မင်္ဂလာပါခင်ဗျာ..လာရောက်လည်ပတ်သူများကို ဆည်းဆာသံစဉ်မှ ၀မ်းမြောက်လို့  ၀မ်းသာစွာ ကြိုဆိုပါတယ်...။

ဂြိုဟ်ဝင်နေ့

Filed under: by: ဆည်းဆာသံစဉ်

သီချင်းတွေကို ၀တ္ထုဖတ်သလို ဖတ်ကြည့်ပါလားဆိုတဲ့ အရိုးရဲ့ သီချင်းတစ်ပုဒ်ကို ကျတော်က အက်ဆေးသဘောမျိုးနဲ့ ပြန်ပြီးရေးထားတာပါ...။


"ဂြိုဟ်ဝင်နေ့"


(၁)
အိမ်လေးတစ်လုံးဖြစ်သည်။
ထိုအိမ်လေးသည် ထောင်ဟုခေါ်သော အိမ်ထောင်လေးလည်းဖြစ်သည် ။
ထိုအိမ်လေးထဲတွင် အသစ်စက်စက်စုံတွဲလေး ထောင်ကျနေခဲ့သည်မှာ နှစ်ဝက်နီးပါးမျှကြာခဲ့ပြီဖြစ်သည် ။
စိတ်တူကိုယ်တူ ကျခဲ့သော ထောင်လေးဖြစ်၍ နှစ်သက်မြတ်နိုးမှုတို့ဖြင့် သာယာနေခဲ့သည် ။

(၂)

ဒူးလေးတစ်လက်ဖြစ်သည် ။
ထိုဒူးလေးသည် ယိုးဒယားမှ မှောင်ခိုဝင်လာသော ခါးချိုးမောင်းတင် ဒူးလေးတစ်လက်ဖြစ်သည် ။
အိမ်လေး၏ ဧည့်ခန်းနံရံပေါ်တွင် သေသပ်လှပစွာ နေရာယူထားသော ဒူးလေးတစ်လက်သည် လက်ဆောင်အဖြစ်ရောက်လာခြင်းဖြစ်သည် ။
လက်ဆောင်ပေးလာသူမှာ နိုင်ငံခြားမှပြန်လာသော neck-tie ခေါ် ကြောင်ရှာသီးဖြစ်သည် ။
သူ၏ ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးတတ်သော ၀ါသနာလေးအား မေ့မသွားပဲ တကူးတကရှာဖွေ၍ လက်ဆောင်ပေးလာခြင်းဖြစ်သည် ။
ထို့ကြောင့်ပင် သူငယ်ချင်းဖြစ်သူ ကြောင်ရှာသီးအား သူ လုံးလုံးလျှားလျှား စိတ်ချယုံကြည်သွားတော့သည် ။
ထို့ကြောင့် ဆုတစ်ခုအတွက် သူနိုင်ကိုယ်နိုင် အပြိုင်ကျဲခဲ့သော အတိတ်ဆီမှ သူတို့၏ဇာတ်လမ်းလေးသည် သူ့အသိတရားတွင် လုံးဝ ပြည်ဖုံးကားချသွားပြီဖြစ်သည် ။

( ၃ )

အိပ်ခန်းလေးတစ်ခန်းဖြစ်သည် ။
သေသေချာချာပြောရသော် အိမ်ထောင်လေးထဲရှိ အိပ်ခန်းလေးဖြစ်သည် ။
ထိုအိပ်ခန်းလေးထဲမှ စုံတွဲလေးသည် သူတို့အိမ်ထောင်မကျမီက ဇာတ်လမ်းလေးအား သတိတရ နောက်ကြောင်းပြန်ပြောဆိုနေကြသည် ။
ထိုဇာတ်လမ်းလေးသည် သူငယ်ချင်းသုံးယောက်ရှိလေသည်ဟူသော ဖြစ်ရိုးထုံးစံ ဇာတ်လမ်းလေးမျှသာ ။
သို့သော် ကြောင်ရှာသီးမှာ ထိုဇာတ်လမ်းလေးထဲမှ ဇာတ်ပို့ ဇာတ်ရံနေရာရောက်သွားရသူဖြစ်သည် ။
သူ ဆုလေးကို ယောက်ျားသ၀န်တိုစိတ်ဖြင့် စကားလေးတစ်ခွန်း မေးဖြစ်ခဲ့သည် ။
" ခု ဒီကောင်တော်တော် ကော်နေတာတွေ့တော့ မောင့်ကိုရွေးခဲ့မိတာ နောင်တမရဘူးလား "
" သူ နိုင်ငံခြားသွားမှာ သိသားပဲ "
" သူ့ကို ချစ်လို့မှ မရတာ "
ဆိုသော ဆုလေး၏အဖြေ မခို့တရို့မျက်နှာပေးလေးနှင့် သူ၏ ရင်ခွင်ထဲတိုးဝင်လာသောအခါ မြတ်နိုးမှုတို့ဖြင့် အသက်ဝင်လာသောအနမ်းတွေ အခန်းလေးထဲ တိတ်ဆိတ်သွားကြသည် ။

( ၄ )

ကြောပိုးအိတ်လေးတစ်လုံးဖြစ်သည် ။
နယ်ကုပ္ပဏီခွဲအတွက် ခေတ္တသွားရောက်ဦးစီးရန် တာဝန်ပေးခြင်းခံရ၍ ခရီးသွားရန်ပြင်ဆင်နေရသည် ။
ဒီအလုပ်လေးဖြင့်သာ အိမ်ထောင်လေးတစ်လုံး ကြိုးစားတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သောကြောင့် ငြင်းဆိုဖို့ရာကလည်း မဖြစ်နိုင်ပြီ။
" ဘယ်လောက်တောင်ကြာမှာလဲ မောင် "
ဆုလေးမှ စိတ်မချဟန်လေးနှင့် ငြိုငြိုငြင်ငြင်လေးမေးလာသည် ။
" တစ်ပါတ်လောက်ပဲကြာမှာပါ "
ထိုစကားလေးကိုသာပြောပြီး ဆုလေးနှဖူးထက် အနမ်းပေးနှစ်သိမ့်ရင်း ကျောပိုးအိတ်လေးနှုတ်ဆက်ထွက်ခွာခဲ့သည် ။
ဒီလိုနှင့် ခဏပြန်ရောက်လာလိုက် ခဏပြန်ထွက်သွားလိုက်ဖြင့် ကျောပိုးအိတ်လေး ခရီးများနေရတော့သည် ။

( ၅ )


ကုပ္ပဏီရုံးခန်းလေးထဲတွင်ဖြစ်သည် ။
အခုတလော ကျောပိုးအိတ်လေးတွင် ဘာတွေလေးလံနေမှန်းမသိပဲ အလိုလိုလေးလံနေရသည် ။
မိသားစုအကြောင်းစဉ်းစားပြန်တော့လည်း မိသားစုအားလုံး အဆင်ပြေပြေ ကျန်းမာကြသည် ။
ဆုလေးအကြောင်း စဉ်းစားပြန်တော့လည်း သူ၏ဆုလေးသည် သူ့နံရိုးတစ်ချောင်းဖြင့် ဘုရားသခင်ဖန်ဆင်းပေးထားသော သူ့ကိုယ်ခွဲစစ်လေးဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ပြီးသား.. ။
ကိုယ်တိုင်တွင် အလုပ်ပင်ပန်းနွမ်းနယ်မှုကြောင့်လားဆိုတော့လည်း မဟုတ်ပါ ။
မမြင်နိုင်သော အကုသိုလ်တရား၏တွဲခိုလာမှုသည် စိတ်တွင်လာရောက်လေးလံနေရသည် ။
သူ ရုတ်တရက် စိတ်ကူးပေါ်လာကာ ဆုလေးထံ ဖုန်းခေါ်လိုက်တော့သည် ။
သို့သော် ဖုန်းကိုင်မည့်သူ မရှိသောကြောင့် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည် ။
သူဦးစီးနေရသောကုပ္ပဏီလေးသည် နယ်တွင်ဟုဆိုသော်လည်း ရန်ကုန်နှင့် ကားစီးချိန် ၃ နာရီလောက်သာကြာသော ခရီးအကွာအဝေးလေးဖြစ်သည် ။
သူအိမ်ပြန်မည် ။

