ခံစားမှုတွေက အသေ ၊
ချစ်ခြင်းမုန်းခြင်းတွေက အသေ၊

တစ်ကယ်လို့များ ရေခဲတုံးလေးတွေသာမရှိရင် ကျတော်ပါ သေသွားမလားပဲ။
မနက်..မနက် .. ကိုယ်လက်အစုံ နာကျင်ကိုက်ခဲတဲ့ဝေဒနာနဲ့ နလန်ထ
လူမမာတစ်ယောက်လို နုံးချိ ပျော့ဖတ်နေရတာ ။ ရင်တွေကလည်း
တလှပ်လှပ်တုန်နေလိုက်တာ ဆောက်တည်ရာမဲ့ ရူးသွပ်သွားချင်တဲ့အထိ။

"ကျတော်သိပါတယ်"

ဒါဟာ ကျတော့ ကိုယ်ခန္ဓာမှာ ရေခဲတုံးလေးတွေလိုနေတဲ့ လက္ခဏာပါ။
နေနိုင်ပါတယ်ကွာဆိုပြီး ဆက်ပေနေလိုက်လို့ကတော့ အဖျားဝင်စလူလို
နှာရည်တရွှဲရွှဲယိုပြီး ခေါင်းတွေ ကိုက်လာရတာ။ ခုဆို
မင်းမှာလက်ကျန်ရှိသေးလားကွာဆိုပြီး ဖုန်းဆက်မေးရမယ့် သူငယ်ချင်းကလည်း
ရေခဲတုံးလေးတွေ ရောင်းဝယ်ဖေါက်ကားမှုနဲ့ပဲ အဖမ်းခံလိုက်ရပြီ။

တစ်ကယ်တော့ ရေခဲတုံးလေးတွေဆိုတာက လမင်းငယ်အတွက် အစားထိုးနှစ်သက်ခဲ့မိတဲ့
ဓားစာခံ သက်သက်လေးတွေသာပဲ ။ လမင်းငယ်ထက်ပိုလို့တော့ ကျတော် ဘယ်အရာကို
မြတ်နိုးနေရဦးမှာလဲ။ ရေခဲတုံးလေးတွေဆိုတာကလည်း ရင်ထဲက လမင်းငယ်ကို
လုံးလုံးလျှားလျှားမေ့သွားဖို့အထိတော့ အစွမ်းမထက်ကြပါဘူး။

လမင်းငယ်နဲ့ဆိုတာကလည်း မဖြစ်နိုင်တာတွေကို ဖြစ်လာဖို့ကြိုးစားရင်း
ကံအခွင့်သင့်လို့ ဖြစ်ခွင့်ရခဲ့တယ်ဆိုဦးတော့ ....
မတူညီခြင်းတွေကို ပေါင်းစပ်လိုတဲ့အဖြေဆိုတာ ပဠိပက္ခနဲ့ ပြသနာတွေပဲ
ဖြစ်နေမှာ မဟုတ်လား။

"နှုတ်ဆက်ခဲ့ပါတယ် လမင်းငယ် "


( ၅ )

ည...
ညရောက်ပြီဆိုရင်
သောကတွေက ဆွဲအားပိုလာမယ်။

ည...
ညရောက်ပြီဆိုရင်
စိတ်ကျဆူးတွေက နိုးထချွန်မြလာမယ်။

ည...
ညရောက်ပြီဆိုရင်
အထီးကျန်ဆန်ခြင်း ချောက်နက်ကြီးထဲကို ပြုတ်ကျရတော့မယ်။

ငါ...
ငါ ရေခဲတုံးလေးတွေလိုတယ်။
ရေခဲတုံးလေးတွေ မရှိတော့ဘူးဆိုရင်
အလင်းရောင်လိုတယ်။

အလင်းရောင်ဆိုတာက လမင်းငယ် ...

လမင်းငယ်ဆိုတာက မျှော်လင့်ခြင်း ...

မျှော်လင့်ခြင်းဆိုတာက
ရယူပိုင်ဆိုင်လိုမှုတွေ စိုးစဉ်းမျှ မပါတဲ့ မြတ်နိုးနေခွင့် သန့်သန့်လေးသာပဲ ။

ဒီစာတစ်ပုဒ်ရဲ့ အဆုံးသတ်အနေနဲ့တော့ ကျတော် လမင်းငယ်အတွက်
စကားလေးတစ်ခွန်းလောက် ပြောခဲ့ချင်ပါတယ် ။

"ရယူပိုင်ဆိုင်လိုမှုတွေ စိုးစဉ်းမျှမပါတဲ့
မြတ်နိုးနေခွင့်သန့်သန့်လေးဆိုတာလည်း အချစ်ပဲမဟုတ်လား လမင်းငယ် "


( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... နေလင်းထွန်း......)

0 comments: