မြို့လေးတစ်မြို့ ……ဘီလူးတစ်ကောင်စောင့်တယ်တဲ့ …. ဘီလူးကိုတော့ကြောက်တယ်ဗျာ..ဒါပေမယ့်ဘီလူးကိုတွေ့ဖူးချင်လို့ မြို့လေးကိုသွားလည်မယ်လို့ ဆုံးဖြတ်လိုက်တယ်… တားတဲ့သူတွေကဝိုင်းတားကြတယ် …ဒါပေမယ့်သူတို့မျက်နှာတွေက ပြန်လာရင်တော့သူတို့ကို ပြန်ပြောပြပါဆိုတဲ့ ပုံစံမျိုးတွေနဲ့…….
ကောင်လေး မင်းကိုလှိုက်လှည်းစွာကြိုဆိုပါ၏တဲ့ ။ ဆိုင်းဘုတ်ကြီးကလှမ်းပြောတာပါ …သူ့ပုံစံက စားသောက်ဆိုင်က ဧည့်ကြိုပုံစံလေးပါ…ကျွန်တော်ကလည်းသူ့ကိုခပ်တည်တည်ပဲပြန်ကြည့်လိုက်တယ်…စိတ်ထဲမှာတော့ပြန်ရင် ဘောနပ်စ်ပေးရအုံးမယ်လို့ တွေလိုက်မိလေရဲ့………………
မြို့အဝင် သစ်ပင်ကြီးအောက်မှာ ကလေးတွေကစားနေကြတယ်ဗျာ…. ၄နှစ်၅နှစ်သားတွေပါ …သူတို့ကစားတာကထူးဆန်းနေလို့ ခဏရပ်ကြည့်နေမိတယ်……ကောင်လေးကကောင်မလေးကို မေးတယ် …………မောင့်ကိုချစ်လားတဲ့…….ကောင်မလေးက သူ့ကိုပြန်ဖြေတယ်…..အရမ်းချစ်တယ်မောင်ရယ်တဲ့ …ကျွန်တော်အံသြသွားတယ်….ဒီအရွယ်လေးတွေကဗျာ…….သူတို့ဆက်ပြောမယ်ကြံပြီးမှ ကျွန်တော့်ကိုတွေ့သွားတယ်…… ကောင်လေးက ကျွန်တော့ကို လှည့်ကြည့်ပြီး အတွဲလာမချောင်းနဲ့ ကိုယ့်လူ …ကိုယ့်ဘာသာကိုကြိုးစားတဲ့ …ကျွန်တော်လည်းတော်တော်လေးကိုစိတ်ဆိုးသွားတယ် …ဒါပေမယ့် ကလေးတွေနဲ့ ရန်မဖြစ်ချင်လို့ လှည့်ထွက်လာလိုက်တယ်….လူကြီးတွေတော့ဘယ်လိုနေမယ်မသိဘူး….ခလေးတွေကတော့လက်စွမ်းပြနေပြီလို့တွေးလိုက်မိပါရဲ့
ဒီလိုနဲ့လမ်းဆက်လျှောက်လိုက်တာ ကြီးမားတဲ့ ဓမ္မာရုံတစ်ခုနားရောက်လာတယ် အထဲမှာလည်း လူကြီးတွေ အများကြီးပဲဗျ… သူတို့တရားဆွေးနွေးနေတာ ကိုခဏ ရပ်နားထောင်နေလိုက်တော့
ဟစ်တလာကတော့ဗျာ
ဟိုနိင်ငံ ကဒီလိုဗျို့
ကူဖီအာနန်က အသားမည်းတယ်နော်
တက်သစ်စမင်းသမီးလေးအကြောင်းသိပြီးပြီလား ကျောင်းဒကာရေတဲ့….သြော် ဒုက္ခ ဒုက္ခ
ဘာမှကိုနားမလည်လိုက်ပါဘူး…..ဒီလိုငေးကြည့်နေတုန်း ရှေ့မှာ ဘွားခနဲ့ဆို နတ်တစ်ပါးပေါ်လာတယ် …ကျွန်တော်လန့်သွားတာပဲ…သူကပြုံးပြုံးလေးကြည့် ရင်းနှတ်ဆက်တယ်
မလန့်ပါနဲ့ကွ….ငါက ဒုတိယလက်ထောက်စမ္မာရုံစောင့်နတ်ပါ
ဟင်….ဓမ္မာရုံစောင့်နတ်က ဘယ်နှစ်ပါးတောင်လည်း
ကုသိုလ်ကောင်းမှူလုပ်တဲ့သူတွေများလာလို့ ဘုံဗိမ္မာန်ပေးဖို့ကနေရာမရှိတော့ဘူးလေ
ဒါကြောင့် ငါတို့ဓမ္မာရုံမှာတင် ဓမ္မာရူံစောင့်နတ် ရာထူး ၁၀ ခုနဲ့ နတ် ၁၀ ပါးရှိတယ်ကွ
အမှန်ဆို ငါက ဓမ္မာရုံစောင့်နတ်ကြီးဖြစ်သင့်တာပါကွာတဲ့…သူ့မျက်နှာက တစ်ခုခုကို မကြေနပ်နေသလိုပါပဲ…ကျွန်တော်ကစကားဖြတ်တဲ့အနေနဲ့မေးလိုက်တယ်
ဒါဆိုတခြားနတ်မင်းတွေကရောဗျာ
ရှိတယ်ကွ …. သူတို့တွေ ဖဲရိုက်နေလို့
ဗျာ………………………………………………………………..
………………………………………။…………………………………………………..
ကျွန်တော် အသာလေးလစ်ထွက်လာခဲ့ရတယ်….သူ့ပုံစံက ၃၁ဘုံရှိသမျှနတ်တွေအကြောင်း အကုန်ပြောပြမယ့်ပုံစံမျိုး… တော်တော်လေးလျှောက်လာတော့ ဈေးတန်းတစ်ခုကိုတွေ့လေရဲ့ ………………..
ငါးဝယ်နေတဲ့သူနဲ့ငါးရောင်းနေတဲ့သူအပြန်အလှန်စကားပြောနေတာကိုနားထောင်မိလိုက်တယ်…ငါးရောင်းနေတဲ့မိန်းမကြီး က အလေးသေးသေးလေးတစ်တုန်း ကိုကိုင် ပြီး ပြောနေတယ် တစ်ပိဿာ အပြည့်ပါတယ် အလေးမခိုးပါဘူးနဲ့ …ဝယ်တဲ့မိန်းမကလည်း ငါးဆယ်ကောင်လောက်ကိုကိုင်ပြီးပြောနေတယ် … ဒါလေးတော့အဆစ်ပေးပါ…အဆစ်ထည့်ပေးပါနဲ့
သူတို့ပြောပုံက စာအုပ်ထဲက သင်ရိုးညွှန်းတမ်းတွေကို အလွတ်ကျက်ထား တဲ့ ကျောင်းသားတွေလိုပါပဲ….ဈေးသည်မကြီးက ကျွန်တော့်ကို တွေ့သွားပြီး လှမ်းမေးတယ် ကောင်လေး ငါးတွေဝယ်သွားအုံးမလားတဲ့ …အလေးပြည့်တယ် အဆစ်တွေအများကြီးပေးမယ်တဲ့ ….ကျွန်တော်က ခေါင်းခါပြလိုက်တယ် ဟုတ်တယ်လေ ကွမ်းသီးလုံးလောက် အလေးနဲ့ တစ်ပိဿာ ပြောရောင်းနေတာ ကို ဘယ်လို အဆစ်ပေးအုံးမှာလည်းလို့ စိတ်ထဲမှာတွေးမိနေပါရဲ့….
ဒီလိုနဲ့ ဈေးကိုကျော်လာပြီး မြို့ထဲကို လျှောက်နေမိတယ်ဗျာ … မြို့ လေးမှာကြေငြာဆိုင်းဘုတ်တွေအများကြီးပဲ …
ဆရာ ဂုရု မတတ်မချင်းရိုက်သင်သည်
ဆရာ ပေါက်စ တပည့်များနှင့်ပျော်ရွှင်စွာ ပေါင်းသင်းသည်
ဟိုတယ်မှထမင်းများမှာကြွေးမည် … မေးခွန်းထုတ်ပေးမည် စတာတွေပဲများတယ်ဗျာ
ဗေဒင်ကြေငြာတွေကလည်းအများကြီးပဲ
ဇာတာစစ်ပေးသည် ..ယတြာခြေပေးသည် တစ်ကိုယ်လုံးစစ်ပေးသည် စုံနေတာပဲ….
လိုက်ကြည့်နေရင်းနဲ့ ဗိုက်ကဆာလာတာနဲ့ ဆိုင်ကြီးကြီးတစ်ဆိုင်ကိုဝင်ထိုင်လိုက်တယ်ဗျာ
ဆိုင်ကြီးကတော်တော်ခန်းနားတာပါ … ကောင်မလေးတွေက အတင်းထွက်ကြိုကြတယ် ဗျ……..ဆိုင်ထဲမှာလည်း စတိတ်စဉ်ပေါ်မှာ ကောင်မလေးတွေသီချင်းဆိုပြီးဖျော်ဖြေနေတာ ဗျာ မြိုင်ဆိုင်နေတာပဲ ….