( ၆ )

အိမ်ခြံဝင်းတံခါးဝတွင်ဖြစ်သည် ။
မထင်မှတ်စွာတွေ့လိုက်ရသည်က ခြံဝန်းထဲမှ ကားလေးတစ်စီး ။
ထိုကားလေးသည် ကြောင်ရှာသီး၏ကားဖြစ်သောကြောင့် ဒီကောင်ဘာလို့ရောက်နေတာလဲဟူသောအတွေးလေးဖြင့် စေ့ရုံသာပိတ်ထားသော တံခါးလေးအား သူအသာတွန်းဖွင့်ဝင်ခဲ့သည် ။

( ၇ )

ဧည့်ခန်းလေးထဲတွင်ဖြစ်သည် ။
သောက်လက်စအေးစက်နေပြီဖြစ်သော ကော်ဖီခွက်နှင့် ငါးသုံးလုံးစီးကရက်တိုများက သူ့အား ခရီးဦးကြိုပြုနေကြသည် ။
သူ့စိတ်တို့ ပို၍လေးလံသွားရသည် ။
သူ၏နံရိုးစစ်စစ်လေးဟုယုံကြည်ထားသောဆုလေး ...ပြီးတော့ ကြောင်ရှာသီး ... သူတို့ ဘယ်ရောက်နေကြပါလိမ့် ။
သူတစ်ယောက်တည်း စိတ်ကယောက်ကရက်အတွေးခေါင်နေစဉ် အပေါ်ထပ်အခန်းလေးဆီမှ ရယ်သံလွင်လွင်လေးတစ်ချို့အား သူ နားနှင့်ဆတ်ဆတ်ကြားလိုက်ရသည် ။
ထိုတဒင်္ဂလေးအတွင်း၌ပင် သူ၏တင်းမာသွားသောမျက်နှာ အေးစက်သွားသော ခန္ဓာနှင့် သူ့မျက်ဝန်းအစုံတို့သည် ဧည့်ခန်းနံရံလေးထက်မှ ဒူးလေးတစ်လက်ဆီသို့ ပြေးကပ်သွားကြပြီ ။
အချိန်နေ၀င်ရီတရောလေး သွေးဆာနေသည် ။

( ၈ )

အပေါ်ထပ်အခန်းလေးရှေ့တွင်ဖြစ်သည် ။
သူ၏လက်ထဲတွင် အသင့်မောင်းတင်ထားသော ဒူးလေးတစ်လက်နှင့် သူခြေဖွနင်းရင်းတက်လာသော လှေခါးအဆုံး အိပ်ခန်းလေးထဲတွင် တွေ့လိုက်ရသောမြင်ကွင်းကြောင့် အချိန် စက္ကန့် သုံးရာကြာလောက် သူလောကကြီးအား မေ့လျှော့သွားရသည် ။
အခန်းတံခါးလေးစေ့ပိတ်ထားဖို့ပင် သတိမရနိုင်အောင် အရှက်သိက္ခာမဲ့နေသူနှစ်ယောက်မှာတော့ ကံဆိုးစွာပင် သူ့ကို မမြင်နိုင်ကြပေ။
အလွန်တရာနာကျင်သောခံစားချက်တစ်ခုက သူ့ရင်ထဲမှ တွန်းကန်ပွင့်ထွက်လာသည် ။
ထိုခံစားချက်၏စေ့ဆော်မှုကြောင့်ပင် သူ့လက်တစ်ဖက် ဆန့်တန်းမြောက်တက်လာသည် ။
ပြီးနောက်သူ့လက်ထဲတွင် အသင့်ကိုင်ထားသော ဒူလေးတစ်လက်ဆီမှ လေးညှို့လွှတ်သံတစ်ချက် ပြင်းပြင်းထန်ထန်မြည်ဟီးသွားတော့သည် ။
သားကောင်မှာ ရုတ်တရက် အံ့သြမှုနှင့်အတူ သွေးပျက်ထိတ်လန့်နေသောမျက်နှာနှင့် စကားပြောဖို့ကြိုးစားသည်ပင် ပွက်ကနဲ ပွက်ကနဲ သွေးတွေက ပါးစပ်ဆီမှ တရစပ်လျှံကျလာသည် ။
သူပြောလိုသော စကားလေးကိုပင် ဆုံးအောင်မပြောနိုင်ရှာပဲ ကြောင်ရှာသီးခဗျာ သွေးအလိမ်းလိမ်းဖြင့် ကြမ်းပြင်ပေါ် ကြွေကျသွားတော့သည် ။
ဝှစ်ကနဲ မြည်သံလေးတစ်ချက်နှင့် ချွန်မြလွန်းသောအကုသိုလ်တရား၏ လျှင်မြန်မှုတွင် နောင်တတရားတို့ နောက်ကျခဲ့ရပြီ ။
သူဆုံးဖြတ်ချက်တစ်ခုနှင့် ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်ခေါ်ယူလိုက်သည် ။

( ၉ )

ခြံဝန်းလေးထဲတွင်ဖြစ်သည် ။
ရပ်ကွက်တစ်ခုလုံး ဆူညံသွားအောင် မောင်းဝင်လာသော ၀ါယာလက်ကားသံတို့ သူ့အိမ်ရှေ့လေးတွင်ရပ်တန့်သွားကြသည် ။
သူကြည့်လိုက်တော့ ၀ါယာလက်မီတန်းလေးတင်ထားသော ကားငယ်နှစ်စီး ပြီးနောက် အပြာရောင် သံသေတ္ကာကြီးတစ်လုံးတင်ထားသော ကားခပ်ကြီးကြီးတစ်စီးတွေ့ရသည် ။
ထို အပြာရောင်ံသေတ္ကာကြီးတွင် ပြတင်းပေါက်ဟု ခေါ်ရမည်လားမပြောတတ်သော အပေါက်ကလေးတွေကိုပင် သံဇကာတစ်ထပ် သံတိုင်တစ်ထပ် နှင့်သေချာစွာပိတ်ထားသေးသည် ။
ထိုခဏလေးမှာပင် ၀ါယာလက်ကားငယ်လေးနှစ်စီးပေါ်မှ ကာကီရောင်ဝတ်စုံဝတ်ထားသော လူလေးယောက်ဆင်းလာပြီး သူ့လက်နှစ်ဖက်၏လွပ်လပ်နေခွင့်အား သော့ခတ်ပြစ်လိုက်ကြသည် ။
ပြီးနောက် သူ့အားတံခါးအသင့်ဖွင့်ထားသော အပြာရောင်သေတ္ကာကြီးဆီသို့ ဆွဲခေါ်သွားကြသည် ။
သူ ထိုသေတ္ကာကြီးထဲဝင်ရတော့မည် ။
သူထိုအပြာရောင်သေတ္ကာကြီးထဲမ၀င်မီ သူ၏ဆုလေးကဲ့သို့ အရပ်ရှည်သော .. ဆံပင်ရှည်သော .. အသားဖြူသော ..ယခုထိတိုင် သွေးဆုတ်ဖြူဖတ်နေသော ဆုလေးမဟုတ်သည့် မျက်နှာလေးအား တစ်ချက်စေ့စေ့ကြည့်မိသည် ။
သူမသည် ကြောင်ရှာသီး၏ကောင်မလေးဖြစ်သည် .
ဆုလေး၏အမေသည် သည်မနက်တွင်မှ ရုတ်တရက်ဆေးရုံတင်လိုက်ရခြင်းဖြစ်သည် ။
ထို့ကြောင့် သူမနှင့်ကြောင်ရှာသီးအား အိမ်စောင့်လာနေပေးပါရန် ဆုလေးမှ ဖုန်းဆက်အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း ...
သူမ၏ ကတုန်ကရင် ကြောက်ရွံ့စွာရှင်းပြလာသော စကားများအား သူ ဆုံးအောင်ဆက်၍နားထောင်နိုင်စွမ်းမရှိတော့ပါ ။
သူ အပြာရောင်သေတ္ကာကြီးထဲမ၀င်မီ စာရွက်ခေါက်လေးတစ်ခု လှမ်းပေးရင် သူမကို စကားလေးတစ်ခွန်းပြောဖြစ်လိုက်သည် ။
" ခဏနေရင် မင်း ဆုလေးနဲ့ ငါ့မိဘတွေဆီ အကြောင်းကြားလိုက် "