ဝိတ်တာလေးတစ်ယောက်ကအနားတိုးလာပြီးမေးတယ် .. ဆရာဘာသုံးဆောင်မလည်းတဲ့ ကျွန်တော်လည်း ထမင်းကြော်တစ်ပွဲမှာလိုက်တယ် …….သူက menu စာအုပ်အကြီးကြီး ပေးတယ်ဗျ .. အထဲမှာ ထမင်းကြော်နာမည်တွေအများကြီးပဲ ….အမေရိကန်ထမင်းကြော် .. ပီကင်းထမင်းကြော် … အိန္ဒိယ မှ ဘာဘူကြီးကြော်သော ထမင်းကြော် ..အများကြီးပဲဗျ …ကျွန်တော်မြန်မာထမင်းကြော်မှာလိုက်တော့မရှိဘူးဗျာ….ဒါနဲ့ပဲအဆင်ပြေတာလေးချပေးပါလို့မှာလိုက်ရတယ်
…စတိတ်စဉ်ပေါ်ကကောင်မလေးတွေကတော့ဗျာ ငါ့အသည်းကိုမြန်မြန်ခွဲပါ .. ပန်းကုံးတွေများများစွပ်ပါဆိုတာတွေကို အပြိုင်အဆိုင် အော်နေကြတယ် ဗျ…..ခဏကြာတော့မှာထားတဲ့ ထမင်းကြော်ရောက်လာတယ်ဗျာ… ပန်းကန်လေးသေးသေးလေးမှာ အသားတုံးသေးသေးလေးနဲ့ လာချပေးသွားတယ်ဗျာ.. ပြီးတော့ ပန်းကုံးယူအုံးမလားဆရာတဲ့….ခေါင်းလေးခါပြလိုက်တော့လူကိုလှည့်တောင်မကြည့်တော့ဘူး…ကျွန်တော်လည်းထမင်းကြော်ကို မြန်မြန်လေးစားရင် ဘေလ်တောင်းလိုက်တယ် ………….လင်ဗန်းကြီးထဲမျာဘေလ်တစ်ထပ်ကြီးကိုင်ပြီး စာပွဲထိုးလေးတစ်ယောက်က လာပေးတယ်ဗျာ .. ကျွန်တော် မျက်လုံးပြူးသွားတယ် ထမင်းကြော်တစ်ပွဲကို ဂဏာန်း ၅ လုံးပေးလိုက်ရတယ်….ပြီးတော့ ထမင်းကြော်က အိမ်က ထမင်းဆီဆမ်းလောက်တောင်မကောင်းဘူး…သြော်သူ့မြို့ပဲ …ဘာမှမပြောတော့ပါဘူး ကျသမျှကိုထုတ်ပေးလိုက်ပါတယ် .. ဆိုင်ထဲမှာတော့ မမြင်ရတဲ့ အငွေ့တွေ ပြည့်နှက်နေလို့…မှော်ဆရာတစ်ယောက်ရဲ့ရယ် သံကိုလည်းသဲ့သဲ့ ကြားလိုက်မိပါရဲ့
ဆိုင်အပြင်ထွက်လိုက်တော့ ဘူဇွာရုပ်ပေါက်နေတဲ့ ဗိုက်ရွဲရွဲ လူဝကြီးတစ်ယောက်က သူ့ဘေးနားကကောင်မလေးတစ်ယောက်ကို ပြောနေတာ နားစွန်နားဖျားကြားလိုက်ရတယ် ..ဒီမြို့မှာမင်းတို့ဆိုင်ကအရသာအရှိဆုံးပဲတဲ့…..
ကျွန်တော်လည်းစိတ်ရှုပ်တာနဲ့ ပြန်ဖို့ဆုံးဖြတ်လိုက်တယ် …ဒီလိုနဲ့ စောစော ကကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်နားရောက်လာတယ်….ဆိုင်းဘုတ်နားမှာ ထူးခြားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်ဗျ…..ဆိုင်းဘုတ် ကြီးနဲ့စကားပြောနေတာ…သူ့ကိုမြင်တော့ဘီလူးဆိုတာကိုသိလိုက်တယ်….ဒါနဲ့မေးလိုက်တယ်ဗျာ ….ခင်ဗျားမြို့ထဲမှာမစောင့်ပဲ ဒီမှာဘာလုပ်နေတာလည်းလို့…..သူကစိတ်ပျက်တဲ့လေသံလေးနဲ့ပြန်ပြောတယ် ဗျာ…မြို့ထဲကလူတွေကိုကြောက်လို့ အပြင်မှာထွက်ရှောင်နေတာပါတဲ့………ကျွန်တော်သူ့ကိုနားလည်ပေးလိုက်ပါတယ်………………………………
.ဆိုင်းဘုတ်ကြီးကကျွန်တော့်ကို လှမ်းပြောလိုက်တယ်…
ကောင်လေးရေ နှတ်ခွန်းဆက်သပါ၏တဲ့……………………………..
{နှောင်းဝဿန်}
စိန်ဂေါ်လီတစ်ယောက် – ၂ (စိုင်းဝင်းမြင့်)
7 years ago
2 comments:
အထွန်း ဒီစာကောင်းတယ်ဗျာ။ ဒီစာကိုဖတ်တော့ တာရာမင်းဝေရဲ့စာတွေကိုလည်းအမှတ်ရမိတယ်။ ဟုတ်တယ် ဒီစာဟာ မထင်လောက်အောင်ကို ကောင်းနေခဲ့တယ်ဆိုတာ ဝန်ခံသွားပါကြောင်း။
မဆိုးပါဘူး .... blog တော်တော်များများမှာ ဒါမျိုး Title လေးတွေနဲ့ရေးကြတာတွေဖူးတယ်... ရေးသမျှ တော်တော်များများလည်းကောင်းပါတယ်...အဲလို ကိုယ်တိုင်ဖန်တီးမှုလေးတွေ များများဖတ်ချင်ပါတယ်...