( ၁၀ )

အပြာရောင်သေတ္ကာကြီးသယ်ဆောင်ရာ လိုက်ပါသွားရပြီဖြစ်သော သူ့ရင်ထဲတွင် စကားလေးတစ်ခွန်းရှိနေသည် ။
" လက်နက်တစ်ခုခုပေါ့ဗျာ ... ဖြစ်နိုင်ရင် ဒုတ် .. ဓားကအစ အိမ်မှာဆောင်ထားတတ်တဲ့ ၀ါသနာနဲ့ဗီဇ ခင်ဗျားတို့မှာ မရှိကြပါနဲ့ဗျာ "
ထိုစကားလေးသည် တစ်လောကလုံးရှိ သူလို လူသားယောက်ျားအားလုံးအတွက် သူ့ရင်ထဲမှ အထပ်ထပ်ပြောနေမိသော စကားလေးသာ ဖြစ်တော့သည် ။
ချွန်မြလွန်းသော အကုသိုလ်တရား၏လျှင်မြန်မှုတွင် အလွန်တရာနောက်ကျခဲ့ရပြီဖြစ်သော နောင်တ တရား၏အခန်းကျဉ်းလေးထဲ၌ နှစ်ပေါင်းအတော်ကြာ ပင်ပန်းခဲခက်စွာ သူနေထိုင်ရှင်သန်ရတော့မည် ။

( အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျှက်..... ဝေမင်း......)

4 comments:

On June 16, 2009 at 11:50 PM , Anonymous said...

သီချင်းလေးပါ တင်ပေးထားရင် ပိုကောင်းမယ်ဗျာ နားထောင်ရတာပေါ့

 
On June 18, 2009 at 12:38 PM , ချစ်ပါးလုံး said...

အင်းမိုက်တယ်။ ဟုတ်ပ အဲ့သီချင်းလေးနားထောင်ရရင် ဂွတ်မယ်နော်။ ပျော်ရွှင်ပါစေ ညီမလေး ပါးလုံး

 
On June 22, 2009 at 6:52 AM , ဂျပန်ကောင်လေး said...

အိုး..ကောင်းလိုက်တာဗျာ.. တကယ်ကို
နှစ်မြောသွားတယ်..

 
On June 25, 2009 at 3:34 PM , mgnge said...

တကယ် ရင်ထဲမှာတစ်မျိုးကြီးဖြစ်သွားတယ်...။

ဘယ်လို ခံစားချက်မှန်းတောင်မသိလိုက် ဘူးး